ဒီဇင်ဘာ ၁၆ ရက်၊ ၂၀၂၁ ခုနှစ်။ ကေအိုင်စီ
ကရင်ပြည်နယ် မြဝတီမြို့နှင့် ၉ မိုင်အကွာ လေးကေကော်မြိုသစ်တွင် ဖြစ်ပွားလျက်ရှိသော တိုက်ပွဲဂယက်ကြောင့် မဲ့ထော်သလေးရွာအဝင်နေရာ မှစ၍ စစ်ယာဉ်တန်းများမှအပ သာမန်ပြည်သူများဖြတ်သန်းသွားလာခွင့်မရအောင် စစ်ကောင်စီအဖွဲ့မှ တားဆီးစစ်ဆေးမှုများ ပြုလုပ်ထားကြောင်း သိရသည်။
မြဝတီမြို့နှင့် ၃ မိုင်ခန့်အကွာ မေတ္တာလင်းမြိုင်ရွာအလွန် မဲ့ထော်သလေးရွာ အဝင်နေရာတွင် စစ်ကောင်စီအဖွဲ့မှတားဆီးစစ်ဆေးမှုများလုပ်နေကြောင်း ယနေ့နံနက် မြဝတီမြို့မှ တောင်ဘက်ခြမ်း ကျေးရွာများသို့ ဈေးကားဖြင့် ဈေးသွားရောင်းမည့်အမျိုးသားတစ်ဦးက ကေအိုင်စီသို့ ပြောသည်။
“ဒီနေ့ မနက်ပိုင်းက မေတ္တာလင်းမြိုင် ရွာအလွန်မဲ့ထော်သလေးရွာအဝင် မြဝတီ-မဲ့ထော်သလေးသွားကားလမ်း မှာစစ်ကောင်စီအဖွဲ့တွေကအထိုင်ချပြီး တားဆီး စစ်ဆေးတာတွေ လုပ်နေပါတယ်။ မဲ့ထော်သလေးဘက်က လူတွေလည်း မြို့ထဲလာလို့မရသလို မြဝတီကနေပြီး မဲ့ထော်သလေး ရွာဘက်ကို သွားလို့မရ တော့ဘူး။ အားလုံးကိုလှည့်ပြန်ခိုင်းတယ်။ သူတို့ပြောတာကတော့ လေးကေ ကော်ဒေသမှာ တိုက်ပွဲတွေဖြစ်နေတာကြောင့် ခရီးသွားပြည်သူတွေအန္တရာယ်ရှိနိုင် တာမို့ဖြတ်သန်းသွားလာခွင့်မပြုတော့တာလို့ပြောတယ်” ဟု ၎င်း ဈေးသည် အမျိုးသားက ပြောသည်။
ထိုသို့ ခရီးသွားပြည်သူများအား ဖြတ်သန်းသွားလာခွင့် မပြုသော်လည်းစစ်ယာဉ်တန်းများကတော့ ပုံမှန်သွားလာလျက်ရှိနေသည်ဟု မဲ့ထော်သလေး ကျေးရွာသားတစ်ဦးက ပြောသည်။

အဆိုပါ မြဝတီ-ဝေါလေသွားကားလမ်းပေါ်ရှိ မဲ့ထော်သလေးရွာအဝင် အနီးနေရာမှာ စစ်ကောင်စီအဖွဲ့မှ တားဆီးစစ်ဆေးမှုများ ဆောင်ရွက်နေခြင်း ကြောင့် ယခုစစ်ရေးပဋိပက္ခကြား ရောက်နေသည့် မြဝတီတောင်ဘက် ခြမ်း ကျေးရွာများဖြစ်သော မဲ့ထော်သလေး၊ မင်းလက်ပံ၊ ဖလူးကြီး၊ ဖလူးလေး ပဟိကလော်၊ လေးကေကော်၊ ရသေ့ဂူ အစရှိသော ကျေးရွာနေပြည်သူများ ၄၀၀ဝ ခန့်မှာ နီးစပ်ရာတောတွင်းနေရာများနှင့် နယ်ခြားသောင်ရင်းမြစ်တဖက်ကမ်း ထိုင်းဘက်ခြမ်းသို့ ကူးကာ စစ်ရှောင်နေရသည်ဟု ယင်းကျေးရွာ များရှိ သတင်းရင်းမြစ်များမှတဆင့် သိရသည်။
ဒီဇင်ဘာလ ၁၄ ရက်နေ့ နံနက်ပိုင်းကစ၍ နယ်မြေခံ ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော် -KNLA တပ်မဟာ ၆ နယ်မြေ လေးကေကော်မြို့ သစ်သို့ စစ်ကောင်စီအဖွဲ့မှကျူးကျော် ဝင်ရောက်ပြီး စစ်အာဏာရှင် ဆန့်ကျင်သူများအားရှာဖွေဖမ်းဆီးမှု များ ပြုလုပ်ခဲ့သည်။
ထိုသို့ လုပ်ဆောင်မှုကြောင့် နယ်မြေခံ ကရင်တပ်ဖွဲ့များနှင့် စစ်ကောင်စီတပ်တို့အကြား ထိတွေ့တိုက်ပွဲများဖြစ်ပွားခဲ့ရာမှ ယနေ့ ဒီဇင်ဘာလ ၁၆ ရက်၊ နေ့လည်ပိုင်းထိ တိုက်ပွဲများ ဆက်ဖြစ်နေပြီး စစ်ကောင်စီဘက်မှ အရာရှိများအပါအဝင် ၈ ဦးထက် မနည်း ထိခိုက်ကျဆုံးမှုရှိခဲ့ကြောင်း သိရသည်။



















