Home ဆောင်းပါး ရယ်၍ ငို၍ မရသောနေ့ | ဒဿန (မြစ်ဝကျွန်းပေါ်)

ရယ်၍ ငို၍ မရသောနေ့ | ဒဿန (မြစ်ဝကျွန်းပေါ်)

256

ရယ်၍ ငို၍ မရသောနေ့

ဒဿန (မြစ်ဝကျွန်းပေါ်)

(၁၄ ဖေဖော်ဝါရီ၊ ၂၀၂၂)

စာရေးသူငယ်ငယ်က နာမည်ကြီး ဒါရိုက်တာ သရုပ်ဆောင် မြတ်လေး ရေးသားရိုက်ကူး သရုပ်ဆောင်သည့် “ငို၍ရယ်၍ မရသော မျက်နှာ”ဆိုသည့်အတိုင်း ယနေ့ကို (ရယ်၍ငို၍ မရသောနေ့)လို့သာ အမည်ပေးလိုက်ချင်ပါသည်။

အေဒီ ၂၆၉ အီတလီနီုင်ငံတွင် စစ်ပွဲများဖြစ်ပွားနေသည့်အချိန် အမျိုးသားများ စစ်ရေးတွင် အားထားနေရချိန် အီတလီ ဧကရာဇ် ဒုတိယမြောက်ကလောဒီးယာ့စ် (Claudius-II)မှ စစ်ရေးတွင် အရွယ်ရောက်သူ အမျိုးသားကလေးများအား အချစ်ရေးအိမ်ထောင်ကို အရေးမထားဘဲ စစ်ရေးအတွက် အသုံးချနိုင်ရန် လက်ထပ်ခွင့်ကို ကန့်သတ်တားမြစ်ခဲ့သည်။ ဤသို့ဖြင့် ခရစ်ယာန်သူတော်စင်ဘုန်းတော်ကြီး St.Valentine (စိန့်ဗာလင်တိုင်း)မှ လူငယ်ချစ်သူစုံတွဲများအား လက်ထပ်ပေးခဲ့သည်။ အီတလီဧကရာဇ် ဒုတိယမြောက် ကလောဒီးယာ့စ် (Claudius-II)မှ သူ့အမိန့်ကို မလိုက်နာခြင်း ကြောင့် ခရစ်ယာန်သူတော်စင်ဘုန်းတော်ကြီး St.Valentine (စိန့်ဗာလင်တိုင်း-၄၃နှစ်)အား အီတလီဧကရာဇ် ဒုတိယ မြောက် ကလောဒီးယာ့စ်(Claudius-II)မှ အေဒီ ၂၆၉ ဖေဖော်ဝါရီလ (၁၄)ရက်နေ့တွင် ကွပ်မျက်ခဲ့သည်။

အေဒီ ၄၆၉တွင် ကမ္ဘာအရပ်ရပ်လူငယ်များက သူတော်စင် St.Valentine (စိန့်ဗာလင်တိုင်း) ကွပ်မျက်ခံရသည့် ဖေဖော် ဝါရီလ (၁၄)ရက်နေ့ကို အမှတ်ရခြင်း၊ ဂုဏ်ပြုခြင်းအတွက် ချစ်သူများနေ့ဟု သတ်မှတ်ခဲ့ကြသည်။ ယနေ့ မြန်မာနိုင်ငံ သာမက ကမ္ဘာအရပ်ရပ်မှ ချစ်သူများနေ့ကို ခရစ်ယာန်သူတော်စင်ဘုန်းတော်ကြီး St.Valentine (စိန့်ဗာလင်တိုင်း)အား အမှတ်ရ ဂုဏ်ပြုလေးစားခြင်းအားဖြင့် ချစ်သူများနေ့ရောက်တိုင်း လူငယ်များ မိမိတို့ချစ်ခြင်းမေတ္တာ အမှတ်တရနေ့ အဖြစ် ခရစ်ယာန်သူတော်စင်ဘုန်းတော်ကြီး St.Valentine (စိန့်ဗာလင်တိုင်း)ကို အမှတ်ရဂုဏ်ပြုခြင်းဖြင့် ချစ်သူချင်း အမှတ်တရလက်ဆောင်များ ပေးကြသည်။ မှတ်တမ်းတင်ဓာတ်ပုံရိုက်ခြင်း၊ ချစ်မေတ္တာသစ္စာပြုခြင်းများပြုကြသည်။

ဤကဲ့သို့ ကမ္ဘာအရပ်ရပ်ချစ်သူများနေ့ ပျော်ရွှင်ကြသည့်နေ့တွင် မရယ်နိုင်ဘဲ ဝမ်းနည်းရသည့်နေ့မှာ ဆယ်စုနှစ်တစ်ခု ပင်ကျော်ခဲ့ပြီးဖြစ်သည်။ ကရင့်နိုင်ငံရေး၊ မြန်မာပြည် ပြည်ထောင်စုစစ်စစ်အရေး၊ မြန်မာ့ဒီမိုကရေစီအရေးတွင် အစား ထိုးမရနိုင်သည့် ဆုံးရှုံးမှုတစ်နေ့ပင် ဖြစ်ခဲ့သည်။

