Home ဆောင်းပါး ဖယ်ဒရယ်ပြည်ထောင်စုကို ဖော်ညွှန်းခဲ့သော ကရင်အမျိုးသားနေ့

ဖယ်ဒရယ်ပြည်ထောင်စုကို ဖော်ညွှန်းခဲ့သော ကရင်အမျိုးသားနေ့

313

ဖယ်ဒရယ်ပြည်ထောင်စုကို ဖော်ညွှန်းခဲ့သော ကရင်အမျိုးသားနေ့

ဒဿန (မြစ်ဝကျွန်းပေါ်)

(ဖေဖော်ဝါရီ ၁၁ရက်၊ ၂၀၂၂ခု)

၂၀၂၂ခုနှစ်၊ ဖေဖော်ဝါရီလ(၁၁)ရက်နေ့သည် (၇၄)နှစ်မြောက် ကရင်အမျိုးသားနေ့ဖြစ်သည်။ လွန်ခဲ့သည့် ၁၉၄၈ခုနှစ်၊ ဖေဖော်ဝါရီလ(၁၁)ရက်နေ့ မြန်မာပြည်ရှိ ကရင်ဒေသအသီးသီးမှ တစ်ချိန်တည်း ကရင်လူထုအင်အား (၄၅၄,၁၀၀)က ပိုစတာ(၄)ခုကိုင်၍ ဖဆပလ အစိုးရအား ငြိမ်းချမ်းစွာ ဆန္ဒဖော်ထုတ်ခဲ့သည်။ အဆိုပါဆန္ဒဖော်ထုတ်ပွဲ သည် ကရင်အမျိုးသားထုတရပ်လုံး၏ဆန္ဒကို ဒီမိုကရေစီနည်းလမ်းတကျ ဖော်ထုတ်နိုင်ခဲ့ခြင်းနှင့် လူမျိုးပေါင်းစုံနေထိုင် သော အနာဂတ်မြန်မာနိုင်ငံတော်ကြီးကို တိုင်းရင်းသားများ၏ တန်းတူရေးနှင့် ကိုယ်ပိုင်ပြဌာန်းခွင့်ရှိသော ဖယ်ဒရယ် ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်ရေးအတွက် ရှေးဦးလမ်းပြခဲ့ခြင်းလည်းဖြစ်သည်။

၁၉၅၃ခုနှစ်၊ နိုဝင်ဘာလ(၂၃-၂၅)ရက် ဖာပွန်မြို့၊ ကော်သူးလေပြည်လုံးဆိုင်ရာ ကွန်ဂရက်တွင် ကရင်လူမျိုး များ ဆန္ဒဖော်ထုတ်ခဲ့သည့် ဖေဖော်ဝါရီလ(၁၁)ရက်နေ့ကို မြစ်ဝကျွန်းပေါ်တိုင်း အမှတ်(၁)ခရိုင်ဥက္ကဌ မန်းကျော်အေး အဆိုပြုချက်နှင့် မြစ်ဝကျွန်းပေါ်တိုင်း အမှတ်(၁)ခရိုင် တပ်မမှူး ဗိုလ်ချုပ်ကော်ထူး (ခ) ဗိုလ်ချုပ်ကျော်မြသန်း၏ ထောက်ခံမှုဖြင့် အတည်ပြုခဲ့ခြင်းကြောင့်ဖေဖော်ဝါရီလ(၁၁)ရက်နေ့သည် ကရင်အမျိုးသားနေ့ဟူ၍ ဖြစ်ပေါ်လာခဲ့ သည်။

