Home သတင်း မြဝတီတွင် ၃ နာရီခြား မြို့တဝက် မီးဖြတ်၍ အလှည့်ကျ မီးပေးစနစ်ဖြင့် ဆောင်ရွက်နေဟု ဆို

မြဝတီတွင် ၃ နာရီခြား မြို့တဝက် မီးဖြတ်၍ အလှည့်ကျ မီးပေးစနစ်ဖြင့် ဆောင်ရွက်နေဟု ဆို

1484

မတ်လ ၁၉ ရက်၊ ၂၀၂၂ ခုနှစ်။ ကေအိုင်စီ

ထိုင်း-မြန်မာနယ်စပ် ကရင်ပြည်နယ် မြဝတီမြို့တွင် ယနေ့ မတ်လ ၁၉ ရက် နေ့မှစ၍ ၃ နာရီခြား မြို့တဝက် မီးဖြတ်၍ အလှည့်ကျမီးပေး စနစ်ဖြင့် ဆောင်ရွက်သွားမည်ဟု မြဝတီမြို့နယ် လျှပ်စစ်မီးရုံးမှ မနေ့က ထုတ်ပြန် ကြေညာထားသည်။

အဆိုပါ ကြေညာချက်တွင် ယနေ့ မတ်လ ၁၉ ရက်နေ့မှစ၍ လကုန်သည်အထိ မြဝတီမြို့၏ လျှပ်စစ်ဓာတ်အား ဖြန့်ဝေမှုအား အုပ်စု A နှင့် B အုပ်စု နှစ်စုခွဲကာ ၃ နာရီခြား အလှည့်ကျ မီးဖြတ်သွားမည်ဟု ဖော်ပြထားသည်။

“၃ နာရီခြား တစ်ခါမီးဖြတ်မယ် ဆိုတော့ ပြည်သူတွေအနေနဲ့က တစ်ရက်မှာ ၁၂ နာရီပဲ မီးသုံးစွဲခွင့် ရတော့မှာ။ ပျက်ချိန်မှန်ပြီး မီးပြန်ပေးတဲ့အချိန်မှာ နောက်ကျခဲ့မယ်ဆိုရင် အဲ့ဒီထက် လျှော့သုံးရဖို့ ရှိလာနိုင်တယ်။ အရင်တုန်းက အဲ့လောက်မီးပျက်ချိန် မကြာဘူး။ စစ်ကောင်စီအာဏာသိမ်း ပြီးနောက် တစ်နှစ်အကြာမှာ အခုလို တနိုင်ငံလုံး ဆိုးဆိုးရွားရွား မီးပျက်တာတွေနဲ့ ကြုံနေရတယ်” လို့ မြဝတီမြို့နေပြည်သူတစ်ဦးက ပြောသည်။

ပြီးခဲ့သည့် မတ်လ ၁၂ ရက်မှ ၁၈ ရက်နေ့ထိ သဘာဝဓာတ်ငွေ့ဖြင့် လျှပ်စစ်ထုတ်သည့် ရေအောက် ပိုက်လိုင်းအားပြင်ရန်ရှိ၍ နိုင်ငံတဝှမ်း လျှပ်စစ်မီးအချိန်ပိုင်း ဖြတ်တောက်ခဲ့ပြီး ယခုအခါ ပြင်ဆင်ပြီး၍ လျှပ်စစ်ဓာတ်အား ဖြန့်ဝေမှုတွင် ၃၃၀ မဂ္ဂါဝပ် ထပ်တိုး ဆောင်ရွက်နိုင်ပြီးဟု စစ်ကောင်စီကဆိုသော်လည်း လက်ရှိအခြေအနေမှာ နိုင်ငံတဝှမ်း အချိန်ပိုင်း လျှပ်စစ်မီး ဖြတ်တောက်ကာ တရက်လျှင် ၁၂ နာရီသာ မီးသုံးစွဲခွင့်ရနေခြင်း ဖြစ်သည်။

ထို့အပြင် ယခင်က ထုတ်လုပ်ဖြန့်ဖြူးခဲ့သည့် Liquefied Natural Gas (LNG) ဓာတ်ငွေ့ဖြင့် လျှပ်စစ်ဓာတ်အားထုတ်လုပ်မှုအား ဓာတ်ငွေ့ဈေးတက်သဖြင့် ရပ်နားထားကြောင်းနှင့် လောပိတရေအားလျှပ်စစ် မှတဆင့် ထုတ်လုပ်ဖြန့်ဖြူးသည့် လျှပ်စစ်တာဝါတိုင်တစ်ချို့ ဖျက်ဆီးခံရ၍ ပြန်လည်ပြင်ဆင်နေ ခြင်းကြောင့် ယခုလို နိုင်ငံတဝှမ်း မြို့အတော်များများတွင် တစ်ရက်လျှင် ၁၂ နာရီသာ မီးသုံးစွဲ ရရှိနေခြင်းဖြစ်သည် ဟု သိရသည်။