Home သတင်း လက်နက်နှင့်တိုက်သည့်နည်း အ‌ဖြေမရသည့်အတွက် စားပွဲဝိုင်း‌ပေါ် ညှိနှိုင်းအ‌ဖြေရှာကြရန် KNDP ပါတီတိုက်တွန်း

လက်နက်နှင့်တိုက်သည့်နည်း အ‌ဖြေမရသည့်အတွက် စားပွဲဝိုင်း‌ပေါ် ညှိနှိုင်းအ‌ဖြေရှာကြရန် KNDP ပါတီတိုက်တွန်း

1614

ဒီဇင်ဘာ ၃ဝ ရက်၊ ၂ဝ၂၁ ခုနှစ်၊ ‌ကေအိုင်စီ

လက်ရှိ ဖြစ်‌ပေါ်‌နေသည့် ပြည်နယ်တွင်း ပဋိပက္ခသည် လက်နက်နှင့်တိုက်သည့်နည်းလမ်းဖြင့် အ‌ဖြေ မရသည့်အတွက် စားပွဲဝိုင်း‌ပေါ်တွင်သာ ညှိနှိုင်းအ‌ဖြေရှာကြရန် ကရင်ပြည်နယ်အ‌ခြေစိုက် ကရင်အမျိုးသား ဒီမိုကရက်တစ်ပါတီ -KNDP ဥက္ကဋ္ဌ မန်း‌အောင်ပြည်စိုးက ယမန်‌နေ့ ဒီဇင်ဘာလ ၂၉ ရက်‌နေ့တွင် တိုက်တွန်း ‌ပြောဆိုလိုက်သည်။

ကရင်ပြည်နယ်၊ မြဝတီမြို့နယ် ‌လေး‌ကေ့‌ကော်‌ဒေသတွင် ပြီးခဲ့သည့် ဒီဇင်ဘာ ၁၅ ရက်‌နေ့မှစပြီး စစ်‌ကောင်စီ ဘက်မှ ထိုးစစ်ဆင်တိုက်ခိုက်များ လုပ်‌ဆောင်လာသဖြင့် နယ်‌မြေခံ ကရင်အမျိုးသားလွတ်‌မြောက်‌ရေးတပ်မ‌တော် -KNLA နှင့် နှစ်ဖက်ထိ‌တွေ့တိုက်ပွဲဖြစ်ပွားပြီး ‌ဒေသခံလူထု‌သောင်းချီစစ်‌ဘေးတိမ်း‌ရှောင်‌နေရသည့်အ‌ခြေ အ‌နေအ‌ပေါ် KNDP ဥက္ကဋ္ဌက ထိုသို့ ‌ပြောဆိုတိုက်တွန်းလိုက်ခြင်းဖြစ်သည်။

၎င်းက “ လက်နက်ကိုင်နည်းနဲ့ တိုက်ကြတဲ့နည်းက ဘယ်သူမှအနိုင်မရနိုင်ဘူး။ Win Win ‌ပေါ်လစီဖြစ်တဲ့ သူနိုင် ၊ ကိုယ်နိုင်နဲ့ စားပွဲ‌ပေါ်မှာ ညှိနှိုင်နည်းနဲ့ပဲ‌ပြေတယ်။ ပြည်သူ‌တွေ‌အေး‌ဆေး‌နေထိုင်နိုင်‌အောင် ဘယ်လိုနည်းနဲ့ စီစဉ် ‌ဆောင်ရွက်ရင် ‌ကောင်းမလဲဆိုတာ အ‌ကောင်းဆုံးဘက်ကို ရ‌အောင်ညှိနှိုင်း‌ဆောင်ရွက်ရင် ‌ကောင်းမယ်။ စစ်‌ရှောင် ‌နေရတာ ‌ပြေး‌ရှောင်‌ပြေးပုန်း‌နေရတာ မဖြစ်‌စေချင်ဘူး။ ‌ဆွေး‌နွေးညှိနှိုင်းဖို့ တိုက်တွန်း‌စေချင်တယ်” ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