ကရင်လူမျိုးများသည် မြန်မာနိုင်ငံတွင်းသို့ ပထမအသုတ်အဖြစ် ဘီစီ(၁၁၂၅)တွင် စတင်ရောက်ရှိခဲ့ရာ ယခု အေဒီ(၂၀၂၂)တွင် ကရင်လူမျိုးများ မြန်မာနိုင်ငံတွင်းသို့ ရောက်ရှိအခြေချနေထိုင်ခဲ့သည်မှာ နှစ်ပေါင်း(၃၁၄၇)နှစ် ရှိခဲ့ပြီး ဖြစ်သည်။ ကရင်လူမျိုးများသည် မိမိတို့ဒေသအကြီးအကဲများဖြင့် အေးချမ်းစွာနေထိုင်လာခဲ့ကြပြီး ပဒေသရာဇ်အချင်း ချင်း အားပြိုင်မှုများတွင်လည်းကောင်း၊ ပဒေသရာဇ်အတွင်း မိသားစုနန်းလုပွဲများတွင်လည်းကောင်း၊ ကင်းကင်းရှင်း ရှင်းနေလိုစိတ်ကြောင့်လည်းကောင်း၊ နေရာတစ်ခုတွင် အခြေချနေထိုင်လာရာမှ အခြားလူမျိုးများ ဝင်လာခြင်းကြောင့် လည်းကောင်း၊ အေးချမ်းရာနေရာသစ်သို့ အဆင့်ဆင့် ပြောင်းရွေ့နေထိုင်လာခဲ့ကြခြင်းကြောင့် ယနေ့တောင်ပေါ်-တောင်ခြေ-မြေပြန့်-ပင်လယ်ကမ်းစပ်အထိ ကရင်လူမျိုးများ ပျံ့နှံ့နေထိုင်မှုများကိုကြည့်ခြင်းဖြင့် သိနိုင်သည်။

ထို့ကြောင့် မာရှယ်ဆိုသူ သမိုင်းပညာရှင်က (The Karen People Of Burma)စာအုပ်တွင် ကရင်လူမျိုးများ သည် မိမိတို့ဘ၀ လုံခြုံရေးအတွက် အစဉ်ပြေးလွှားနေရသည်ဟု မှတ်တမ်းတင်ထားခဲ့ခြင်းဖြစ်သည်။ သမိုင်းဆိုသည်မှာ အောင်နိုင်သူတို့သာ ရေးသားကြသည်။ (History is Always Written By The Winner) ဟူသောစကားအရ ကရင်လူ မျိုးများ၏သမိုင်းသည်လည်း ကွင်းဆက်ပြတ်လုနီးပါး ဖြစ်ခဲ့သည်။ ထို့ကြောင့် (ဝက်ခြေရာကို ခွေးက ဖျက်ဆီးခဲ့သည်) ဟူသော ရှေးကရင်ဘိုးဘေးတို့ စကားကျန်ခဲ့ခြင်းဖြစ်သည်။

ကုန်းဘောင်ခေတ်နှောင်းပိုင်း(၁၈၂၄)ခုနှစ်၊ ပထမအင်္ဂလိပ်ကျူးကျော်စစ်-၁၈၅၂ခုနှစ်၊ ဒုတိယအင်္ဂလိပ် ကျူး ကျော်စစ်အပြီး မြန်မာပဒေသရာဇ်စနစ်အစား ဝင်ရောက်လာသည့် ဥရောပလူနေမှုစနစ်တွင် မြန်မာပညာရှင်များကဲ့သို့ ကရင်လူမျိုးများသည်လည်း အမြင်ကျယ်လာပြီး ဥရောပနိုင်ငံများသို့ ပညာသွားရောက်သင်ယူလာကြသည်။ နိုင်ငံတ ကာအတွေ့အကြုံ ရရှိလာကြသည်။ ကရင်ပညာတတ်များ မိမိတို့လူမျိုးတိုးတက်ရေးအတွက် အသင်းအဖွဲ့ဖြင့် နေတတ် ရန်လိုကြောင်း သိရှိလာကြရာ အမေရိကန်နိုင်ငံသို့ မိမိစရိတ်ဖြင့် M.A ဘွဲ့ရရှိခဲ့သူ ဒေါက်တာတီသံပြာသည် (၁၈၈၁)ခု နှစ်တွင် ကရင်အမျိုးသားအသင်း (Karen National Association-KNA) ကိုတည်ထောင်ခဲ့သည်။ အဆိုပါ ကရင်အမျိုး သားအသင်းသည် အိန္ဒိယကွန်ဂရက်ထက် (၄)နှစ်၊ (YMBA)အသင်းထက်(၂၅)နှစ်စောခဲ့ပြီး ကရင်လူမျိုးတို့၏ ပထမဦး ဆုံးသော ရှေ့ဆောင်အဖွဲ့ကြီးလည်းဖြစ်သည်။

