မတ်လ ၂၈ ရက် ၂၀၂၂ခုနှစ်။ ကေအိုင်စီ
မြဝတီ-ကော့ကရိတ်အာရှလမ်း ဘေလီတံတားအနီးတွင် ယနေ့ နံနက်ပိုင်းက မြဝတီဘက်က ဆင်းလာသည့် ပရိုဘောက်ယာဉ် တစ်စီး ပစ်ခတ်ခံရပြီး ယာဉ်ပေါ်ပါ အမျိုးသားတစ်ဦးသေးဆုံးသွား ကြောင်း သိရသည်။
ယနေ့ နံနက် ၈း၂၀ အချိန်ခန့်က ဖြစ်ပွားသည့် အဆိုပါ ပစ်ခတ်ခံရဖြစ်စဉ်အတွင်း သေဆုံးသူမှာ မော်လမြိုင်တွင်နေထိုင်သူဖြစ်ပြီး လက်ရှိ သေဆုံးသူ၏ ရုပ်အလောင်းကို ကော့ကရိတ်ဆေးရုံသို့ ပို့ဆောင်ထားကြောင်း ကော့ကရိတ်မြို့ ပုလဲဖြူ လူမှုကယ်ဆယ်ရေး အဖွဲ့ ထံမှ သိရသည်။
ထို့အပြင် ယနေ့ နံနက်ပိုင်းတွင် အဆိုပါနေရာမှပင် ကော့ကရိတ်ဘက်က တက်လာသည့် ယာဉ်တစ်စီး ထပ်မံပစ်ခတ်ခံရပြီး လူထိခိုက်မှုတော့ မရှိခဲ့ကြောင်း သင်္ဃန်းညီနောင် လူမှုကယ်ဆယ်ရေးအဖွဲ့က ပြောသည်။
“ဒီလမ်းကို မသွားဖို့ KNU ဘက်ကလည်း စာထုတ်ထားသလို တဖက် တပ်တွေဘက်ကလည်း လမ်းမှာ ကင်းပုန်းဝပ်နေတာရှိတော့ ဘယ်ဘက်က ပစ်သလဲဆိုတာတော့ ပြောရခက်တယ် “ဟု ဒေသခံတစ်ဦးက ပြောသည်။
အဆိုပါ မြဝတီ-ကော့ကရိတ် အာရှလမ်းအား မတ်လ ၂၇ ရက်နေ့မှစ၍ လမ်းအသုံးပြု၍ ကုန်သွယ်မှုနှင့် ခရီးသွားလာခြင်း မပြုလုပ်ကြရန် ဒူးပလာယာခရိုင် (KNU တပ်မဟာ ၆ ) ကော့ကရိတ်မြို့နယ် အုပ်ချုပ်ရေးအဖွဲ့က ပြည်သူများသို့ မေတ္တာရပ်ခံစာ ထုတ်ပြန်ထားသည်။




















