မတ်လ ၆ ရက်၊ ၂၀၂၂ခုနှစ်။ကေအိုင်စီ
ဖာပွန်မြို့အခြေစိုက် စစ်ကောင်စီတပ်၏ ယမန်နေ့ ညပိုင်းအချိန် လက်နက်ကြီး ပစ်ခတ်မှုကြောင့် မူတြော် (ဖာပွန်)ခရိုင်၊ ဘူးသိုမြို့နယ်၊ မယ်ကလော ကျေးရွာအုပ်စု၊ ကလော်ဒေး ကျေးရွာရှိ ၂ နှစ်သမီး အရွယ်ကလေးငယ်နှင့် ကိုယ်ဝန်ဆောင်မိခင်အပါအဝင် ဒေသခံ အရပ်သား (၇) ဦး ထိခိုက်သေဆုံးခဲ့ကြောင်း ကရင်ငြိမ်းချမ်းရေးအထောက်အကူပြုကွန်ယက် (KPSN) ထုတ်ပြန်ထားချက်အရ သိရသည်။
ယမန်နေ့ မတ်လ ၅ ရက်နေ့ ညနေပိုင်း ၇ နာရီ မိနစ် ၂၀ အချိန်ခန့်တွင် စစ်ကောင်စီဘက်မှ ကလော်ဒေးကျေးရွာ ဘက်သို့ လက်နက်ကြီး ပစ်ခတ်လိုက်ခြင်းကြောင့် ၂ နှစ်သမီးအရွယ် ကလေးငယ်တစ်ဦး၊ ၅ နှစ်သမီးအရွယ် ကလေးငယ်တစ်ဦးနှင့် ကိုယ်ဝန်ဆောင် အမျိုးသမီးတစ်ဦးအပါအဝင် စုစုပေါင်း အမျိုးသမီး ၅ ဦးနှင့် အမျိုးသား ၂ ဦး ထိမှန်သေဆုံးခဲ့ပြီး ၄ ဦး အပြင်းအထန် ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း KPSN ၏ ပြောခွင့်ရ နော်ဝါးခူရှီးက ယခုလိုပြောသည်။
၎င်းက “ရွာသားတွေက ပြန်လာအိပ်တဲ့အချိန်မှာ ဖာပွန်ဘက်မှာရှိတဲ့ စစ်တပ်စခန်းကနေ လက်နက်ကြီးနဲ့ ပစ်လိုက်တာ အဲ့မှာ ၇ ယောက်သေသွားတယ်။ ၄ ယောက်က ဒဏ်ရာ ပြင်းပြင်းထန်ထန် ရသွားတယ်။ ဒဏ်ရာ ရတဲ့အထဲမှာလည်း ၃ နှစ်အရွယ်တစ်ယောက်ပါတယ်။” ဟု ကေအိုင်စီသို့ ပြောသည်။
ထို့အပြင် စစ်ကောင်စီအနေဖြင့် အရပ်သားများအပေါ် ပစ်မှတ်ထား တိုက်ခိုက်မှုသည် ယခုလက်ရှိအချိန်တွင် ပထမဦးဆုံးအကြိမ်မဟုတ်တော့ဘဲ အမြဲတမ်းလုပ်ဆောင်နေခြင်းဖြစ်ကြောင်းနှင့် အဆိုပါ လုပ်ရပ်များသည်လည်း နိုင်ငံတကာရာဇဝတ်မှု ကျူးလွန်းခြင်းဖြစ်သောကြောင့် နိုင်ငံတကာအနေဖြင့် အရေးယူမှုများ၊ စီးပွားရေးအရ ပိတ်ဆို့မှုများ လုပ်ဆောင်သွားရန် ယခင်ကတည်းက အစဉ်တစိုက်တိုက်တွန်းတောင်းဆိုခဲ့ရခြင်းဖြစ်သည်ဟု လည်း နော်ဝါးခူရှီးက ဆက်ပြောသည်။
ယမန်နေ့ည ပစ်ခတ်မှုတွင် သေဆုံးသွားသူများမှာ ကလော်ဒေး ကျေးရွာနေ အသက် ၂ နှစ်အရွယ် နော်တာလူ၊ အသက် (၅) နှစ်အရွယ် နော်ထူးဖော၊ အသက် (၁၄) နှစ်အရွယ် နော်တင်နီလာဝင်း၊ အသက် ၁၉ နှစ်အရွယ် စောဒေးဖိုး၊ အသက် ၄၀ အရွယ် စောကေ၊ အသက် ၂၂ နှစ်အရွယ် နော်အယ်မူးနှင့် အသက် ၃၂ နှစ်အရွယ် နော်ဖောဝါးတို့ ဖြစ်ကြပြီး အပြင်းအထန် ထိခိုက်ဒဏ်ရာ ရရှိသူများမှာ အသက် ၃ နှစ်အရွယ် စောကျော်ဘိ၊ အသက် (၁၇) နှစ်အရွယ် နော်စပေါ်၊ အသက် ၂၈ နှစ်အရွယ် နော်ကလိဆဲ နှင့် အသက် ၂၈ နှစ်အရွယ် မောင်ညွန့်ထူးတို့ဖြစ်ကြောင်း သိရသည်။
ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၄ ရက်နေ့တွင်လည်း စစ်ကောင်စီတပ်မှ လေယာဉ်ဖြင့် ဗုံး ၂ လုံး လာ ရောက်ကြဲချမှုကြောင့် မူတြော်(ဖာပွန်)ခရိုင် ဒွယ်လိုးမြို့နယ်၊ မာထောအုပ်စု၊ တဒွံခို့ကျေးရွာမှ ရွာသား ၂ ဦးသေဆုံးပြီး ကလေးငယ်အပါအဝင် ၆ ဦးထိခိုက်ဒဏ်ရာရရှိခဲ့သည်။
ထို့အတူ ပြီးခဲ့သည့် ဇန်နဝါရီလ ၂၉ ရက်နေ့ကလည်း မူတြော်(ဖာပွန်)ခရိုင် တောင်သုံးလုံးစခန်းတွင်အခြေစိုက်သည့် စစ်ကောင်စီတပ်နှင့် နယ်ခြားစောင့်တပ်-BGF တပ်ဖွဲ့မှ ထီးလော်သိထာကျေးရွာထဲသို့ လက်နက်ကြီးများနှင့် ပစ်ခတ်သည့်အတွက် သုံးလသားအရွယ် ကလေးငယ်တစ်ဦးနှင့် အသက်၂ဝ အရွယ် မိန်းကလေးတစ်ဦးသေဆုံးကာ ၅ ဦးထိခိုက်ဒဏ်ရာရရှိခဲ့သေးသည်။