၁၉၂၃ခုနှစ်က မိမိပိုင်ဆင်ဖြူဖြင့် အင်္ဂလန်-အမေရိကန်နိုင်ငံများသို့ လှည့်လည်ပြသခဲ့သည့် ဒေါက်တာဒါမေဖိုး မင်း-(၁၉၂၈ခုနှစ်) ထုတ်ဝေခဲ့သော ဒေါက်တာစံစီဖိုး၏ “ဗမာပြည်နှင့် ကရင်လူမျိုးများ(Burman And The Karen)” စာအုပ်တွင် ပဒေသရာဇ်စနစ်ကြောင့် ကရင်များတိုင်းပြည်ပျောက်ခဲ့ပုံ စသည်တို့ကြောင့် ကရင်လူမျိုးများအကြောင်းကို ကမ္ဘာက ပိုမိုသိရှိလာကြသည်။ ဒုတိယကမ္ဘာစစ်ကြီးတွင် ကမ္ဘာ့ဘုံရန်သူ ဖက်ဆစ်ဂျပန်များ မြန်မာ့မြေပေါ်သို့ ခြေမချ နိုင်ရေး ထားဝယ်စစ်မျက်နှာတွင် မဟာမိတ်တပ်များနှင့်အတူ ကရင်တပ်များ အသက်ပေးခုခံ တိုက်ခိုက်ခဲ့ကြခြင်း၊ အိန္ဒိယပြည်သို့ ဆုတ်ခွာသွားသည့် မဟာမိတ်တပ်နှင့်အတူ ကရင်တပ်သား (၂၀၀၀)လိုက်ပါသွားခြင်း၊ မြန်မာ့မြေပေါ်မှ ဖက်ဆစ်ပြန်လည်မောင်းထုတ်ရာတွင် မဟာမိတ်တပ်နှင့်အတူ ကရင်တပ်များ ပါဝင်တိုက်ခိုက်ခဲ့ခြင်းများသည် ဒုတိယ ကမ္ဘာစစ်နှင့် မြန်မာ့လွတ်လပ်ရေးအတွက် ကရင်လူမျိုးများ မဟာဗျူဟာနှင့် နည်းဗျူဟာ ပေါင်းစပ်တတ်သည့် နိုင်ငံ ရေးအမြင်၊ ရန်သူနှင့် မိတ်ဆွေကို ခွဲခြားတတ်ခြင်းနှင့် စမီတန်ရေးသည့် “မြန်မာပြည်ရှိ သစ္စာရှိသောကရင်များ (The Loyal Karen Of Burma)” စာအုပ်ကြောင့် ကရင်လူမျိုးတို့၏ နိုင်ငံရေးသစ္စာရှိမှုကို ပိုမိုထင်ပေါ်စေခဲ့သည်။