ဖေဖော်ဝါရီလ (၁၄)ရက်၊ ချစ်သူများနေ့တွင် ကမ္ဘာအရပ်ရပ်လူငယ်များ ချစ်မေတ္တာပန်းပေး၍ အမှတ်တရ ပျော်ရွှင်ကြ သည့်နေ့ ၂၀၀၈ခုနှစ်၊ ဖေဖော်ဝါရီလ (၁၄)ရက်နေ့ ညနေ(၄း၄၆)တွင် ထိုင်းနိုင်ငံ၊ မဲဆောက်မြို့ ပဒိုမန်းရှာနေအိမ်သို့ လူသတ်သမားများကို သယ်ဆောင်လာသည့် ကားတစ်စီးရောက်လာခဲ့သည်။ ကားကိုစက်မောင်းထားကာ ယာဉ်မောင်း နှင့်တစ်ဦး ကားထဲတွင်ကျန်ခဲ့ပြီး အသားဖြူဖြူ၊ အရပ်မြင့်မြင့်တစ်ဦးက လှေခါးနှစ်ထစ်လောက်တွင်ရပ်နေပြီး အသား ညိုညို အရပ်သာမန် ဆေးမှင်ကြောင်ထိုးထားသူတစ်ဦး လက်ထဲ ပန်းခြင်းကိုကိုင်ဆောင်၍ အိမ်ရှေ့လေသာဆောင် လှေခါးမှတဆင့် တက်လာပြီး လှေခါးထိပ်တွင်ထိုင်နေသည့် ပဒိုမန်းရှာအား ကရင်ဘာသာဖြင့် “ဟားလဲဂေ အတီး” (ကောင်းသော ညနေခင်းပါ ဦးလေး)ဟု နှုတ်ဆက်ရင်း သေနတ်ဖြင့် (၂)ချက်ပစ်ခဲ့ရာ ပဒိုမန်းရှာလည်း နေရာမှာပင် ကျဆုံးခဲ့သည်။ နောက်တစ်ဦး ပြန်တက်လာကာ သေနတ်ဖြင့် နောက်တစ်ချက် ထပ်ပစ်ခဲ့သည်။

အိမ်အောက်ထပ်၌ရှိနေသူ ပဒိုမန်းရှာ၏သားကြီး စစေးစေးဖန်းမှတက်လာပြီး ဖခင်ကျဆုံးကြောင်းတွေ့ရသဖြင့် ဖခင် အားဖက်၍ငိုပြီး “အဘိုးကြီး မရှိတော့ဘူး”ဟု အိမ်နီးနားတို့အား အကူအညီတောင်းချိန် လူသတ်သမားတို့၏ကားမှာ ခြံရှေ့မှအရှိန်ဖြင့် မောင်းထွက်သွားခဲ့သည်။ လက်နက်ကျွမ်းကျင်သူများ၏ အဆိုအရ ဒဏ်ရာသုံးချက်တွင် ကျည်ဖြင့်ပစ် ခတ်ကြောင်း အတည်ပြုခဲ့ကြသည်။

လူသတ်သမားများသည် မြန်မာဘက်ကမ်း မြဝတီမြို့နယ်၊ ရွှေကုက္ကိုရွာမှတဆင့် သောင်ရင်းမြစ်တဖက်ကမ်း ထိုင်းနိုင် ငံ၊ မဲလမမြို့နယ် ဝမ်းဖာရွာ ထိုမှတဆင့် ထိုင်းနိုင်ငံ၊ မဲဆောက်မြို့ မဲပကျေးရွာ၊ အမှတ်(၁)ရပ်ကွက်၊ အိမ်အမှတ်(၂၂၉) ထိုင်းသစ်စက်သူဌေး ခွန်စီရာတ်ဘွန်းထံမှ တိုယိုတာဟိုင်းလတ်အမျိုးအစား ကားအမှတ် ထိုင်းအက္ခရာ-ချော်ခန်းထော် ၄၂၅ကိုငှားရမ်းပြီး လုပ်ကြံမှုကို အသုံးချခဲ့ခြင်းဖြစ်သည်။ လုပ်ကြံမှုပြီးသည့်အခါ ထိုင်းနိုင်ငံ၊ မဲဆောက်မြို့နယ်၊ မဲပကျေး ရွာ ၎င်းနောက် မဲလမမြို့နယ်၊ ဝမ်းဖာရွာ။ ထိုမှတဆင့် သောင်ရင်းမြစ်ကိုကူးပြီး မြဝတီမြို့နယ်၊ ရွှေကုက္ကိုကျေးရွာသို့ ပြန်သွားကြသည်။

ပဒိုမန်းရှာလားဖန်းကို ၁၉၄၃ခုနှစ်၊ ဇူလိုင်လ (၅)ရက်နေ့၊ အဖ မန်းဘသုန်၊ အမိ ဂါ့တင်တို့မှ မြစ်ဝကျွန်းပေါ်ဒေသ မအူ ပင်ခရိုင်၊ ပန်းတနော်မြို့နယ်၊ တောကျောင်းရွာတွင် မွေးဖွားခဲ့သည်။ မွေးချင်း(၃)ဦးရှိပြီး ငယ်မည်မှာ စချစ်ရွှေဖြစ်သည်။ အငယ်ဆုံး ညီမမှာ ဂျပန်ခေတ် ကရင်-ဗမာ အဓိကရုဏ်းတွင် ရွာမှထွက်ပြေးခဲ့ချိန် ဆုံးပါးသွားခဲ့သည်။ ၁၉၄၉ခုနှစ်၊ ပြည်တွင်းစစ်ကာလ တောကျောင်းရွာ အမက၊ ရင်းတိုက်ကုန်း အလက၊ ပန်းတနော် အထကတို့တွင် မန်းရှာ ပညာသင် ကြားခဲ့သည်။ ၁၉၆၂ခုနှစ်၊ ရန်ကုန်တက္ကသိုလ်သို့ရောက်ခဲ့ပြီး ဇူလိုင်(၇)ရက် ကျောင်းသားအရေးအခင်းနှင့် ကြုံကြိုက်ခဲ့ ပြီး ၁၉၆၆ခုနှစ်တွင် သမိုင်းဘာသာအဓိကဖြင့် ဘွဲ့ရခဲ့သည်။

