Home သတင်း မြဝတီ-ကော့ကရိတ်အာရှလမ်းတွင် ကုန်တင်ယာဉ် ၂ စီး ပစ်ခတ်မီးရှို့ခံရ

မြဝတီ-ကော့ကရိတ်အာရှလမ်းတွင် ကုန်တင်ယာဉ် ၂ စီး ပစ်ခတ်မီးရှို့ခံရ

2261
Photo: CJ

မတ်လ ၁၂ ရက် ၊ ၂၀၂၂ခုနှစ်။ ကေအိုင်စီ

ကရင်ပြည်နယ် မြဝတီ-ကော့ကရိတ် အာရှလမ်းတွင် ယနေ့ မတ်လ ၁၂ ရက်နေ့ နံနက်ပိုင်းက ကုန်တင်ယာဉ် ၂ စီး ပစ်ခတ်မီးရှို့ခံရကြောင်း ခရီးသွားပြည်သူများ၏ ပြောပြချက်အရ သိရသည်။

ယနေ့ နံနက် ၈ နာရီကျော်ခန့်က မြဝတီ-ကော့ကရိတ် အာရှလမ်းတောနော်ရေတံအနီးတွင် ၁၂ ဘီးကားတစ်စီး နှင့် ဒေါနတောင်ခြေ ကော့နွဲတံတားအနီး နေရာတွင် ကုန်တင်ယာဉ် ၁ စီးတို့ မီးလောင်နေမှုကို တွေ့ရကြောင်း ယာဉ်မောင်းတစ်ဦးက ပြောသည်။

“ဒီနေ့ မနက်ပိုင်းက အာရှလမ်းမှာ ကော့ကရိတ်ဘက်ကနေ မြဝတီဘက်ကိုလာတဲ့ ကုန်တင်ယာဉ် ၂ စီး မီးလောင်မှု ဖြစ်နေပါတယ်။ အာရှလမ်း တောနော်ရေတံခွန်နားမှာ တစ်စီး နဲ့ ဒေါနတောင်ခြေ ကော့နွဲတံတားအနီးမှာ တစ်စီး စုစုပေါင်း ကုန်တင်ယာဉ် ၂ စီး မီးလောင်နေတာကို တွေ့ခဲ့ရတယ်” ယနေ့နံနက်ပိုင်းက ကော့ကရိတ်ဘက်ကနေ့မြဝတီသို့ တက်လာသည့် ယာဉ်မောင်းတစ်ဦးက ပြောသည်။

ထို့အပြင် အဆိုပါ ကုန်တင်ယာဉ် (၂) စီးမှာ ပစ်ခတ်ခံရမှုကြောင့် ကားမီးလောင်ကျွမ်းမှုဖြစ်ခဲ့သလို ယာဉ်မောင်းများလည်း သေဆုံးသွားရကြောင်း ဖြစ်စဉ်နှင့်ပတ်သက်၍ ယာဉ်မောင်းများအကြား ပြောဆိုမှုများလည်းရှိနေသည်။

ယခု ဖြစ်စဉ် ဖြစ်ပွားခဲ့သည့် နံနက်ပိုင်းက စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၀၀ နီးပါးခန့်မှာ မြဝတီ-ကော့ကရိတ် အာရှလမ်းတစ်လျှောက် ချီတက်လာသည်ကို တွေ့ရကြောင်း ၊ အဆိုပါ စစ်ကောင်စီတပ်ဖွဲ့က ပစ်ခတ်မီးရှို့ခြင်းဖြစ်ကြောင်း ဒေသတွင်း သတင်းအရင်းအမြစ်များက ပြောဆိုကြသည်။

ယမန်နေ့က မတ်လ ၁၁ ရက်နေ့မှာ အာရှလမ်း တောနော် ရေတံခွန်ဆိုင်းဘုတ်အနီးရှိ တံတားနေရာတွင် ပစ်ခတ်ပေါက်ကွဲမှုများ ရှိခဲ့သော်လည်း တံတားကျိုးပျက်သွားခြင်းမရှိဘဲ ယနေ့ နံနက်ပိုင်းအထိ ယာဉ်အသွားအလာမပျက် ဆက်ရှိနေခြင်း ဖြစ်သလို ယနေ့ မတ်လ ၁၂ ရက်နေ့ နံနက်ပိုင်းက နှစ်ဖက် တိုက်ပွဲများ မရှိကြောင်းသိရသည်။

