Home သတင်း ပုလောကုန်းဒေသတွင် စစ်ကောင်စီ၊ ပျူစောထီး နှင့် ဒေသခံ PDF ပူးပေါင်းတပ်ဖွဲ့အကြား တိုက်ပွဲ ပြင်းထန်နေ

ပုလောကုန်းဒေသတွင် စစ်ကောင်စီ၊ ပျူစောထီး နှင့် ဒေသခံ PDF ပူးပေါင်းတပ်ဖွဲ့အကြား တိုက်ပွဲ ပြင်းထန်နေ

953
Photo: CJ

မတ်လ ၁၆ ရက်၊ ၂၀၂၂ ခုနှစ်။ ကေအိုင်စီ

တနင်္သာရီတိုင်း၊ မြိတ်ခရိုင်၊ ပုလောမြို့နယ်၊ ပုလောကုန်းဒေသတွင် ယနေ့ နံနက် ၆ နာရီကစ၍ ဒေသတွင်း ပျူစောထီး၊ စစ်ကောင်စီပူးပေါင်းတပ်ဖွဲ့နှင့် ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(PDF)ပူးပေါင်းတပ်ဖွဲ့များအကြား တိုက်ပွဲပြင်းထန်နေကြောင်းဒေသခံ အမျိုးသမီးတစ်ဦးက ပြောသည်။

၎င်းက “တိုက်ပွဲက မနေ့ကတည်းက ဖြစ်ဖို့ရှိတယ်။ ဒါပေမဲ့ မဖြစ်ဘဲနဲ့ ဒီမနက်က စဖြစ်တာ။ စဖြစ်တာက ပျူစောထီး ဘက်က စပစ်တာ။ ဒီမနက် ၆ နာရီလောက် စပစ်ကြတာ။ အခုထိပဲ။ အခြေအနေကတော့ တော်တော်ဆိုးတယ်။ သူတို့က လက်နက်ကြီးပါ သုံးနေကြတာလေ။ သတိထား မိသလောက် လက်နက်ကြီး ဆယ်ချက်အချက် နှစ်ဆယ်လောက် ရှိပြီး။ ဘေးပတ်ဝန်းကျင်က ရွာသားတွေတော့ အကုန်ပြေးကုန်ပြီး” ဟု ကေအိုင်စီသို့ ပြောသည်။

အဆိုပါ တိုက်ပွဲဖြစ်ပွားရာနေရာသည် ပုလောကုန်းကျေးရွာအနီးတွင် ဖြစ်ပွားနေခြင်းဖြစ်ပြီး လက်ရှိ ပုလောကုန်း နတ်အိမ်ထောင်၊ ကမိုင်အစရှိသည့် ကျေးရွာမှ ဒေသခံအားလုံးနီးပါးဘေးလွတ်ရာ ထွက်ပြေးသွားပြီးဖြစ်သလို စစ်ကောင်စီဘက်ကလည်း တပ်အင်အား ပိုတိုးလာကြောင်း အဆိုပါ ဒေသခံ အမျိုးသမီးက ဆက်ပြောသည်။

၃ နာရီကျော်ကြာဖြစ်ပွားနေသည့် အဆိုပါ လက်ရှိ တိုက်ပွဲတွင် စစ်ကောင်စီဘက်၌ ၁၀ ခန့် ကျဆုံးသွားပြီးဖြစ် ကြောင်း ဒေသခံ PDF များ၏ ပြောဆိုချက်ကို ကိုးကား၍ တိုက်ပွဲအနီးရှိနေသည့် ဒေသခံ အမျိုးသမီးက ဆက်ပြောသည်။ လက်ရှိတွင် စစ်တပ်၏ စစ်ကူအများအပြာ ပို့ဆောင်လာသော်လည်း PDF နယ်မြေအတွင်းသို့ ဝင်ရောက် နိုင်ခြင်းမရှိသေးကြောင်းလည်း သိရသည်။

ယနေ့ တိုက်ပွဲဖြစ်ရသည့် အကြောင်းအရင်းမှာ ပုလောကုန်း ဒေသ ပျူစောထီး၏ အစ်ကို ဖြစ်သူ ပုလောကုန်း ကျေးရွာအုပ်ချုပ်ရေးမှူးမှ ပုလောကုန်း ကျေးရွာသားအချင်းချင်း သတ်ဖြတ်ကြခြင်းအပေါ် PDF အဖွဲ့လက်ချက် ကြောင့်ဟုဆိုကာ ဒေသခံ PDF များကို အရင်စပစ်ခြင်းဖြစ်ကြောင်းပြောဆိုသည်။

လက်ရှိ တိုက်ပွဲတွင် ဒေသခံ ပုလော PDF များအပြင် KPDF နှင့် နယ်မြေခံ ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော်-KNLA တပ်ဖွဲ့ဝင်များလည်း ပါဝင်နေကြောင်းသိရသည်။