ကလေးဘဝ ဂျပန်ခေတ်တွင် မူလတန်းကျောင်းသားဘဝ၊ ပြည်တွင်းစစ်ကာလတွင် အလယ်တန်း-အထက်တန်း ကျောင်းသားဘဝ၊ တက္ကသိုလ်ကျောင်းသားဘဝ အာဏာရှင်နှင့် ကျောင်းသားပဋိပက္ခတို့ကို ဖြတ်သန်းခဲ့ပြီး ဘွဲ့ရရချင်း ထမင်းစားရမည့် ဘွဲ့လက်မှတ်ကိုပင် စောင့်မယူ၊ မွေးဇာတိရွာကိုမပြန် အစ်ကိုကြီးဖြစ်သူ မန်းတင်ရွှေ(အထက်တန်းပြ အငြိမ်းစား)အား ကရင်တော်လှန်ရေးထဲ ဝင်ခွင့်တောင်းကန်တော့ပြီး ညောင်လေးပင်ခရိုင်(KNUP)သို့ ရောက်ခဲ့သည်။ ထိုအချိန်မှစ၍ မန်းရှာလားဖန်းအမည်ကို သုံးခဲ့သည်။ အများအားဖြင့် ပဒိုမန်းရှာဟု လူသိများခဲ့သည်။ ၁၉၇၅ခုနှစ်မှစ၍ (KNUP) တပ်မဟာ(၃)၊ ညောင်လေးပင်ခရိုင် အတွင်းရေးမှူးအဖြစ် တာဝန်ထမ်းဆောင်ခွင့်ရခဲ့သည်။

၁၉၇၅ခုနှစ်၊ ဧပြီလတွင် ပဲခူးရိုးမမှ စစ်ရေးကြပ်တည်းမှုကြောင့် (KNUP)မှ ဗိုလ်ချုပ်မြမောင် ဦးစီးအင်အား ၁၀၀ကျော် အရှေ့တိုင်းသို့ထွက်လာခဲ့ကြသည်။ ထိုအထဲတွင် မြစ်ဝကျွန်းပေါ်ဒေသ မအူပင်ခရိုင်၊ ပန်းတနော်မြို့နယ် တောကျောင်း အုပ်စု နံဂါတ်ရိုးရွာသူဖြစ်သည့် KNUP ဆေးတပ်ဖွဲ့မှ တပ်စိတ်မှူး နမ့်ကျင်ရွှေလည်း ပါဝင်ခဲ့သည်။ ပဲခူးရိုးမမှ အရှေ့ တိုင်းသို့အကူ စစ်တောင်းမြစ်ကို စက်မပါ၊ ရွက်မပါ၊ တက်ဗလာ ဝါးဖောင်ဖြင့် ပစ်ခတ်မှုကြားတွင် ခက်ခက်ခဲခဲ ကူးခဲ့ရ သဖြင့် စစ်တောင်းမြစ်ထဲတွင် ကျား(၇)ဦး၊ မ(၂)ပေါင်း (၉)ဦး ရေနစ်ကျဆုံးခဲ့ပြီး အဝတ်အစားနှင့် စာရွက်စာတမ်းအချို့ လည်း ဆုံးရှုံးခဲ့သည်။ ကျဆုံးခဲ့သည့် ရဲဘော်ရဲမေအလောင်းများကို ပြန်ရှာတွေ့သည့်အခါ သေနတ်ကိုဖက်၍ သေဆုံး ကြောင်း ဝမ်းနည်းဖွယ် တွေ့ခဲ့ရသော်လည်း ဆက်လက် ချီတက်ရာ မာနယ်ပလာသို့ရောက်ခဲ့သည်။ ၁၉၇၅ခုနှစ်၊ ဇွန်လ (၂၆)ရက်နေ့၊ မာနယ်ပလောတွင် မြစ်ဝကျွန်းပေါ်တိုင်း၊ ပဲခူးတိုင်းမှ KNUP နှင့်အရှေ့တိုင်း KNUF တို့ ပေါင်းစည်း ကြပြီး KNU အမည်ကို ပြန်လည်သုံးစွဲခဲ့ကြသည်။

ထိုအချိန်တွင် မဟာမိတ်ဆက်ဆံရေး၊ နိုင်ငံတကာဆက်ဆံရေး၊ မြောက်ပိုင်းခရီးမှ ပြန်လာသည့်အဖွဲ့တွင် ပဒိုမန်းရှာ လည်း ပါဝင်ခဲ့သည်။ ငယ်စဉ်က ဆင်းရဲ၍ ရင်းတိုက်ကုန်း(အလက)တွင်သာ ပညာရေးရပ်ဆိုင်းပြီး တော်လှန်ရေးနယ် မြေ၊ ဘဝတက္ကသိုလ်သို့ရောက်ခဲ့သည့် KNUP ဆေးတပ်ဖွဲ့မှ တပ်စိတ်မှူး နမ့်ကျင်ရွှေနှင့် အထက်တန်းပညာလွန် မြောက် ရန်ကုန်တက္ကသိုလ်ရောက်ပြီး တော်လှန်ရေးထဲရောက်ခဲ့သူ မန်းရှာတို့ ငယ်စဉ်က ချစ်ကျွမ်းဝင်ခြင်းမရှိခဲ့သော် လည်း တော်လှန်ရေးရည်မှန်းချက် တူညီ၍ပဲလား၊ ဖူးစာရေးနတ်က ငယ်ငယ်ကတည်းက ရေးမှတ်ခဲ့၍ပဲလား၊ မာနယ်ပ လောတွင် ၁၉၇၆ခုနှစ်တွင် ဘဝချင်း ပေါင်းဖက်ခဲ့ကြသည်။ တော်လှန်ရေးလမ်းပေါ် အတူလက်တွဲလျှောက်ခဲ့ရင်း သား စစေးစေးဖန်း၊ သမီး နမ့်ဘွားဘွားဖန်း၊ သမီး နမ့်ဇိုယားဖန်း၊ သား စလုံ့ဖန်း ဟူ၍ သားသမီး(၄)ဦး တော်လှန်ရေးဘူမိ နက်သံတွင် မွေးဖွားခဲ့သည်။