၁၉၄၁ ခုနှစ်၊ သြဂုတ်လ(၁၄)ရက် အမေရိကန်သမ္မတ ဖရန်ကလင်ဒီရုစဗဲ့နှင့် အင်္ဂလန်ဝန်ကြီးချုပ် ဝင်စတန်ချာ ချီတို့ ချုပ်ဆိုခဲ့သော အတ္တလန်တိတ်စာချုပ်(Atlantic Charter) အရ နိုင်ငံတိုင်းလွတ်လပ်သည့် အချုပ်အခြာအာဏာ တည်ရှိခွင့်၊ လူမျိုးတိုင်း ကိုယ်ပိုင်ပြဌာန်းခွင့်ရှိစေရမည်ဟူသော အချက်များသည်လည်း ကရင်လူမျိုးတို့အား နိုင်ငံရေး မျက်စိပွင့်စေခဲ့သည်။ ကဗျာဆရာ (Alphad Lord Tenngson)၏ (လူမျိုးတမျိုးသည် မိမိနေထိုင်ရာအရပ်ကို မိမိကိုယ် တိုင် စီမံခန့်ခွဲခွင့်မရခြင်းသည် အသက်ရှင်လျက် သေနေသူဖြစ်သည်။) ဟူသောစကားသည်လည်း ကရင်လူမျိုးတို့၏ မျိုးချစ်စိတ်ဓာတ်ကို မြှင့်တင်စေခဲ့သည်။ မဟာမိတ်တပ်ဆုတ်ရာ အိန္ဒိယသို့ လိုက်ပါသွားသည့် ကရင်စစ်ဗိုလ် (၄၀)တို့ သည်လည်း ၁၉၄၅ခုနှစ် အစပိုင်းတွင် မဟာမိတ်တို့ မြန်မာပြည်ပြန်ရောက်က ကရင်လူမျိုးတို့အား ကရင်ပြည်နယ်ပေး သင့်ကြောင်း အင်္ဂလန်အစိုးရထံ စာတစ် စောင်ရေးရေး၍ တင်ပြခဲ့ဘူးသည်။ ၁၉၄၅ခုနှစ် မဟာမိတ်များ မြန်မာပြည် ပြန်ရောက်ချိန် ကရင်အမျိုးသားအသင်း (KNA) ခေါင်းဆောင်များ မော်လမြိုင် အစည်းအဝေးတခုတွင် ဗိုလ်မှူးအဲဘေ ခေါင်းဆောင်ပြီး တနင်္သာရီတိုင်းကို ကရင်ပြည်နယ်အဖြစ် သတ်မှတ်သင့်ကြောင်း ဆွေးနွေးခဲ့သည်။

၁၉၄၅ခုနှစ်၊ ဇွန်လ(၂၈)ရက်နှင့် ဇူလိုင်လ(၅)ရက် ရန်ကုန်ကရင်ခေါင်းဆောင်များ ကရင်ပြည်နယ်ရရှိရေး ဆွေး နွေးခဲ့ကြသည်။ ကရင်လူမျိုးများ၏ နိုင်ငံရေးနိုးကြားလာမှုများကြောင့် ၁၈၈၁ခုနှစ်တွင် ကရင်အမျိုးသားအသင်း(Karen National Association-KNA) ဖွဲ့စည်းပြီးနောက် ၁၉၄၀ခုနှစ်တွင် ဗုဒ္ဓဘာသာကရင်အမျိုးသားအသင်း(Buddhist Karen National Association-BKNA)၊ ၁၉၄၃ခုနှစ် ဇွန်လ(၂၈)ရက်နေ့ ကရင်ဗဟိုအကြံပေးအဖွဲ့(Karen Central Advisory Board – KCAB)၊ ၁၉၄၅ခုနှစ်၊ အောက်တိုဘာလ (၁၃)ရက်နေ့ ကရင်ဗဟိုအဖွဲ့ချုပ်(Karen Central Organization – KCO)၊ ၁၉၄၅ခုနှစ် ၊ ဒီဇင်ဘာ(၁၄)ရက်နေ့ ကရင်လူငယ်အစည်းအရုံး(Karen Youth Organization -KYO) စသည်ဖြင့် ပေါ်ပေါက်ခဲ့ပြီးဖြစ်သည်။ ၁၉၄၆ခုနှစ်၊ ဖေဖော်ဝါရီလ(၄)ရက်နေ့ ကရင်ဗဟိုအဖွဲ့ချုပ် (KCO)၊ ရန်ကုန် အစည်းအဝေးတွင် ကရင်ပြည် ရရှိရေးအတွက် ကရင်မိတ်သဟာရအဖွဲ့အဖြစ် အင်္ဂလန်နိုင်ငံသို့ စောသာဒင်- စောဖိုးချစ် – စောစစ်ဒနီလူနီ – စောဘဦးကြီးတို့အား စေလွှတ်ခဲ့သည်။ ၎င်းကရင်မိတ်သဟာရအဖွဲ့မှ အင်္ဂလန်တွင် ရေးသားဖြန့်ဝေ ခဲ့သည့် (Care For The Karen )စာအုပ်ကြောင့် ကရင်လူမျိုးများအကြောင်းကို ကမ္ဘာက ပိုမိုသိရှိလာကြသည်။

