Home သတင်း မြဝတီ-ကော့ကရိတ်အာရှလမ်းနှင့် မြဝတီ-ဝေါ်လေလမ်းအား အသုံးပြုမှုယာယီရပ်ဆိုင်းထားရန် ပြည်သူများကို KNU မေတ္တာရပ်ခံ

မြဝတီ-ကော့ကရိတ်အာရှလမ်းနှင့် မြဝတီ-ဝေါ်လေလမ်းအား အသုံးပြုမှုယာယီရပ်ဆိုင်းထားရန် ပြည်သူများကို KNU မေတ္တာရပ်ခံ

1546

မတ်လ ၂၆ ရက်၊ ၂၀၂၂ ခုနှစ်။ ကေအိုင်စီ

ယခုရက်ပိုင်းအတွင်း စစ်ကောင်စီတပ်မှ အရပ်သားအသွင်ယူ၍ KNU တပ်မဟာ (၆) နယ်မြေအတွင်းသို့ အင်အားတိုးချဲ့ ပို့ဆောင်မှုများရှိနေ၍ ပြည်သူများအနေဖြင့် မြဝတီ-ကော့ကရိတ်အာရှလမ်းနှင့် မြဝတီ-ဝေါ်လေ လမ်းပိုင်းအား မတ်လ ၂၇ ရက်နေ့မှစ၍ အသုံးပြုမှု ယာယီရပ်ဆိုင်းထားရန် KNLA တပ်မဟာ (၆) တပ်ရင်းတပ်ဖွဲ့များနှင့် ဒူးပလာယာခရိုင် အုပ်ချုပ်ရေးအဖွဲ့က မေတ္တာရပ်ခံစာ ထုတ်ပြန်ထားကြောင်း သိရသည်။

ယနေ့ မတ်လ ၂၆ ရက် နေ့စွဲဖြင့် ထုတ်ပြန်ထားသော အဆိုပါထုတ်ပြန်စာတွင် ယခင်နှစ် ဒီဇင်ဘာ ၁၅ ရက်နေ့ကစ၍ ၃ လကျော်ကြာ ဖြစ်ပွားလျက်ရှိသော မြဝတီတောင်ပိုင်းလေးကေကော်ဒေသတိုက်ပွဲဂယက်ကြောင့် နေအိမ်စွန့်ခွာ တိမ်းရှောင်နေရသည့် ဒေသခံပြည်သူများ အေးချမ်းစွာ ပြန်လည်နေထိုင်နိုင်ရေးအတွက် ယင်းနေရာများတွင် တပ်စွဲထားသော စစ်ကောင်စီတပ်များ(၃)ရက်အတွင်း ဆုတ်ခွာပေးရန် KNU မှ မတ်လ ၇ ရက်နေ့စွဲဖြင့် စစ်ကောင်စီ အရှေ့တောင်တိုင်းစစ်ဌာနချုပ်သို့ စာပို့ အကြောင်းကြားထားသည်။

သို့သော်လည်း မတ်လ ၁၀ ရက်နေ့တွင် စစ်ကောင်စီတပ်မှလေးကေကော်ဒေသအား လေယာဉ်များဖြင့် ပစ်ခတ်မှုများအပြင် လက်နက်ကြီး လက် နက်ငယ်များဖြင့် မြေပြင်တွင် ထိုးစစ်ဆင်သည့် အခြေအနေများရှိခဲ့ပြီး လက်ရှိတွင် စစ်ကောင်စီတပ်များမှ မြဝတီ-ကော့ကရိတ် အာရှလမ်းနှင့် မြဝတီ-ဝေါ်လေ လမ်းပိုင်းတို့အား အသုံးပြုကာ ဒူးပလာယာခရိုင် KNU တပ်မဟာ ၆ နယ်မြေအတွင်းသို့ တပ်အင်အား စေလွှတ်လျက်ရှိသည်။

ထိုသို့သော အခြေအနေမှာ KNLA တပ်မဟာ ၆ နှင့် မဟာမိတ်ပူးပေါင်းအဖွဲ့တို့အတွက် ကြီးမားသော စိန်ခေါ်မှုဖြစ်စေ၍ နည်းလမ်းမျိုးစုံဖြင့် တုန့်ပြန်ဆောင်ရွက်ရန်ရှိသောကြောင့် နောက်ဆက်တွဲ ပြည်သူများ ရင်ဆိုင်ကြုံတွေ့ရမည့် အခက်အခဲကို နားလည် ကိုယ်ချင်းစာသော်လည်း နံနက်ဖြန် မတ်လ ၂၇ ရက်နေ့မှစ၍ မြဝတီ-ကော့ကရိတ် အာရှလမ်းနှင့် မြဝတီ-ဝေါ်လေ လမ်းပိုင်းအား အသုံးပြု၍ ယာဉ်များဖြတ်သန်းသွားလာခြင်းကူသန်းရောင်းဝယ်ခြင်းတို့ကို ယာယီရပ်ဆိုင်းထားကြရန် KNLA တပ်မဟာ ၆ မဟာမိတ်ပူးပေါင်းအဖွဲ့များနှင့် ဒူးပလာယာခရိုင် အုပ်ချုပ်ရေးအဖွဲ့က ပြည်သူသို့ မေတ္တာရပ်ခံစာ ထုတ်ပြန်ထားကြောင်း သိရသည်။

ထိုင်း-မြန်မာ နယ်စပ်ကုန်သွယ်မှု၏ အဓိက လမ်းကြောင်းဖြစ်သော မြဝတီ-ကော့ကရိတ်အာရှလမ်းပိုင်းတွင် ပြီးခဲ့သည့် မတ်လ ၁၂ ရက်နေ့က မှန်လုံယာဉ်အပါအဝင် ကုန်တင်ယာဉ် ၅ စီးခန့် ပစ်ခတ်မီးရှို့ခံရခြင်းများ ရှိခဲ့သည်။

ထိုသို့ စစ်ကောင်စီတပ်နှင့် KNLA မဟာမိတ်ပူးပေါင်းအဖွဲ့တို့၏ စစ်ရေးတင်းမာမှု ယခုကာလအတွင်း အဆိုပါလမ်းပိုင်းတွင်း ပစ်ခတ်မှုများ ၅ ကြိမ်ထက်မနည်းရှိခဲ့ပြီး ပစ်ခတ်မှုများအကြား ကုန်တင်ယာဉ်မောင်းနှင့် ယာဉ်အကူ ၄ ဦးအထိ သေဆုံးမှုဖြစ်ခဲ့ကြောင်း သိရသည်။