Home သတင်း ဖားအံမြို့တွင် အချို့ရပ်ကွက်များ၌ အိမ်ထောင်စုစာရင်းစာရွက် လိုက်လံဝေငှနေ

ဖားအံမြို့တွင် အချို့ရပ်ကွက်များ၌ အိမ်ထောင်စုစာရင်းစာရွက် လိုက်လံဝေငှနေ

3009

မတ်လ ၁၁ရက်၊ ၂၀၂၂ခုနှစ်။ ကေအိုင်စီ

ဖားအံမြို့ရှိ အချို့ရပ်ကွက်များတွင် မတ်လ ဒုတိယအပတ်ကတည်းက နေအိမ်တစ်အိမ်ချင်းစီကို အိမ်ထောင်စုလူဦးရေ စာရင်းအတွက် စာရွက်များ လိုက်လံဝေငှကာ ဖြည့်စွက်ခိုင်းထားကြောင်း ရပ်မိရပ်ဖအချို့၏ ပြောဆိုချက်များအရ သိရ သည်။

မြို့တွင်းရှိ အမည်မဖော်လိုသူ အိမ်ရှင်မတစ်ဦးက “အိမ်ထောင်စုစာရင်း အသစ်လာကောက်သလို စာရွက်တစ်ရွက်လာ ပေးတယ်။ အဲဒီမှာဖြည့်ပေးတဲ့။ အိမ်တိုင်း အဲလိုလိုက်ပေးနေတာပဲ။ ကျမတို့က ဖြည့်ထားပေးတာပဲ။”ဟု ကေအိုင်စီသို့ ပြောသည်။

ယင်းသို့ ဝေငှရာတွင် မည်သည့်အတွက် လိုက်လံပေးဝေ ဖြည့်စွက်ခိုင်းခြင်းဖြစ်ကြောင်း ရှင်းပြပြောဆိုခြင်းမရှိဘဲ စာရွက်ပါအတိုင်း ဖြည့်စွက်ပေးထားရန်နှင့် ဖြည့်ပြီးပါက ပြန်လာကောက်ယူမည်ဖြစ်ကြောင်းသာ ပြောဆိုသွားခဲ့သည် ဟုလည်း ရပ်ကွက်(၆)မှ ပြည်သူတစ်ဦးက ယခုလို ပြောပြသည်။

“လာဝေတဲ့အချိန်က ကျနော်နဲ့မဆုံဘူး။ လူတစ်ယောက်ပဲ စာရွက်လာပေးပြီး အိမ်မှာနေတဲ့သူတွေ ဖြည့်ပေးဖို့နဲ့ တစ် ပတ်လောက်နေရင် ပြန်လာကောက်မယ်လို့ အဲဒါပဲ ပြောသွားတယ်လို့ ပြောပါတယ်။ လာပေးတာကတော့ အင်္ဂါ(မတ် ၇ရက်)နေ့ကပါ။”ဟု အဆိုပါ(၆)ရပ်ကွက်နေသူက ဆိုသည်။

ထိုသို့လာရောက်ပေးဝေထားသည့် အိမ်ထောင်စုစာရင်း စာရွက်မှာ မဲစာရင်းပြုလုပ်ရန် စာရင်းကောက်သည့်ပုံစံမျိုးဖြစ် ကြောင်း၊ မူလရှိထားသည့် အိမ်ထောင်စုစာရင်း(သန်းခေါင်စာရင်း)နှင့် မတူသည့်အချက်မှာ မသန်စွမ်းစာရင်း ပါဝင်နေ ကြောင်း၊ အချက်အလက် စုဖွဲ့ပုံမှာ အသက် ၁၈အထက်ဖြစ်စေ၊ ၁၈နှစ်အောက်ဖြစ်စေ ကျား/မ ခွဲခိုင်းထားသည်ဟု လည်း သိရသည်။

သို့သော် အချို့ရပ်ကွက်များတွင် ယင်းသို့အိမ်ထောင်စုစာရင်းစာရွက်မျိုး လာရောက်ပေးခြင်းမှာ ယနေ့အထိ မတွေ့ရှိရ သေးသည့်အပြင် အချို့မြို့များ၌လည်း ယင်းသို့စာရင်းကောက်ယူခြင်း လုပ်ဆောင်မှုမျိုး မရှိသေးကြောင်းလည်း ကော့ ကရိတ်မြို့တွင် နေထိုင်သူတစ်ဦးက ယခုလို ပြောသည်။

၎င်းက “အိမ်ထောင်စုစာရင်းအသစ် လိုက်ဖြည့်ခိုင်းတာတော့ လွန်ခဲ့တဲ့ တစ်လကျော်တုန်းကတော့ အိမ်ထောင်စုစာရင်း တော့ ပြန်လုပ်ခိုင်းတယ်။ မပြည့်စုံတဲ့အိမ်တွေ အကုန်လုံးတော့ မဟုတ်ဘူး။”ဟု ကေအိုင်စီသို့ ပြောဆိုသည်။

ပြည်နယ်ကောင်စီအနေဖြင့် ရွေးကောက်ပွဲ ကျင်းပနိုင်ရေးအတွက် ကရင်ပြည်နယ်အတွင်းရှိ သက်ဆိုင်ရာ ရွေးကောက် ပွဲကော်မရှင်ရုံးများအလိုက် ပြုစုထားသည့် အခြေခံမဲဆန္ဒရှင်စာရင်းများ မှန်ကန်ရေးအတွက် မြေပြင်လူဦးရေစာရင်းနှင့် တိုက်ဆိုင်စစ်ဆေးခြင်း ရှေ့ပြေးလုပ်ငန်းစီမံချက်ဖွင့်ပွဲကို မတ်လ ၉ရက်နေ့က ဖားအံမြို့၊ ဇွဲကပင်ခမ်းမ၌ ပြုလုပ်ခဲ့ကြ ရာ ပြည်နယ်ကောင်စီ ဥက္ကဌစောမြင့်ဦးနှင့် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ကရင်ပြည်နယ်တာဝန်ခံ စောဘလှိုင်တို့က တက်ရောက်ပြောကြားခဲ့ကြကြောင်း မြန်မာ့အသံနှင့်ရုပ်မြင်သံကြား(MRTV)က သတင်းထုတ်ပြန်ခဲ့သည်။

လက်ရှိအချိန်တွင် ဖားအံမြို့တစ်မြို့တည်း၌သာ ယင်းအိမ်ထောင်စုစာရင်းပါ လူဦးရေများကို စတင်ကောက်ခံနေသော် လည်း ကော့ကရိတ်၊ မြ၀တီ အပါအဝင် ကျန်မြို့များတွင် ကောက်ခံခြင်းမရှိသေးဘဲ မကြာခင် ကောက်ခံလာနိုင်ဖွယ်ရှိ သည်ဟု ခန့်မှန်းပြောဆိုနေကြသည်။