Home သတင်း KNU တပ်မဟာ ၅ တွင် နိုဝင်ဘာလအတွင်း စစ်‌ကောင်စီတပ်ဖွဲ့ဝင် ၁၀ဝ ‌ကျော် ထပ်မံကျဆုံး

KNU တပ်မဟာ ၅ တွင် နိုဝင်ဘာလအတွင်း စစ်‌ကောင်စီတပ်ဖွဲ့ဝင် ၁၀ဝ ‌ကျော် ထပ်မံကျဆုံး

1422
Photo: KNU

ဒီဇင်ဘာ ၃ ရက်၊ ၂၀၂၁ ခုနှစ်။ ‌ကေအိုင်စီ

‌ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး မူ‌တြော်ခရိုင်(တပ်မဟာ ၅) နယ်‌မြေတွင် တစ်လအတွင်း ရင်ဆိုင်တိုက်ပွဲ‌ပေါင်း ၁၅ဝ ‌ကျော်ဖြစ်ပွားပြီး စစ်‌ကောင်စီတပ်ဘက်မှ ၁၀ဝ ‌ကျော် ကျဆုံးခဲ့သည်ဟု ‌ကေအဲန်ယူ မူ‌တြော် သတင်းစဉ်က ယ‌နေ့ ဒီဇင်ဘာလ ၃ရက်‌နေ့တွင် သတင်းထုတ်ပြန်ခဲ့သည်။

‌ကေအဲန်ယူ မူ‌တြော်သတင်းစဉ်၏ ထုတ်ပြန်ချက်အရ နိုဝင်ဘာလ ၁ရက်မှ ၃ဝရက်‌နေ့အထိ တစ်လအတွင်း ရင်ဆိုင်တိုက်ပွဲ‌ပေါင်း ၁၅၁ ကြိမ်ဖြစ်ပွားခဲ့ရာတွင် စစ်‌ကောင်စီတပ်နှင့် နယ်ခြား‌စောင့်တပ် ပူး‌ပေါင်းတပ်ဖွဲ့ဘက်မှ ၁၀၃ ဦးကျဆုံးကာ ၈၈ ဦးထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု ‌ဖော်ပြထားသည်။

စစ်‌ကောင်စီတပ်ဘက်မှ ကျဆုံးသူများထဲတွင် တပ်ရင်းမှူးတစ်ဦးနှင့် တပ်ခွဲမှူးတစ်ဦးပါရှိသလို ထိခိုက်ဒဏ်ရာရရှိသူများထဲတွင်လည်း တပ်ရင်းမှူးတစ်ဦးနှင့် တပ်ခွဲမှူးတစ်ဦးပါဝင်‌ကြောင်း၊ ထို့အပြင် စစ်‌ကောင်စီ၏ မြင်းလား ၆ ‌ကောင်‌သေဆုံးပြီး ၆ ‌ကောင်ဒဏ်ရာရရှိကာ စစ်ကား ၇ စီးကို ပျက်စီးခဲ့‌ကြောင်းလည်း KNU မူ‌တြော်သတင်းစဉ် ထုတ်ပြန်ချက်တွင် ‌ဖော်ပြပါရှိသည်။

KNLA တပ်မဟာ ၅ ဗျူဟာမှူး ‌စောထူးက‌ရှောက “စစ်‌ကောင်စီတပ်က ရိက္ခာပို့‌ဆောင်ဖို့ သူ့လူ‌တွေ ထပ်ပို့လာတယ်။ ကျ‌နော်တို့ဘက်က ဝင်ခွင့်မပြုတဲ့အတွက် ပစ်ခတ်မှု‌တွေက‌တော့ ဆက်တိုက်ဖြစ်တယ်။ သူတို့က နယ်‌မြေစိုးမိုး‌ရေးလုပ်‌ဆောင်လာတဲ့အ‌ပေါ်မှာ ကျ‌နော်တို့ တပ်မဟာ ၅ အ‌နေနဲ့က‌တော့ တိုက်ထုတ်ရမှာ တာဝန်ရှိပါတယ်။ အဲဒါ‌ကြောင့် ရင်ဆိုင်တိုက်ပွဲ‌တွေ ဖြစ်ပွားပြီး အခုလို ထိခိုက်ကျဆုံးမှု‌တွေ ရှိလာတာဖြစ်ပါတယ်။”ဟု ‌ကေအိုင်စီသို့ ယ‌နေ့ ‌ပြောသည်။

ထို့အတူ ကရင်အမျိုးသားလွတ်‌မြောက်‌ရေးတပ်မ‌တော် (KNLA) တပ်မဟာ ၅ ဘက်မှလည်း နိုဝင်ဘာလတစ်လ အတွင်း ၃ ဦးကျဆုံးပြီး ၇ ဦးဒဏ်ရာရရှိခဲ့သည်ဟုသည်ဟု KNU ဘက်က ‌ပြောသည်။

စစ်‌ကောင်စီ တပ်ဖွဲ့ဝင်များသည် အပြစ်မဲ့ ပြည်သူများ၏ လုပ်ကိုင်စား‌သောက်ရာ‌နေရာများသို့ လက်နက်ကြီးများ ရမ်းသမ်းပစ်ခတ်မှုလုပ်‌ဆောင်သည့်အပြင် ‌ကျေးရွာအတွင်းသို့ လက်နက်ကြီး အလုံး‌ပေါင်း ၅၃ လုံးပစ်ခတ်ခဲ့သည်ဟုလည်း KNU ဘက်က ‌ပြောသည်။

ယခင်လ ‌အောက်တိုဘာလတုန်းကလည်း KNU မူ‌တြော်ခရိုင်(တပ်မဟာ ၅ ) နယ်‌မြေထဲတွင် ရင်ဆိုင်တိုက်ပွဲ‌ပေါင်း ၂၀၄ ကြိမ်ဖြစ်ပွားခဲ့ရာ စစ်‌ကောင်စီဘက်မှ ၉၃ ဦးကျဆုံးပြီး ၉၆ ဦးထိခိုက်ဒဏ်ရရှိခဲ့သည်ဟု KNU ၏ လစဉ်ထုတ်ပြန်ချက်တွင် ‌ဖော်ပြထားသည်။

Photo: KNU