Home သတင်း ကရင်ပြည်နယ်အတွင်း (၁၀)တန်း စာမေးပွဲဖြေရန် စာရင်းပေးထားသူ (၅,၉၀၃)ဦးရှိပြီး ယခင်နှစ်များထက် သုံးပုံနှစ်ပုံခန့် လျော့ကျ

ကရင်ပြည်နယ်အတွင်း (၁၀)တန်း စာမေးပွဲဖြေရန် စာရင်းပေးထားသူ (၅,၉၀၃)ဦးရှိပြီး ယခင်နှစ်များထက် သုံးပုံနှစ်ပုံခန့် လျော့ကျ

1478
Photo# ယခင်နှစ်က ၁၀ တန်း စာမေးပွဲဖြေဆိုကြသည့် ကျောင်းသား/သူများ (KIC)

မတ်လ ၉ ရက် ၂၀၂၂ခုနှစ်။ကေအိုင်စီ

၂၀၂၁-၂၀၂၂ ခုနှစ် ပညာသင်နှစ်အတွက် မြဝတီမြို့အပါအဝင် ကရင်ပြည်နယ်အတွင်း ၇ မြို့နယ်မှ (၁၀)တန်းစာမေးပွဲ ဖြေဆိုရန် စာရင်းပေးထားသူ (၅,၉၀၃) ဦးရှိပြီး ယခင်နှစ်များက ထက်စာလျှင် ဖြေဆိုသူ သုံးပုံနှစ်ပုံခန့်လျော့ကျသွားကြောင်း သိရသည်။

ယခု ပညာသင်နှစ်တွင် ကရင်ပြည်နယ် (၇) မြို့နယ်မှ ကျောင်းသား/သူ စုစုပေါင်း (၅,၉၀၃)ဦး ဖြေဆိုခွင့်လျှောက်လွှာများ တင်သွင်းထားသည်ဟု ပြည်နယ်ပညာရေးမှူးရုံးက သတင်း ထုတ်ပြန်ထားသည်။

ကရင်ပြည်နယ်အတွင်း မြို့နယ်အလိုက် ဖြေဆိုခွင့် လျှောက်လွှာတင်ထားသူလူစာရင်းမှာ ဖားအံမြို့နယ်မှ (၂,၀၄၉)ဦး၊ လှိုင်းဘွဲမြို့နယ်မှ (၈၈၇)ဦး၊ သံတောင်ကြီးမြို့နယ်မှ (၂၀၀) ဦး၊ ဖာပွန်မြို့နယ်မှ (၂၄၂)ဦး၊ ကော့ကရိတ်မြို့နယ်မှ (၁,၁၂၀)ဦး၊ ကြာအင်းဆိပ်ကြီးမြို့နယ်မှ (၇၄၀)ဦးနှင့် မြဝတီမြို့နယ်မှ (၆၆၅)ဦး စုစုပေါင်း ၅,၉၀၃ ဦးရှိပြီး ထိုထဲတွင် ကျောင်းတွင်းဖြေဆိုမည့်သူ ၄,၅၁၄ ဦး နှင့် ပြင်ပဖြေဆိုမည့်သူ ၁,၃၈၉ ဦး ဖြေဆိုခွင့် လျှောက်လွှာတင်ထားကြောင်း ကရင်ပြည်နယ် ပညာရေမှူးရုံး၏ သတင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

“ယခင်ကိုဗစ်ကာလမဖြစ်ခင် ၂၀၁၉-၂၀၂၀ ပညာသင်နှစ်မှာ မြဝတီက ၁၀ တန်းဖြေတဲ့သူ ၁,၈၉၄ ဦး ရှိခဲ့တယ်။ ထိုထဲမှာ ကျောင်းပြင်ပ ဖြေဆိုသူ ၄၀၀ ကျော် ရှိခဲ့ပါတယ်။ အခုပညာသင်နှစ်မှာတော့ ဖြေဖို့ လျှောက်လွှာတင်ထားတဲ့သူက ၆၆၅ ယောက်ပဲ ရှိတာဆိုတော့ အရင်ကထက် ဖြေဆိုသူ သုံးပုံနှစ်ပုံခန့် လျှော့ကျသွားတယ်ပေါ့”ဟု မြဝတီမြို့နယ် ပညာရေးမှူးရုံးနှင့် နီးစပ်သူတစ်ဦးက ပြောသည်။

၂၀၂၁-၂၀၂၂ ခုနှစ် ပညာသင်နှစ် ၁၀ တန်းစာမေးပွဲကို လာမည့် မတ်လ ၃၀ ရက်နေ့မှ ဧပြီလ ၉ ရက်နေ့ထိ ပြုလုပ်သွားမည်ဖြစ်ပြီး ကရင်ပြည်နယ်တွင် စာစစ်ဌာန (၂၈)ခုထားရှိ ဖွင့်လှစ်သွားမည်ဟု သိရသည်။