ပဒိုမန်းရှာအား မြောက်ပိုင်းခရီးစဉ်တခုမှအပြန် တိုင်းရင်းသားမဟာမိတ်အဖြစ် KIA နှင့် စစ်ရေးမဟာမိတ်စာချုပ် ချုပ်ခဲ့ ရာ ဗဟိုစခန်းပြန်ရောက်သောအခါ ခေါင်းဆောင်တချို့၏ နားလည်မှုလွှဲမှားမှုကြောင့် ပဒိုမန်းရှာအား တော်လှန်ရေး တပ်သားအဖြစ် အဆင့်လျှော့ချ အရေးယူခံရဖူးသည်။ သို့သော် ပဒိုမန်းရှာသည် တော်လှန်ရေးကို သစ္စာမဖောက်ဘဲ ပေးသည့်အပြစ်ကို ခံယူခဲ့သည်။ (မှတ်ချက် – ထိုစဉ်က ပဒိုမန်းရှာသည် မြောက်ပိုင်းခရီးစဉ်တွင် ခေါင်းဆောင်မဟုတ်ဘဲ ဒုခေါင်းဆောင်သာ ဖြစ်သည်)။ မန်းရှာ၏ ဇနီးနမ့်ကျင်ရွှေကလည်း တော်လှန်ရေးသစ္စာရှိသူပီပီ ခင်ပွန်းကို “မန်းရှာရေ-တော်လှန်ရေးကို ဆယ်နှစ်ဆယ်မိုးလုပ်လာတာ။ ဒါ ဆုလာဘ်ပဲနဲ့တူတယ်”လို့ ငြီးတွားခဲ့ရုံမှတပါး တော်လှန်ရေးကို သစ္စာမဖောက်ခဲ့ပေ။ ပတ္တမြားမှန်လျှင် “ရေမှာပစ် မနစ်၊ နွံမှာနစ် မညစ်” ဆိုသောစကားအရ နောင်တွင် လုပ်ဖော်ကိုင် ဖက်များ၏ တင်ပြမှုကြောင့် ပဒိုမန်းရှာအား ပြစ်ဒဏ်မှ ပြန်လည်ကင်းလွှတ်ပေးခဲ့သည်။

၁၉၈၄ခုနှစ်တွင် ပဒိုမန်းရှာသည် KNU ဗဟိုကော်မတီဝင်၊ အမျိုးသားဒီမိုကရေစီတပ်ပေါင်းစု(NDF) ဗဟို သဘာပတိ၊ ၁၉၈၈ခုနှစ်တွင် ဗိုလ်ချုပ်မြ၏ ကိုယ်ရေးအရာရှိ၊ ၁၉၈၉ခုနှစ်တွင် ဗမာပြည် ဒီမိုကရက်တစ်မဟာမိတ်(DAB) ဗဟိုအမှု ဆောင် ၁၉၉၂ခုနှစ် စက်တင်ဘာလ (၂၂)ရက်နေ့တွင် ပြည်ထောင်စုမြန်မာနိုင်ငံ အမျိုးသားကောင်စီ(NCUB)၏ တွဲဖက် အတွင်းရေးမှူး(၃) တာဝန်ကို ထမ်းဆောင်ခဲ့ရသည်။ ၁၉၉၅ခုနှစ်၊ (၁၁)ကြိမ်မြောက် KNU ကွန်ကရက်တွင် တွဲဖက်အ တွင်းရေးမှူး(၂)အဖြစ် ရွေးကောက်တင်မြှောက်ခြင်း ခံခဲ့ရသည်။

၁၉၉၅ခုနှစ်၊ ဒီဇင်ဘာလမှ ၁၉၉၆ခုနှစ်ကုန်အထိ KNU နှင့် နဝတ တွေ့ဆုံဆွေးနွေးပွဲပြုလုပ်ခဲ့ရာ ပဒိုမန်းရှာသည် ၁၉၉၅ တွင် ပထမအကြိမ်၊ ၁၉၉၆ခုနှစ် ဖေဖော်ဝါရီလတွင် မော်လမြိုင်မြို့၌ ဒုတိယအကြိမ် ဆွေးနွေးပွဲတွင် အဖွဲ့ခေါင်းဆောင်၊ ၁၉၉၆ခုနှစ်၊ ဇွန်လတွင် ဗိုလ်ချုပ်ကြီးစောတာမလာဘော ဦးဆောင်သည့် မော်လမြိုင် တတိယအကြိမ် ဆွေးနွေးပွဲတွင် ဒုခေါင်းဆောင်၊ ၁၉၉၆ နိုဝင်ဘာလတွင် ဗိုလ်ချုပ်ကြီးစောတာမလာဘော ဦးဆောင်သည့် စတုတ္ထအကြိမ်ဆွေးနွေးပွဲ တွင် ဒုခေါင်းဆောင်အဖြစ် ပါဝင်ခဲ့သည်။