ကရင်အမျိုးသားအသင်း(KNA) ခေါင်းဆောင်ကြီးများ အသက်အရွယ်ကြီးရင့်လာပြီး စိတ်သွားတိုင်းကိုယ်မပါ ဖြစ်လာသည့်အခါ ဆရာစောဖိုးအေး၏ အကြံပေးချက်အရ ပြောင်းလဲလာသည့် ကမ္ဘာ့အခြေအနေတွင် ကရင်အရေးကို စုစုစည်းစည်း ဆောင်ရွက်နိုင်ရန် ဖွဲ့စည်းခဲ့ပြီးသော ကရင်အဖွဲ့အစည်းများဖြစ်သည့် (KNA+ BKNA+KCBA+KCO+KYO) တို့ကိုပေါင်း၍ ၁၉၄၇ခုနှစ်၊ ဖေဖော်ဝါရီလ(၅)ရက်နေ့တွင် ကရင်အမျိုးသားအစည်းအရုံး (Karen National Union -KNU) ကို ဖွဲ့စည်းခဲ့သည်။ ဖွဲ့စည်းခဲ့ပြီး (KNU)က အောင်ဆန်း-အက်တလီစာချုပ်ကို ကရင်လူမျိုးအရေးနှင့်ပတ်သက်၍ သဘောတူ လက်ခံနိုင်ခြင်းမရှိသောကြောင့် ကန့်ကွက်ကြောင်းဆုံးဖြတ်ပြီး အင်္ဂလန်ဝန်ကြီးချုပ်ထံ ကြေးနန်းဖြင့် ၁၉၄၇ခုနှစ်၊ မတ်လ(၃၁)ရက်နေ့ နောက်ဆုံးထားပြီး ပြန်ကြားရန် တင်ပြခဲ့သည်။

(KNU)၏တောင်းဆိုချက်ကို လက်ခံ ခြင်းမရှိက အောင်ဆန်း-အက်တလီစာချုပ်ကို ဆန့်ကျင်သွားမည်ဖြစ်ပြီး တိုင်းပြုပြည်ပြု လွှတ်တော်ရွေးကောက်ပွဲကို လည်း သပိတ်မှောက်သွားရန်နှင့် စောဘဦးကြီးက လက်ရှိဝန်ကြီးရာထူးတွင် နှုတ်ထွက်သွားရန် ဆုံးဖြတ်ခဲ့ကြသည်။

တဆက်တည်း (KNU)ဗဟိုအလုပ်အမှုဆောင် အစည်းအဝေးတွင် ဥက္ကဌ စောစံဖိုးသင် – မန်းဘခိုင် – မန်းဝင်း မောင် – စောကျော်စိန် – စောအောင်ပ – စောစိန်တင် စသည့်(KYO)အဖွဲ့ဝင်များ (KNU)ထဲမှနှုတ်ထွက်၍ ဖဆပလအဖွဲ့ ထဲသို့ ဝင်ရောက်ခဲ့ပြီး တိုင်းပြုပြည်ပြု လွှတ်တော်ရွေးကောက်ပွဲသို့ ဝင်ကြသည်။ စောဘဦးကြီး ဝန်ကြီးနေရာတွင် လည်း စောစံဖိုးသင်က ဝင်ရောက်ခဲ့သည်။ တိုင်းပြုပြည်ပြုရွေးကောက်ပွဲတွင် မဲပေးနိုင်သူ ကရင်လူဦးရေ ၈% သာ လာရောက်မဲပေးခဲ့ကြပြီး ကရင်မဲဆန္ဒနယ် (၁၂)နေရာတွင် (၄)နေရာသာ ဝင်ရောက်အရွေးခံ သူရှိခဲ့သည်။ ဖဆပလ အစိုးရကလည်း (KNU)ကိုဆန့်ကျင်သွားရန် (KYO)တို့အား လက်ကိုင်တုတ်အဖြစ် ဆက်လက် အသုံးချခဲ့သည်။