၎င်းတို့ပါတီအ‌နေဖြင့် အမျိုးသားညီညွတ်‌ရေးအစိုးရ -NUG နှင့် နိုင်ငံ‌တော်စီမံအုပ်ချုပ်‌ရေး ‌ကောင်စီ(စစ် ‌ကောင်စီ) တို့ကို အသိအမှတ်ပြုခြင်း၊ မပြုခြင်းအ‌ပေါ် ‌စောင့်ကြည့်‌နေဆဲဖြစ်ပြီး ဖြစ်‌ပေါ်လာသည့် ပဋိပက္ခများအ‌ပေါ် ပြည်သူ များကို စာနာ‌ထောက်ထားပြီး ‌သွေးထွက်သံယိုမှုမဖြစ်‌အောင် နှစ်ဖက်စလုံး သုံးသပ်ကြရန်လိုအပ်သည်ဟု KNDP ဥက္ကဋ္ဌက ဆက်‌ပြောသည်။

၂၀၂ဝ ‌ရွေး‌ကောက်ပွဲတွင် KNDP ပါတီ၏ လွှတ်‌တော်ကိုယ်စားလှယ်‌လောင်းလည်းဖြစ်၊ ကရင်ပြည်နယ် ပစ်ခတ် တိုက်ခိုက်မှုရပ်စဲ‌ရေးဆိုင်ရာ ‌စောင့်ကြည့်‌ရေး‌ကော်မတီ-JMC အဖွဲ့ဝင် နန်း‌စေအွာကလည်း “ ကိုယ့်ပြည်နယ် ‌အေးချမ်းချင်တယ်ဆိုပြီး‌တော့ ‌အေးချမ်းတဲ့ဘက်မှာ လုပ်‌ဆောင်ရမယ့်အစား မီး‌လောင်တိုက်‌ပေး‌နေတာရှိတယ်။ တစ်ဖက်နဲ့ တစ်ဖက် တိုက်‌နေခိုက်‌နေရင်‌တော့ ‌ဒေသခံလူထုကပဲ နစ်နာမယ်။ ထိခိုက်မှုအနည်း ဆုံးဖြစ်‌စေချင် တယ်။ လက်နက်ရှိတဲ့လူ‌တွေ တိုက်မယ်ခိုက်မယ်ဆိုရင် လူထုရဲ့မျက်နှာကို ပြန်ကြည့်‌စေချင်တယ်” ဟု ‌ပြောသည်။

စစ်‌ကောင်စီအ‌နေဖြင့် ပဋိပက္ခများ‌ဖြေရှင်း ညှိနှိုင်း‌ဆောင်ရွက်နိုင်ရန်အတွက် JMC အဖွဲ့ဝင်များနှင့် မြို့နယ်အလိုက် ငြိမ်းချမ်း‌ရေးလုပ်ငန်းအ‌ကောင်ထည်‌ဖော်မည့် ကိုယ်စားလှယ်များကို အဖွဲ့များ ဖွဲ့စည်းထား‌သော်လည်း ယ‌နေ့အချိန်ထိ လုပ်ငန်းအ‌ကောင်ထည်‌ဖော်‌ဆောင်ရွက်နိုင်မှုမရှိ‌သေးကို ‌တွေ့ရသည်။

စစ်အာဏာရှင်ဆန့်ကျင်လှုပ်ရှားသူများကို ဝင်‌ရောက်ဖမ်းဆီးမှုမှ အစပြုပြီး ဒီဇင်ဘာလ ၁၅ရက်‌နေ့က စတင်ဖြစ် ပွားသည့် ‌လေး‌ကေ့‌ကော်မြို့သစ်‌ဒေသ စစ်‌ရေးပဋိပက္ခသည် ယ‌နေ့ ဒီဇင်ဘာလ ၃ဝရက်‌နေ့အထိ ဆက် လက်ဖြစ်ပွား‌နေဆဲဖြစ်သည်။ တိုက်ပွဲ‌ကြောင့် ‌ဘေးလွတ်ရာသို့ ထွက်‌ပြေးတိမ်း‌ရှောင်ကြသည့် ‌သောင်းနှင့်ချီ‌သော ‌ဒေသခံရွာသားများလည်း တဖက်ထိုင်းနိုင်ငံနှင့် နယ်စပ်‌ဒေသတစ်‌လျှောက်တွင် တိမ်း‌ရှောင် ခိုလှုံ‌နေကြရဆဲဖြစ်သည်။