၂၀၀၀ပြည့်နှစ် (၁၂)ကြိမ်မြောက် KNU ကွန်ကရက်တွင်လည်းကောင်း၊ ၂၀၀၄ခုနှစ် (၁၃)ကြိမ်မြောက် KNU ကွန်က ရက်တွင်လည်းကောင်း ပဒိုမန်းရှာအား KNU အထွေထွေအတွင်းရေးမှူးအဖြစ် ရွေးချယ်ခြင်းခံခဲ့ရသည်။ ပဒိုမန်းရှာ သည် အစည်းအဝေးများတွင် မတူညီသည့် သဘောထားများရှိပါက တစ်ဖက်သား လက်ခံနိုင်သည့်အထိ စိတ်ရှည်လက် ရှည် ဆွေးနွေးတတ်ခြင်းကြောင့် ဒီမိုကရေစီအင်အားစုများက သူ့အား လေးစားကြသည်။

ငြိမ်းချမ်းရေးဆွေးနွေးပွဲတိုင်းတွင်လည်း မြန်မာပြည်၏ နိုင်ငံရေးလိုအပ်ချက်ဖြစ်သော တိုင်းရင်းသားတန်းတူရေးနှင့် ကိုယ်ပိုင်ပြဌာန်းခွင့်ရှိသည့် ဖယ်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုတည်ဆောက်ရေးသာဖြစ်ကြောင်း၊ ဥက္ကဌကြီး မန်းဘ ဇန်၏ ‘တပ်ပေါင်းစုရှိမှ အောင်ပွဲခံနိုင်မည်’ဟူသော လမ်းညွှန်းချက်ကို ဦးထိပ်ထားခြင်းကြောင့် တိုင်းရင်းသားများက ပဒိုမန်းရှာအား လေးစားကြသည်။

၁၉၅၇ခုနှစ်၊ ဇူလိုင်လ (၃၁)။
သြဂုတ်လ (၂)ရက်နေ့၊ မော်ချီးအသံလွှင့်ရုံမှကမ္ဘာကိုကြေညာခဲ့သောစောဘဦးကြီးမူ(၄)ချက်ကို လမ်းညွှန်မှုထားပြီး လေးပါးသီလကဲ့သို့ စောင့်ထိန်းရန် KNU အတွင်း ခိုင်ခိုင်မာမာ စိုက်ထူနိုင်ခဲ့သူ ဖြစ်သည်။

ငြိမ်းချမ်းရေးဆွေးနွေးပွဲများတွင် စစ်အစိုးရမှ ငြိမ်းချမ်းရေးဆွေးနွေးရာ၌ လက်နက်ကိုင်ထားရန်မလို ပြောဆိုခြင်းနှင့် ပတ်သက်၍ “ခင်ဗျားတို့ကကော ကျနော်တို့က လက်နက်ချထားပြီး ဆွေးနွေး။ ခင်ဗျားတို့က လက်နက်ကိုင်ထားပြီး ဆွေးနွေးနေရင် ဆွေးနွေးမှုမပြေလည်ရင် ကျနော်တို့ကို တိုက်မှာလား။” တန်းတူရည်တူရှိသည့် ဆွေးနွေးမှုမျိုးကို ပြော လေ့ရှိသည်။ မာနယ်ပလောကျဆုံးပြီးနောက် အသစ်ပြန်လည်တည်ဆောက်သည့် မာနယ်ပလောစခန်းသစ်သို့ ငြိမ်းချမ်းရေးစကားကမ်းလှမ်းရန် ဦးတီခွန်မြတ်၊ ဦးအေစိုးမြင့်၊ စောထွန်းအောင်ချိန်၊ သိက္ခာတော်ရဆရာစောမာဂေကြီး နှင့် နိုင်ငံခြားသားတစ်ဦးတို့ ရောက်ရှိခဲ့သည်။

KNU အား အမျိုးသားညီလာခံလေ့လာသူအဖြစ် တက်ရောက်ရန် ညီလာခံဆုံးဖြတ်ချက်များ သဘောတူပါက လက်နက် ချရန် စကားဆိုခဲ့သည်။ ပဒိုမန်းရှာမှ သူ့ဆရာ သမိုင်းပါမောက္ခနှင့်ပတ်သက်ပြီးလျှင် သူ့ဆရာကို ဒီနေရာမှာတွေ့ရတာ စိတ်မကောင်းကြောင်း ရန်ကုန်တက္ကသိုလ်မှာ သိက္ခာရှိရှိ စာသင်နေတာပဲမြင်ချင်ကြောင်း ပြောခဲ့ဖူးသည်။ ငြိမ်းချမ်းရေး အကျိုးဆောင်အဖွဲ့အား “ကျနော်တို့ကို တိုက်မှာလား”ဟုမေးရာ ထိုအဖွဲ့က ကျနော်တို့က “ကကလှမ်းက လွှတ်တာ။ တိုက်တာမတိုက်တာက ကြည်း အလုပ်။”ဟု ပြန်ပြောခဲ့သည်။