၁၉၄၇ခုနှစ်၊ ဇွန်လ(၁၆)ရက် တိုင်းပြုပြည်ပြုလွှတ်တော်ပထမညီလာခံတွင် အောက်ပါလမ်းညွှန်မူ လေးချက် ဖြစ်သော
၁။ လွတ်လပ်သောနိုင်ငံဖြစ်ရမည် (Independence)
၂။ အချုပ်အခြာအာဏာပိုင်ရမည် (Sovereignty)
၃။ ဒီမိုကရေစီနိုင်ငံဖြစ်ရမည် (Republic)
၄။ ပြည်ထောင်စုနိုင်ငံဖြစ်ရမည် (Union State) ဟူ၍ ချမှတ်ခဲ့သော်လည်း ၁၉၄၇ခုနှစ်၊ စက်တင်ဘာလ(၂၄)ရက်နေ့ တွင် အတည်ပြုပြဌာန်းခဲ့သော အခြေခံဥပဒေသည် ပြည်ထောင်စုစနစ်မှ သွေဖီပြီး တစ်ပြည်ထောင်စနစ်သို့ ရောက်ရှိခဲ့ သည်။ ၎င်းအခြေခံဥပဒေကို ကိုယ်တိုင်ရေးဆွဲခဲ့သူ ဥပဒေပညာရှင် ဦးချန်ထွန်းကပင် (ကျနော်တို့ရဲ့ အခြေခံဥပဒေဟာ သဘောတရားအားဖြင့် ပြည်ထောင်စုဖြစ်ပေမဲ့ လက်တွေ့မှာ တစ်ပြည်ထောင်စနစ်ဖြစ်ပါတယ်)ဟု ထုတ်ဖော်ပြောဆိုခဲ့ ကြောင်း ရန်ကုန်တက္ကသိုလ်၊ သမိုင်းပါမောက္ခဟူးတင်ကာက သူ၏ ပြည်ထောင်စုမြန်မာနိုင်ငံတော်စာအုပ် (The Constitution Adviser, Chan Htoon Observe Much Later That “Our Constitutional, Though In Theory Federal, Is In Practice Unitary”) “The Union Of Burma By Hugh TinKer, Page-30 တွင် ဖော်ပြပါရှိပါသည်။

