Home သတင်း သင်္ကြန်စည်ကားရန် သောင်ရင်းမြစ်ကမ်း ၃ နေရာတွင် ရေပေါ်ဈေးဆောက်

သင်္ကြန်စည်ကားရန် သောင်ရင်းမြစ်ကမ်း ၃ နေရာတွင် ရေပေါ်ဈေးဆောက်

1561

မတ်လ ၂၄ ရက်၊ ၂၀၂၂ခုနှစ်။ ကေအိုင်စီ

ထိုင်း-မြန်မာနယ်စပ် ကရင်ပြည်နယ် မြဝတီမြို့တွင် လာမည့် သင်္ကြန်ပွဲတော် စည်ကားစေရန် ရည်ရွယ်၍ စစ်ကောင်စီ လက်ဝေခံများက သောင်ရင်းမြစ်ကမ်းနံဘေးရှိ နေရာ ၃ ခုခန့်တွင် ရေပေါ်ဈေးပုံစံ တည်ဆောက်ထားကြောင်း သိရသည်။

ယခုနှစ် သင်္ကြန်အတွက် လည်ပတ်စရာအနေဖြင့် ကြိုတင်တည်ဆောက် တည်ဆောက်ပြီး ဖွင့်လှစ်ထားသည့် ရေပေါ်စျေး ၃ နေရာမှာ မြဝတီမြို့အနီး ရေပူကျေးရွာရှိ ရေပူစမ်းနေရာ၊ ချောင်းဆုံဘက်နှင့် အမှတ်(၃) ရပ် ကွက် (ဒေသအခေါ်မာမီဂိတ်)အလွန်သောင်ရင်းမြစ်ကမ်းများတွင် ဆောက်ထားကြခြင်းဖြစ်သည်။

“အဲ့ဒီ ရေပေါ်ဈေးတွေကို စစ်ကောင်စီ လက်ဝေခံများက ဖွင့်ထားကြတာ ဖြစ်ပြီး မြစ်ကမ်းနံဘေးရှိ ဈေးဆိုင်များကို တစ်ဆိုင်လျှင် တစ်ရက်ကို ကျပ် ၄၀၀၀ နှုန်း ကောက်ခံလျက်ရှိပါတယ်။ ဒါ့အပြင် အန်ဂလုံခုံများဖြင့် လောင်းကစားဝိုင်းတွေလည်းပါဝင်ပြီး လောင်းကစားခုံပိုင်ရှင်များက တစ်ခုံလျှင် တစ်ရက်ကို ကျပ် ၅၀,၀၀၀ ဝန်းကျင်ပေးရတယ်”ဟု လက်ရှိ အပမ်းဖြေသွားလာသူများဖြင့် စည်ကားလျက်ရှိသည့် ရေပူကျေးအုပ်စုချောင်းဆုံရေပေါ်ဈေးသို့ သွားရောက်လည်ပတ်ခဲ့သူတစ်ဦးက
ပြောသည်။

လက်ရှိ မြဝတီမြို့၏ တောင်ဘက် ၉ မိုင်ခန့်အကွာ လေးကေကော်ဒေသနှင့် အနီးဝန်းကျင်တွင် စစ်ကောင်စီတပ်နှင့် KNLA တပ်မဟာ ၆ မဟာ မိတ် ပူးပေါင်းအဖွဲ့တို့၏ တိုက်ပွဲများ ယခု ရက်ပိုင်းအတွင်း နေ့စဉ်ရှိနေသလို မြဝတီမြို့အနီး အာရှလမ်းဘက်တွင်လည်း မကြာခဏ ပစ်ခတ်မှုများ ရှိသည်။

ထိုသို့သော အခြေအနေမျိုးတွင် အမည်မဖော်လိုသူ မြို့ခံတစ်ဦးက “သင်္ကြန်ကာလအတွင်း လူစည်ကားရာ နေရာတွေကို အတတ်နိုင်ဆုံး မသွားတာက ပိုကောင်းမယ်။ မတော်လို့ အဲ့ဒီနေရာတွေမှာ ပစ်ခတ် ပေါက် ကွဲမှုတွေ ဖြစ်လာခဲ့မယ်ရင် ကိုယ့်အတွက်လည်း အန္တရာယ် ရှိလာနိုင်တယ်လေ။ ဒါကြောင့် လာမယ့် သင်္ကြန်ကာလအတွင်း လူစည်ကားရာနေရာတွေကို အတတ်နိုင်ဆုံးမသွားဘဲ ရှောင်ကြဉ်ကြဖို့ ကိုယ့်ရဲ့မိသားစုဝင်တွေနဲ့ ရင်းနှီးတဲ့ မိတ်ဆွေတွေကို ပြောချင်ပါတယ်။ ” ပြောသည်။

ယခုနှစ် သင်္ကြန်ပွဲတော်ကို နိုင်ငံတဝှမ်းတွင် လာမယ့် ဧပြီလ ၁၃ ရက်နေ့ မှ ၁၆ ရက်နေ့အထိ ကျင်းပပြုလုပ်မည်ဖြစ်ပြီး ရန်ကုန်၊ မန္တလေး၊ နေပြည်တော် အစရှိသည့် မြို့ကြီးများတွင် စစ်ကောင်စီ၏ ညွှန်ကြားချက်အရ ဗဟိုမဏ္ဍပ်များတည်ဆောက်ရန် ပြင်ဆင်နေကြသော်လည်း မြဝတီမြို့တွင်မူ ယနေ့အချိန်အထိ သင်္ကြန်ဗဟိုမဏ္ဍပ်တည်ဆောက်ခြင်းများကို တစ်စုံတစ်ရာ ဆောင်ရွက်ခြင်း မရှိသေးကြောင်း သိရသည်။