ငြိမ်းချမ်းရေးဆွေးနွေးမှုနှင့် ပတ်သက်၍ သဘောတူညီမှုများ ဥပဒေသက်ရောက်မှုစွမ်းအား(LEGAL FORCE)ရှိရန်နှင့် သဘောတူညီမှုကို တဖက်ဖက်မှ မလိုက်နာလျှင် အရေးယူဆောင်ရွက်ခွင့်(Enforcement) ရှိရန် ကြားခံ နိုင်ငံတကာ အဖွဲ့အစည်းတခုခုပါရန် အမြဲတောင်းဆိုလေ့ရှိသည်။ စစ်မှန်သည့် ဆွေးနွေးမှုနှင့် ပြည်ထောင်စုတည်ဆောက်မှု မလုပ်မ ချင်း အစိုးရနှင့် အပေးအယူမလုပ်မှန်း သိလာကြသည့်အခါ စစ်အစိုးရမှ ပဒိုမန်းရှာအား သဘောထားတင်းမာသူဟု သတ်မှတ်လာကြသည်။

တပ်ပေါင်းစုအင်အား အခိုင်အမာ တည်ဆောက်ထားသည့် မာနယ်ပလောဒေသကို စစ်ရေးနှင့် တိုက်ခိုက်ခဲ့ရာတွင် KNU ဘက်မှ အကျအဆုံးများသလို မြန်မာစစ်အစိုးရဘက်မှလည်း KNU အခြေစိုက်စခန်းသတ်ကွင်းထဲသို့ ဝင်ရောက်ခဲ့မိခြင်း ကြောင့် တပ်ရင်းအလိုက် ကျဆုံးခဲ့သည်များလည်း ရှိခဲ့သည်။ စစ်အစိုးရမှ မာနယ်ပလောကို စစ်ရေးနှင့်တိုက်ခိုက်၍ မရ သောအခါ ၁၉၉၂ခုနှစ်တွင် တစ်ဖက်သတ်စစ်ရေးကို ရပ်ဆိုင်း၍ KNU အား ဘာသာရေး၊ စီးပွားရေးနှင့် ဖြိုခွဲခဲ့ရာ ၁၉၉၄ ခုနှစ်တွင် သူးမွဲထ(မြစ်ဆုံ) အရေးအခင်းပေါ်လာပြီး ၁၉၉၅ခုနှစ်၊ ဇန်နဝါရီလ (၂၆)ရက်နေ့တွင် မာနယ်ပလော ကျဆုံး ခဲ့သည်။

စစ်အစိုးရမှ ငြိမ်းချမ်းရေးအတွက် ဗိုလ်ချုပ်မြအား ဆက်လက်ချဉ်းကပ်ရာ ၂၀၀၄ခုနှစ်၊ ဇန်နဝါရီလ(၁၅)ရက်နေ့တွင် ရန်ကုန်ရောက် ဗိုလ်ချုပ်မြအား လူကြီးလူကောင်းသဘောတူညီမှု (Gentleman Agreement) အပစ်အခတ်ရပ်စဲရေး အထိ ဆောင်ရွက်နိုင်ခဲ့သည်။ စစ်ထောက်လှမ်းရေးအကြီးအကဲ ဗိုလ်ချုပ်စန်းပွင့်မှ မာနယ်ပလောကို တိုက်ခိုက်ရာတွင် ကျဆုံးခဲ့သည့်အလောင်းများ ဆက်လိုက်ပါက မော်လမြိုင်ကနေ ရန်ကုန်အထိရောက်လာကြောင်း DKBA ပါ၍သာ မာနယ်ပလောကိုရခဲ့ကြောင်း ပြောခဲ့သည်။

ဗိုလ်ချုပ်မြအား စစ်အစိုးရက ရန်ကုန်ဆေးလာကုရန် ဖိတ်ခေါ်ခဲ့ရာ ဗိုလ်ချုပ်မြက ပြီးပြည့်စုံသည့်ကရင်ပြည်နယ် မရ မချင်း ရန်ကုန်ကို ဆေးသွားမကုနိုင်ဟု မကွယ်လွန်မီ KNU အတွင်း ပြောခဲ့သည်။ ၂၀၀၃ခုနှစ်မှစတင်ပြီး စစ်အစိုးရမှ ဗိုလ်ချုပ်မြအား ချဉ်းကပ်ခဲ့သော်လည်း ၂၀၀၆ခုနှစ်၊ ဒီဇင်ဘာလ(၂၄)ရက်နေ့ ဗိုလ်ချုပ်မြကွယ်လွန်သည်အထိ အောင် မြင်မှု မရခဲ့ပါ။

ပဒိုမန်းရှာလုပ်ကြံမခံရမီ ပဒိုမန်းရှာကို ကရင်အမျိုးသားရေးထက် ဒီမိုကရေစီအရေး၊ ကရင့်တော်လှန်ရေးထက် မဟာ မိတ်အရေးထက်၊ ကရင်ပြည်အရေးထက် ဖယ်ဒရယ်အရေးကို ဦးစားပေးသူဟု ပဒိုဒေးဗစ်ထောကဲ့သို့ ဗဟိုအမြဲတမ်း ကော်မတီဝင်တချို့ အဆိုးမြင်ခဲ့ကြသည်။ စစ်အစိုးရနှင့်နီးစပ်သူ မြေပေါ်ကရင်အချို့ကလည်း ထိုနည်းအတိုင်း လိုက်ဖွခဲ့ ကြသည်။ ထို့ကြောင့်သာ နော်ဝေးအစိုးရရံပုံငွေဖြင့် (Myanmar Peace Center-MPC)မှ ဦးအောင်မင်းတို့က ဒေးဗစ်ထော ပညာသင်ဆုနှင့် ဒေးဗစ်ထောခန်းမ တည်ဆောက်ခဲ့ခြင်းဖြစ်သည်။

