Home သတင်း လေးကေကော် -ဝေါလေ ဒေသဘက် တိုက်ပွဲ ၄ နေရာ ဖြစ်ပွားနေ

လေးကေကော် -ဝေါလေ ဒေသဘက် တိုက်ပွဲ ၄ နေရာ ဖြစ်ပွားနေ

1068

မတ်လ ၂၄ရက်၊ ၂၀၂၂ ခုနှစ်။ ကေအိုင်စီ

KNU -ကရင်အမျိုးသားအစည်းအရုံး တပ်မဟာ ၆နယ်မြေ၊ မြဝတီတောင်ဘက် ဒေါန တောင်အရှေ့ခြမ်း လေးကေကော် – သေ့ဘောဘိုး -ဝေါလေ ဒေသဘက်သို့ စစ်ကောင်စီ စစ်ကူစစ်ကြောင်းများ အင်အားတိုးချဲ့လာသဖြင့် မတ်လ ၂၄ ရက် ယနေ့နံနက်ပိုင်းအထိ တိုက်ပွဲ ၄ နေရာ ဖြစ်ပွားနေ ကြောင်း စစ်ရေးသတင်းအရင်းအမြစ်များထံမှ သိရသည်။

“မနေ့က လေးကေကော်၊ မယ့်ထော်သလေး ဘက်ကနေ BGF ရော စစ်ကောင်စီတပ်တွေရော ပေါင်းထားတဲ့ အင်အား ၁၀၀ လောက်ပါတဲ့စစ်ကြောင်းက ကား၁၀ စီးကျော်နဲ့ နေ့ခင်းပိုင်းလောက်က ကဆောဝါးလေး တောင်ကြောလမ်းကနေ ဝေါလေဘက် ကနဲလေးဘက်ကို တက်ဖို့ လုပ်လာတာမှာ လမ်းက ဖြတ်ပိတ်ထားတော့ ညနေပိုင်းမှာ တိုက်ပွဲ ဖြစ်နေတာပေါ့နော်၊ လေးကေကော် ရသေ့ဂူ ၊ ဗျူးပွိုင့် ပြတိုက်ကုန်း နဲ့ ဝေါလေ ကဆောဝါးလေးတောင် သုံးထပ်ကွေ့ ၊ ပဒူအုံ နေရာတွေ မှာ ဒီမနက် အထိပစ်နေတုန်းဘဲ၊ အထက် ဝေါလေ -သေ့ဘောဘိုး စစ်ကောင်စီစခန်းဘက် မှာလည်း တိုက်ပွဲ ဖြစ်နေတယ်၊ လက်နက်ကြီးက ပစ်ကူပေး နေတယ် ဆက်တိုက်ပဲ”ဟု စစ်ရေးသတင်းအရင်းအမြစ်တစ်ခုက ပြောသည်။

အဆိုပါ ဖြစ်ပွားသည့် တိုက်ပွဲကြောင့် သေ့ဘောဘိုး၊ ဝေါ်လေ၊ ဥကရစ်ထာ့ ကျေးရွာ အုပ်စုများမှ ထောင်နှင့်ချီသော စစ်ဘေးရှောင်ဒေသခံပြည်သူများသည် အသက်ဘေးလွတ်မြောက်ရာသို့ ပြေးရှောင်နေကြဟု သိရသည်။

တပ်မဟာ ၆ ဒေသအတွင်း လေးကေကော် ၊ ဝေါလေ၊ ကြာအင်းဆိပ်ကြီး၊ ကော့ကရိတ် နှင့် မြဝတီမြို့ အနီးဝန်းကျင်အထိ တိုက်ပွဲများ နေရာစုံ ဆက်လက် ဖြစ်ပွားလာနေသည့်အတွက် ဒေသအတွင်း ဆက်သွယ် သွားလာရေး လမ်းကြောင်းများ ပြတ်တောက်သွားပြီဟု ဒေသခံ ရွာသားများက ပြောသည်။

လက်ရှိတွင် အဆိုပါ ဒေသတွင်းမှ စစ်ဘေးရှောင် ကျေးရွာ ၂၀ ခန့်မှ ဒေသခံများ တိုက်ပွဲလွတ်ရာ အိုးအိမ်စွန်ခွာ ထွက်ပြေး ရှောင်တိမ်း နေရသူ လူဦးရေးနှစ်သောင်းနီးပါး အထိမြင့်တက်လာနေပြီး စားသောက်စရာ နေရာထိုင်ခင်း နှင့် ကျန်းမာရေး စောင့်ရှောက်မှု ဆေးဝါး အကူအညီများလိုအပ်နေကြောင်း ထိုင်း-မြန်မာ နယ်စပ် စစ်ဘေးရှောင်အရေး ကူညီနေသူများထံမှ သိရှိရသည်။