အမည်မဖော်လိုသည့် ဒေသအရင်းအမြစ်တစ်ခုကလည်း ” ဒီနေ့ တိုက်ပွဲတွေမရှိဘဲနဲ့ စစ်ကောင်စီတပ်က ကမိုင်ကုန်းဘက်ကနေ အာရှလမ်းမဘက်ကို လက်နက်ကြီး ရမ်းသမ်းပစ်ခတ်တာတွေရှိသလို အာရှလမ်းမှာ ကားတွေကိုလည်း ပစ်ခတ်မီးရှို့ဖျက်ဆီးတာတွေလုပ်တော့ အခြေအနေက ပြည်သူတွေအတွက် စိုးရိမ်စရာပါ။ “ကေအိုင်စီသို့ ပြောသည်။

သို့သော်လည်း ၃ လ နီးပါးကြာ တိုက်ပွားများ ဖြစ်ပွားခဲ့သည့် မြဝတီတောင်ခြမ်း လေးကေကော်ဒေသ နှင့် ကော့ကရိတ်တောင်ဘက်ခြမ်း ကျေးရွာများရှိ ဒေသခံများ အေးချမ်းစွာ နေရပ်ပြန်လာ နေထိုင်နိုင်ရေးအတွက် လက်ရှိတပ်စွဲထားသော စစ်ကောင်စီတပ်များအား မတ်လ ၉ ရက်နေ့ နောက်ဆုံးထား၍ တပ်ဆုတ်ပေးရန် ဒူးပလာယာခရိုင် (တပ်မဟာ ၆)က မတ်လ ၇ ရက်နေ့ ရက်စွဲဖြင့် စစ်ကောင်စီ အရှေ့တောင်တိုင်းစစ်ဌာနချုပ်အား စာပေးပို့ အသိပေးထားသည်။

ထိုသို့ နောက်ဆုံးတပ်ဆုတ်ပေးရန် အသိပေးသည့် မတ်လ ၉ ရက်နေ့မှာတော့ စစ်ကောင်စီတပ်မှ မြဝတီတောင်ခြမ်းလေးကေကော်ဒေသ နှင့် KNLA တပ်မဟာ ၆ နယ်မြေ အနီးပတ်ဝန်းကျင်အား လေယာဉ် ၂ စီး ဖြင့် ပစ်ခတ်မှုများပြုလုပ်ခဲ့သလို လက်နက်ကြီးများဖြင့်ပါ ပစ်ခတ်မှုများ ပြုလုပ်ခဲ့သည်။

ယမန်နေ့ မတ်လ ၁၁ ရက်နေ့ တွင်လည်း ကော့ကရိတ် တောင်ခြမ်းရှိ KNLA တပ်မဟာ ၆ နယ်မြေအနီးသို့ လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့၍ နှစ်ဖက် ထိတွေ့တိုက်ပွဲ၏များလည်း ဖြစ်ခဲ့သည်။

ထို့အပြင် စစ်ကောင်စီနှင့် အကျိုးတူစီးပွားရေးလုပ်ဆောင်သည့် ကုမ္ပဏီ တစ်ခုမှ လေယာဉ်ဆီကို ထိုင်းက တဆင့်တင်သွင်းပြီး မြဝတီ နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းမှ မန္တလေး လေဆိပ်အထိ လေယာဉ်ဆီတင်ယာဉ်များ ဖြတ်သန်းသွားလာမည်ဟု စစ်ကောင်စီ ဌာနချင်းပေးပို့သည့် ကြေးနန်းစာတစ်စောင် လူမှုကွန်ယက်ပေါ် ပြန့်နှံ့လာသည့် သတင်းကြောင့် မြဝတီ-ကော့ကရိတ် အာရှလမ်းအား နယ်မြေစိုးမိုးမှု ရရှိရန် နှစ်ဖက်တပ်များ စစ်ရေးပြိုင်ဆိုင်မှု များလည်းတွေ့ရသည်ဟု မြေမြင်သတင်းအရ သိရသည်။

ထိုသို့သော အခြေအနေများကြောင့် ယခုရက်ပိုင်းအတွင်း နှစ်ဖက်စစ်ရေးတင်းမာမှု အခြေအနေမှာ အမြင့်ဆုံးအနေအထားတွင်ရှိနေ၍ မြဝတီ-ကော့ကရိတ် အာရှလမ်း အသုံးပြု သွားလာနေသည့် ယာဉ်မောင်းများနှင့် ခရီးသွားပြည်သူများအနေဖြင့် ခိုင်လုံသည့်သတင်းများကိုနားစွင့်ပြီး အန္တရာယ်ကင်းနိုင်သည့် အခြေအနေမှသာ သွားလာမှု ပြုလုပ်ကြဖို့ ယာဉ်မောင်းများ အချင်းချင်းကြား တိုက်တွန်း နိုးဆော်လျက် ရှိကြောင်း သိရသည်။