ပဒိုမန်းရှာကလည်း လူမျိုးစုံနေထိုင်သည့် မြန်မာနိုင်ငံတွင် (UNITY IN DIVERSITY)နိုင်ငံရေးယဉ်ကျေးမှုအရ ဖယ်ဒရယ် စနစ်ဖြင့်သာ နိုင်ငံရေးထွက်ပေါက်ဖြစ်၍ မြန်မာနိုင်ငံရေးသည်လည်း တိုင်းရင်းသားအရေးနှင့် ဒီမိုကရေစီအရေး ပေါင်း စပ်ရမည်ဆိုသည့် နိုင်ငံရေးမဟာဗျူဟာနှင့် တော်လှန်ရေးထဲမှာ အသိအမှတ်ပြုလိုက်သည့် လုပ်ဆောင်ချက်မရှိသော ခေါင်းဆောင်နိုင်ငံရေးမှာ ကျဆုံးခဲ့ကြောင်း၊ KNU ၏ နိုင်ငံရေးလမ်းမှန်ကို ချပြခဲ့သည်။ KNU အတွင်း၌လည်း ပြည်တွင်း စစ် နှစ်ရှည်လာခြင်းသည် အကျိုးမရှိ၊ အပစ်အခတ်ရပ်စဲပြီး ဒေသဖွံ့ဖြိုးရေးလုပ်ခြင်းသည်သာ အကျိုးရှိသည်ဟူသော အမြင် ပေါ်လာခဲ့သည်။ မြေပေါ်ရှိ ကရင်ဘာသာရေး၊ စီးပွားရေး၊ ပညာတတ်မျက်နှာကြီး ဝန်ထမ်းဟောင်း ကရင်များ သည်လည်း ပြည်တွင်းစစ်ကြောင့် နစ်နာဆုံးရှုံးမှုများရှိခြင်း၊ စစ်မရှိဘဲ စီးပွားရေးဖွံ့ဖြိုးမှုလုပ်ခြင်းသည်သာ တိုင်းပြည်၏ ထွက်ပေါက်ဖြစ်သည် ဆိုသည့်အမြင်များရှိလာကြသည်။

ထိုအခြေအနေတွင် မြေပေါ်မှ ကရင်ဘာသာရေး၊ စီးပွားရေး ပညာတတ်မျက်နှာကြီးများကို စစ်အစိုးရမှ ငြိမ်းချမ်းရေး အကျိုးတော်ဆောင်အဖြစ် အသုံးချလာကြရာ ၁၉၉၇ခုနှစ်၊ ဖေဖော်ဝါရီလ (၂၇)ရက်နေ့တွင် KNU တပ်မဟာ(၆)၊ တပ် ရင်း(၁၆)မှ စောသမူးဟဲ လက်နက်ချခဲ့ပြီး လက်နက်ချပွဲတွင် စစ်အစိုးရ ဒုတိယခေါင်းဆောင် ဗိုလ်မောင်အေးက ကရင် အမျိုးသားအလံတော်အား ခြေဖြင့်နင်းသည့် ဗီဒီယိုဖိုင်များ ထွက်ပေါ်ခဲ့သည်။ ၎င်းနောက် KNU ဗဟိုကော်မတီဝင် သစ်တောရေးရာတာဝန်ခံ ပဒိုအောင်ဆန်းလက်နက်ချပြီး ၂၀၀၇ခုနှစ်၊ ဖေဖော်ဝါလ (၇)ရက်နေ့တွင် တပ်မဟာ(၇) တပ်မဟာမှူး ဗိုလ်မှူးချုပ်စောထိန်မောင် လက်နက်နှင့်ငြိမ်းချမ်းရေး လဲလှယ်အညံ့ခံခဲ့ရသည်။

ဗိုလ်သာရှီး၊ ဗိုလ်ကြည်လင်းတို့ လုပ်ကြံခံရမှု ဗိုလ်ထိန်မောင်သားသမက် ဗိုလ်လယ်မူး ကုတင်အောက် ဗုံးပေါက်ကာ လုပ်ကြံခံရမှုများနှင့်ပတ်သက်၍ စစ်အစိုးရက အခွင့်ကောင်းယူပြီး ပဒိုမန်းရှာလက်ချက်ဟု ဝါဒဖြန့်ခဲ့သလို ပြည်တွင်းမှ စစ်အစိုးရနှင့် နီးစပ်သူများကလည်း ဟန်ချက်ညီညီ သံယောင်လိုက် ဝါဒဖြန့်ခဲ့ကြသည်။ ပဒိုမန်းရှာ နောက်ဆုံး တက် ရောက်ခဲ့သည့် KNU ဗဟိုအမြဲတမ်းကော်မတီ အစည်းအဝေးတစ်ခုတွင် ပဒိုမန်းရှာက “ဗိုလ်သာရှီး၊ ဗိုလ်ကြည်လင်း၊ ဗိုလ်လယ်မူးတို့ သေဆုံးတာနဲ့ပတ်သက်ပြီး ကျနော် ညွှန်ကြားတယ်လို့ ပြောကြတယ်။ ဘယ်သူညွှန်ကြားတယ်ဆိုတာ လည်း အခုထက်ထိ ကျနော်လည်း မသိသေးဘူး”ဟု တရားဝင် ပြောခဲ့သည်။

