Home သတင်း တပ်မဟာ(၆) KNDO နှင့် ပစ်ခတ်မှုတွင် စစ်ကောင်စီတပ် လက်နက်ကြီးများသုံးကာ စစ်ကူပို့နေ

တပ်မဟာ(၆) KNDO နှင့် ပစ်ခတ်မှုတွင် စစ်ကောင်စီတပ် လက်နက်ကြီးများသုံးကာ စစ်ကူပို့နေ

1578

မတ်လ ၁၁ရက်၊ ၂၀၂၂ခုနှစ်။ ကေအိုင်စီ

ကော့ကရိတ်မြို့နယ် ကေအဲန်ယူ တပ်မဟာ(၆)၊ ကျုံဒိုးမြို့နယ်ထဲရှိ တောင်ကြာအင်းကျေးရွာတွင် ယနေ့ညနေ (၅)နာရီ ဝန်းကျင်၌ နယ်မြေခံ KNDO ပူးပေါင်းတပ်ဖွဲ့နှင့် စစ်ကောင်စီတပ်ကြား ထိပ်တိုက်တိုက်ပွဲတွင် စစ်ကောင်စီဘက်မှ လက်နက်ကြီး ၁၀လုံးကျော် ပစ်ခတ်ခဲ့ပြီး အကူစစ်ကားလည်း ရောက်ရှိလာသည်ဟု ဒေသခံများထံမှ သိရသည်။

နှစ်ဖက် ပစ်ခတ်မှုတွင် ကျေးရွာထဲ တပ်စွဲနေထိုင်သည့် အင်အားအနည်းငယ်သာရှိသော စစ်ကောင်စီတပ်အတွက် ကော့ကရိတ်မြို့ရှိ စစ်ကောင်စီတပ်မှ လက်နက်ကြီးများဖြင့် ကူပစ်ပေးခဲ့သည့်အပြင် တောင်ကြာအင်းရဲစခန်းသို့ ညဘက်တွင် စစ်ကူကား (၃)စီး ရောက်ရှိလာသည်ဟု ကေအဲန်ယူ ကျုံဒိုးမြို့နယ်တာဝန်ရှိသူတစ်ဦးက ပြောသည်။

၎င်းက “ထိခိုက်မှုတွေ ကျနော်တို့ စာရင်းမရသေးဘူး။ သူတို့ဘက်က ပစ်တဲ့လက်နက်ကြီးကြောင့် အိမ်တွေထိတယ်လို့ ကြားတယ်။ အခု ကော့ကရိတ်က စကခ(၁၂) လက်အောက်ခံတပ်တွေ အင်အား အလုံးအရင်းနဲ့ ရောက်လာတယ်လို့ တော့ သိရတယ်။”ဟု ကေအိုင်စီသို့ ပြောသည်။

အဆိုပါပစ်ခတ်မှုမှာ အချိန် ၁နာရီကျော်ကြာမြင့်သလို စစ်ကောင်စီဘက်ကပစ်သည့် လက်နက်ကြီးမှာလည်း ကျေးရွာ ထဲရှိ လူနေအိမ်အနီးနှင့် ဘုန်းကြီးကျောင်းဝင်းထဲသို့ ကျရောက်ခဲ့ကြောင်းလည်း ဒေသခံများထံမှ သိရသည်။

“ပစ်တာ အချိန်တော်တာ်ကြာတယ်။ ဒီမှာတပ်စွဲနေတဲ့စစ်တပ်က အဲလောက် မများဘူး။ သူများလာပစ်တော့ လက်နက် ကြီးအသံတွေက ဟိုကျဒီကျလာတယ်။ ကော့ကရိတ်ဘက်မှာ လှမ်းပစ်တာ သိရတယ်။ အခု ကျနော်တို့က အိမ်မှာပဲရှိ တယ်။ တချို့က ဘုန်းကြီးကျောင်းတွေမှာ သွားရှောင်တယ်။ လေယာဉ်လာမှာတော့ အကြောက်ဆုံးပဲ။ အခုလည်း မိုးချုပ်ပြီးဆိုတော့ ဘာတွေထိခိုက်ပျက်စီးတာလည်း မသွားကြည့်ရသေးဘူး။ အိမ်ပြင်လည်း မထွက်ရဲဘူး။”ဟု ဒေသခံ တစ်ဦးက ကေအိုင်စီသို့ ပြောသည်။

စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် တောင်ကြာအင်းရွာ အထက်တန်းကျောင်းတွင် ဝင်ရောက်တပ်စွဲနေထိုင်ခဲ့သည်မှာ ၄လကျော်ကြာပြီးဖြစ်သလို တောင်ကြာအင်းကျေးရွာအပြင်ဘက် လောင်းကိုင်ကျေးရွာအနီးတွင်လည်း နယ်မြေခံ KNDO ပူးပေါင်းတပ်ဖွဲ့ဂိတ်ရှိသည်ဟု သိရသည်။

တောင်ကြာအင်းနှင့် မြောက်ကြာအင်းကျေးရွာကြားရှိ ဟောင်သရောချောင်းကူးတံတားပေါ်တွင် စစ်ကောင်စီတပ်က တံတားဂိတ်တစ်ခု ချထားသလို သွားလာသူများကိုလည်း မကြာခဏ စစ်ဆေးလေ့ရှိသည်ဟု သိရသည်။