၁၉၄၇ခုနှစ်၊ အောက်တိုဘာလ (၁၀)ရက်နေ့ လူအင်အား(၇၀၀) တက်ရောက်ခဲ့သည့် မော်လမြိုင်ကရင်အမျိုး သားညီလာခံတွင် ကရင်ကိုယ်စားလှယ် အစစ်အမှန်မပါသည့် တိုင်းပြုပြည်ပြုလွှတ်တော်မှ ရေးဆွဲသည့်ဥပဒေများကို လက်မခံရန်၊ ကရင်ပြည်နယ်အရေးကို ကုလသမဂ္ဂသို့တင်ပြရန် မြန်မာပြည်လွတ်လပ်ရေးရသည်နှင့် ကရင်ပြည်နယ်အ ရေးကို မြန်မာအစိုးရထံ တင်ပြရန်နှင့် လက်ရှိအသုံးပြုနေသည့် ကရင်အမျိုးသားအလံအား ဆက်လက် အသုံးပြုရန် ဆုံး ဖြတ်ခဲ့ကြသည်။ မြန်မာပြည်လွတ်လပ်ရေးရပြီးနောက် ၁၉၄၈ခုနှစ်၊ ဖေဖော်ဝါရီလ (၃)ရက်နေ့တွင် ကရင်ပြည်နယ် ကိစ္စကို ဖဆပလအစိုးရထံ တင်ပြခဲ့ရာ ဖဆပလအစိုးရက ကရင်ပြည်နယ် မပေးသည့်အပြင် ကရင်လူမျိုးတို့အား လူနည်းစုနှင့် နယ်ချဲ့လက်ကိုင်တုတ်အဖြစ် ရှုတ်ချစွပ်စွဲပြောဆိုခဲ့သည်။ (KNU)မှလည်း ကရင်လူထုဆန္ဒအမှန်ဖြစ် ကြောင်း ဖော်ပြရန် ၁၉၄၈ခုနှစ်၊ ဖေဖော်ဝါရီလ(၁၁)ရက်နေ့တွင် အောက်ပါကြွေးကြော်သံ (၄)ချက်ဖြင့် ပိုစတာကိုင်ပြီး တစ်ပြည်လုံး တစ်ချိန်တည်း ငြိမ်းချမ်းစွာ ဆန္ဒဖော်ထုတ်ခဲ့သည်။

၎င်းပိုစတာပါ အချက် (၄)ချက်မှာ
၁။ ကရင်ပြည်ချက်ချင်းပေး (ကိုယ်ပိုင်ပြဌာန်းခွင့်)
၂။ ကရင်တကျပ် ဗမာတကျပ် ချက်ချင်းပြ (တန်းတူရေး)
၃။ လူမျိုးရေးအဓိကရုဏ်း အလိုမရှိ (လူမျိုးစုံချစ်ကြည်ရေး)
၄။ ပြည်တွင်းစစ်အလိုမရှိ (စစ်ဆန့်ကျင်ရေး – ငြိမ်းချမ်းရေး) အနှစ်သာရများပင်ဖြစ်သည်။

၁၉ရာစု အမေရိကန်သမ္မတဝီလ်ဆင်၏ ငြိမ်းချမ်းရေးအဆို (၁၄)ချက်တွင် လူမျိုးတိုင်း ကိုယ်ပိုင်ပြဌာန်းခွင့်ရှိပြီး အချုပ်အခြာအာဏာ ထူထောင်ခွင့်ရှိသည်ဟု ဖော်ပြခဲ့သည်။ ဒုတိယကမ္ဘာစစ်အပြီး စစ်အေးကာလ(Cold War)တွင် အမျိုးသားလှုပ်ရှားမှုများ (National Liberation Movement )တွင် ကိုယ်ပိုင်ပြဌာန်းခွင့် အဓိပ္ပာယ်ဖွင့်ဆိုချက်များသည် လည်း ကမ္ဘာ့နိုင်ငံရေး အတွေးအခေါ်တစ်ရပ်ဖြစ်လာခဲ့သည်။ ၁၉၉၂ခုနှစ် စပိန်နိုင်ငံ မဲဒရစ်မြို့ (မဲဒရစ်သဘောတူညီ ချက်အရ ပြင်ပရေးရာကိုယ်ပိုင်ပြဌာန်းခွင့် (External Self – Determination)တွင် အချုပ်အာဏာထူထောင်ခွင့် (Decolonization Interpretation)နှင့် စီးပွားရေးလွပ်လပ်ခွင့်(NE colonization Interpretation)တို့ဖြစ်ပြီး တိုင်း ပြည်တစ်ခုအတွင်း လူမျိုးအသီးသီး၏ ကိုယ်ပိုင်ပြဌာန်းခွင့်ကို အတွင်းရေးဆိုင်ရာ ကိုယ်ပိုင်ပြဌာန်းခွင့် (Internal Self -Determination)တွင် အမျိုးသားရေးအမြင်ဖြင့် ကိုယ်ပိုင်ပြဌာန်းခွင့် (Nationalist Interpretation)ပင်ဖြစ်ပြီး ၁၉၉၈ခု နှစ်၊ နိုဝင်ဘာလ (၂၁-၂၇) စပိန်နိုင်ငံ၊ ဘာစီလိုနာမြို့အစည်းအဝေးတွင် ကမ္ဘာ့ကုလသမဂ္ဂ အဖွဲ့ဝင်နိုင်ငံများ လိုက်နာရန် ပဋိဉာဉ်စာတမ်းအဖြစ် ကြေညာခဲ့ပြီးဖြစ်သည်။

