Home သတင်း တောင်စွန်းဘုန်းကြီးကျောင်းဝင်းအတွင်း တပ်စွဲထားသည့် စစ်ကောင်စီတပ် ထွက်သွားရန် ရွာသားလိုလား

တောင်စွန်းဘုန်းကြီးကျောင်းဝင်းအတွင်း တပ်စွဲထားသည့် စစ်ကောင်စီတပ် ထွက်သွားရန် ရွာသားလိုလား

1398

မတ်လ ၂၃ ရက်၊ ၂ဝ၂၂ ခုနှစ်၊ ကေအိုင်စီ

ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ် တောင်စွန်းရွာဘုန်းတော်ကြီးကျောင်းဝင်းတွင် စစ်မြေပြင်သဖွယ် ကတုတ်ကျင်းများတူးထားပြီး တပ်စွဲနေထိုင်သည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များ ထွက်ခွာသွားကြရန် ရွာသားများက လိုလားနေကြသည်ဟု သိရသည်။

စစ်ကောင်စီတပ်ဖွဲ့များနှင့် နယ်ခြားစောင့်တပ် (BGF) အမှတ် ၁၀၂၁ တပ်ရင်းတို့သည် ယခင်က ဘုန်းကြီးကျောင်းဝင်းထဲတွင် ၎င်းတို့ ၃ ရက်သာ တည်းခိုနေထိုင်မည်ဟု ပြောဆိုထားသော်လည်း ယခုချိန်ထိ တပ်စွဲထား၍ စစ်မြေပြင်သဖွယ် ကတုတ်ကျင်းများတူးထားကာ နေထိုင်နေလျက်ရှိသည့်အတွက် တိုက်ပွဲ ဖြစ်ပွားလာမည်ကို စိုးရိမ်နေကြရသည်ဟု ရွာသားများက ပြောသည်။

ရွာသားတစ်ဦးက “ ဘုန်းကြီးကျောင်းမှာ ၃ ရက်ပဲနေမယ်ပြောပြီး အခုထိနေကြတယ်။ ဘုရားကုန်းမြေမှာ စစ်တပ်စခန်း ကျောင်းဝင်းထဲမှာတော့ BGF နေတယ်။ မူးလို့သေနတ်ပစ်ဖောက်ရင် ရွာသားတွေရော ဘုန်းကြီးတွေပါ ကြောက်လို့ပုန်းရှောင်နေရတယ်။ သာရေးနာရေးကိစ္စ ညနေမိုးချုပ်ရင် ဘယ်သူမှဘုန်းကြီး ကျောင်းကို မသွားရဲတော့ဘူး။ သူတို့နေတဲ့နေရာမှာ‌ ပြန်သွားစေချင်တယ်” ဟု ယမန်နေ့ မတ်လ ၂၂ ရက်နေ့တွင် ကေအိုင်စီသို့ ပြောသည်။

KNU ဒူးပလာယာခရိုင်၊ ဝင်းရေးမြို့နယ်၏ ထိန်းချုပ်နယ်မြေတွင်ရှိသည့် တောင်စွန်းရွာသည် ပြီးခဲ့သည့် အောက်တိုဘာလတွင် KNU နှင့် စစ်ကောင်စီတပ်ဖွဲ့တို့ နှစ်ဖက်ပစ်ခတ်မှုဖြစ်ပွားပြီးနောက် KNU ၏ လွတ်ရှမ်းနယ်မြေလုံခြုံရေးဂိတ်နှင့် တောင်စွန်းရွာဘုန်းကြီးကျောင်းဝင်းများတွင် စစ်ကောင်စီနှင့် BGF တပ်တို့ ဝင်ရောက်တပ်စွဲနေထိုင်လာခဲ့သည်မှာ ၅ လနီးပါးရှိလာပြီးဟု နယ်မြေခံ KNU တာဝန်ရှိသူများက ပြောသည်။

လက်ရှိ စစ်ကောင်စီတပ်များသည် တောင်စွန်းရွာနှင့် အနန်းကွင်းရွာများတွင် တပ်စခန်းဆောက်နေထိုင်ခဲ့ကြသည့်အပြင် ပစ်ခတ်မှုဖြစ်ပြီးနောက်ပိုင်း ကျေးရွာဘုန်းကြီးကျောင်းဝင်းနှင့် လမ်းမတစ်လျှောက်တွင် တပ်စွဲနေထိုင်မှုလည်းရှိပြီး ၎င်းတို့တပ်စခန်းမှ မကြာခဏဆိုသလို သေနတ်ရမ်းသမ်းပစ်ဖောက်မှုများ လုပ်ဆောင်သည့်အတွက် ရွာသားများမှာ ဘေးလွတ်ရာသို့ ထွက်ပြေးပုန်းရှောင်နေထိုင်ကြရသည်ဟု သိရသည်။

တောင်စွန်းရွာအခြေစိုက် စစ်ကောင်စီ၏ ခလရ ၂၈၃ တပ်ရင်းသည် ပြီးခဲ့သည့် ၂၀၂၁ ခုနှစ်၊ အောက်တိုဘာလတွင် နှစ်ဖက်တပ်သတ်မှတ်နယ်မြေကို ကျူးကျော်ဝင်ရောက်လာသည့်အတွက် KNLA တပ်ဖွဲ့ဝင်နှင့် ထိပ်တိုက်ပစ်ခတ်မှု စတင်ဖြစ်ပွားခဲ့သည်။ ထိုသို့ပစ်ခတ်မှုဖြစ်ပွားပြီးနောက် စစ်ကောင်စီတပ်နှင့် BGF တပ်ဖွဲ့ဝင်များသည် တပ်အင်အားအလုံးအရင်းဖြင့် သံဖြူဇရပ်-ဘုရားသုံးဆူလမ်းတစ်လျှောက်နှင့် ဘုန်းတော်ကြီးကျောင်းအချို့တွင် တပ်စွဲနေထိုင်လာခဲ့ခြင်းဖြစ်သည်ဟု ဒေသခံရွာသားများက ပြောဆိုသည်။