DKBA ခွဲထွက်စဉ်က ပဒိုမန်းရှာမှ နိုင်ငံရေးမှာ သဘောထားတွေ ကွဲလွဲမှုတွေရှိတတ်ကြောင်း၊ ကွဲလွဲမှုမှာ ရန်သူအသုံးချ နိုင်အောင် မလုပ်သင့်ကြောင်း၊ ဒီတကြိမ် ကွဲလွဲမှုက ကျနော်တို့အတွက် အကြီးမားဆုံး ဆုံးရှုံးမှုပဲ။ ကျနော်တို့ကရင်တွေ ဟာ နိုင်ငံရေးမှာအားနည်းတော့ ရန်သူလှည့်ဖျားတာ၊ ကောက်ကျစ်တာကို ကြိုတင် မမြင်နိုင်ကြဘူး။ ဒါကြောင့် ခေါင်း ဆောင်တချို့ နိုင်ငံရေးလမ်းပျောက်၊ သမိုင်းတရားခံတွေ ဖြစ်သွားကြတာ ရှိခဲ့တယ်။ ဒေသဖွံ့ဖြိုးရေးလုပ်ခြင်းသည် နိုင်ငံရေးမဟုတ်ကြောင်း ပြောခဲ့ခြင်းသည်လည်း တိုင်းရင်းသားများ၏ တန်းတူရေးနှင့် ကိုယ်ပိုင်ပြဌာန်းခွင့်ရှိမှသာ မြန်မာပြည်၏ ပြီးပြည့်စုံသော နိုင်ငံရေးဆိုသည်ကို KNU အတွင်း အခိုင်အမာ စိုက်ထူနိုင်ခဲ့သူဖြစ်သည်။

စစ်အစိုးရက နိုင်ငံရေးအမြင်မရှိသည့် KNU ထဲမှ ခေါင်းဆောင်များနှင့် မြေပေါ်ရှိ ကရင်အချို့ကို အသုံးချသည့် နည်းဗျူ ဟာပြောင်း ဆောင်ရွက်ခြင်းကြောင့် ပဒိုမန်းရှာ လုပ်ကြံခံခဲ့ရခြင်းဖြစ်သည်။ လုပ်ကြံမှုတစ်ခုလုံးကို ဆက်စပ်သုံးသပ်ပါ က ‘အစွဲလိုသူ မိဖုရား၊ အသွားစေခိုင်းသူ မင်းဧကရာဇ်၊ လေးပစ်သူ မုဆိုး’ ဆိုသည့်စကားအရ ပတ်သက်သူများ မည်သူ နည်းဆိုသည်ကို စာဖတ်သူများ စဉ်းစားနိုင်လောက်ပေသည်။

ပဒိုမန်းရှာ၏ သားသမီး(၄)ဦးသည်လည်း ဖခင်ကျဆုံးမှုနှင့်ပတ်သက်၍ တရားခံ မည်သူမည်ဝါ ထုတ်ဖော်ပြောဆိုခဲ့ခြင်း မရှိ။ စနစ်ပြောင်းလဲမှုတစ်ခုတွင် လူသတ်၍ မရနိုင်ကြောင်း ကရင်လူငယ်မျိုးဆက်တို့အား ကရင်နိုင်ငံရေးကို မှန်မှန် ကန်ကန် ဆက်လက် ဦးဆောင်နိုင်ရေး အထောက်အကူပြုနိုင်ရန် (ဖန်းဖောင်ဒေးရှင်)ကိုထူထောင်ပြီး နှစ်စဉ် လူငယ် ခေါင်းဆောင်ဆု ပေးအပ်ခဲ့ခြင်း၊ ဖခင်၏ မွေးဇာတိတောကျောင်းရွာတွင် ဖခင်အား အမှတ်ရစေရန် (Ambulance) လူနာတင်ကားတစ်စီး လှူဒါန်းခဲ့ခြင်းတို့မှာ လေးစားထိုက်ပေသည်။

ပဒိုမန်းရှာ၏အစ်ကိုကြီး မန်းတင်ရွှေ(အထပြ-ငြိမ်း) မိသားစုကလည်း တောကျောင်းရွာတွင် ပဒိုမန်းရှာအမှတ်တရ ကျောက်တိုင်တစ်ခု စိုက်ထူခဲ့သည်။ ၂၀၁၇ခု၊ ဖေဖော်ဝါရီ (၁၄)ရက် ပဒိုမန်းရှာကျောက်တိုင်ဖွင့်ပွဲတွင် အခြေအနေအရ မဖိတ်ကြားခဲ့သော်လည်း လေးစားသူ လုပ်ဖော်ကိုင်ဖက် အတူနေခဲ့သူများအပြင် ရပ်နီးရပ်ဝေး ကရင်လူမှုအဖွဲ့ ကရင်လူ ငယ်များ လာရောက်ဂါရဝပြုခဲ့ကြသည်။

ပဒိုမန်းရှာ ကွယ်လွန်သွားခဲ့သော်လည်း မည်သည့်ကိုယ်ပိုင်ပစ္စည်းမှမကျန်၊ တော်လှန်ရေးစိတ်ဓာတ်၊ တော်လှန်ရေး သစ္စာနှင့် နိုင်ငံရေးဂုဏ်ပုဒ်တွေသာကျန်ခဲ့ပြီး အစားထိုးမရနိုင်သည့် ပုဂ္ဂိုလ်တစ်ဦးဖြစ်ခြင်းကြောင့် ဖေဖော်ဝါရီ(၁၄)ရက် နေ့၊ ချစ်သူများနေ့တွင် အသင် စာဖတ်သူ
ရယ်မည်လား…၊ ငိုမည်လား…။

ဒဿန(မြစ်ဝကျွန်းပေါ်)