မြန်မာနိုင်ငံကဲ့သို့ လူမျိုးစုံနေထိုင်သော (Multi Nation State) နိုင်ငံမျိုးတွင် အမျိုး-ဘာသာ-သာသနာ-တစ်ခု တည်းသော နိုင်ငံမျိုးမဟုတ်ဘဲ စုံလင်ကွဲပြားသည့် ပကတိတည်ရှိမှုကို အသိအမှတ်ပြုပြီး စုစည်းညီညွှတ်စွာ နေထိုင် သည့် (Unity In Diversity)မျိုးဖြင့်နေထိုင်လိုခြင်းသည် ကမ္ဘာ့နိုင်ငံရေး ယဉ်ကျေးမှုတစ်ရပ်ဖြစ်လာနေပြီးဖြစ်သည်။ လူမျိုးစုံနေထိုင်သောနိုင်ငံများတွင် လူမျိုးတစ်မျိုးနှင့်တစ်မျိုး လွှမ်းမိုးမှုရှိပါက နိုင်ငံတည်ငြိမ်မှုကင်းမဲ့ပြီး နိုင်ငံပြိုကွဲ သည်အထိဖြစ်တတ်ကြောင်း (ချက်ကိုစလိုဗီယားမှ ချက်နှင့် စလိုဗက်)၊ (ယူဂိုစလာဗီယားမှ ခရိုအေးရှာနှင့် စလိုဗေးနီး ယား) ဆိုဗီယက်ယူနီယံ ပြိုကွဲခြင်း စသည်တို့သည် ဒီမိုကရေစီအရေးထက် အမျိုးသားရေး ရှေ့တန်းရောက်လာခြင်းပင် ဖြစ်သည်။ စစ်မှန်သော ပြည်ထောင်စုဖြစ်သည့် ဆွစ်ဇာလန်နိုင်ငံ (ဂျာမန်-ပြင်သစ်-အီတလီ နေထိုင်)၊ သြစတြေးလျ (၆ ပြည်နယ်)၊ အမေရိကန်ပြည်ထောင်စု (ပြည်နယ်-၅၀)တို့သည် နိုင်ငံတည်ငြိမ်တိုးတက်ကြောင်း တွေ့ရှိရမည်ဖြစ်သည်။

ထို့ကြောင့် အမေရိကန်နိုင်ငံ၊ George Town တက္ကသိုလ်၊ ပါမောက္ခ David Steinberg က မြန်မာ့နိုင်ငံရေး ပြဿနာသည် တိုင်းရင်းသားပြဿနာဖြစ်ကြောင်း ပြောခဲ့ခြင်းဖြစ်သည်။ အချုပ်အခြာအာဏာတည်မြဲရန်နှင့် ငြိမ်းချမ်း သာယာတိုးတက်သည့် ပြည်ထောင်စုနိုင်ငံတစ်ခုဖြစ်ရန် လူမျိုးတိုင်း တန်းတူညီမျှရေး(Equitably)နှင့် ကိုယ်ပိုင်ပြဌာန်း ခွင့် (Self-Determination)ရှိသည့် ဖယ်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု တည်ဆောက်ရမည်ဟူသော နိုင်ငံရေးအတွေး အခေါ်သည် လွန်ခဲ့သည့် (၇၄)နှစ်ကတည်းက ကရင်လူထုဆန္ဒဖော်ထုတ်ပွဲ၏ အနှစ်သာရများပင်ဖြစ်ကြောင်း ဖော်ပြ အပ်ပါသည်။