Home သတင်း တံတားကျိုးစစ်‌ဆေး‌ရေးဂိတ်‌ကြောင့် အနီးနား‌ကျေးရွာ‌နေလူထုများ အခက်‌တွေ့

တံတားကျိုးစစ်‌ဆေး‌ရေးဂိတ်‌ကြောင့် အနီးနား‌ကျေးရွာ‌နေလူထုများ အခက်‌တွေ့

2039
Photo: CJ

ဒီဇင်ဘာ ၁ ရက်၊ ၂၀၂၁ခုနှစ်။ ‌ကေအိုင်စီ

ကရင်ပြည်နယ် ‌ကော့ကရိတ်မြို့အနီး တံတားကျိုး‌ကျေးရွာတွင် စစ်‌ကောင်စီမှ စစ်‌ဆေး‌ရေးစခန်း ဖွင့်၍ လိုင်စင်မဲ့ ‌မော်‌တော်ယာဉ်များကို စစ်‌ဆေးဖမ်းဆီးမှု များလာပြီး ရွာတွင် ကုန်ပစ္စည်းများလည်း ‌ဈေးတက်လာသည့်အတွက် ‌ကျေးရွာ ‌နေလူထုများ အခက်‌တွေ့‌နေရသည်ဟု ‌ဒေသခံများက ‌ပြောဆို‌နေကြသည်။

အဆိုပါတိုးဂိတ်တွင် တရားမဝင် ကုန်စည်များကို ထိ‌ရောက်စွာ စစ်‌ဆေးနိုင်ရန်အတွက်ဆိုကာ ဖွင့်လှစ် ထား သည့်ဂိတ် ဖြစ်‌သော်လည်း အနီးအနားရှိသွားလာ‌နေရသည့် ‌ဒေသခံပြည်သူများ၏ ကား၊ ဆိုင်ကယ်များကိုပါ စစ်‌ဆေးဖမ်းဆီး‌နေသဖြင့် ရွာခံလူထုမှာ မြို့‌ပေါ်သို့သွား၍ ကုန်ပစ္စည်းဝယ်မရဲ‌တော့ဘဲဖြစ်လာရာမှ ‌ကျေးရွာများတွင် ကုန်‌ဈေးနှုန်းများ တက်‌နေရခြင်းဖြစ်သည်ဟု ‌ဒေသခံထံမှ သိရသည်။

‌ကျေးရွာအတွင်း စား‌သောက်ကုန် လိုက်လံ‌ရောင်းချ‌နေသူတစ်ဦးက “အခု ဘယ်သူမှ မြို့ထဲမသွားရဲ‌တော့ဘူး။ သွားရင်လည်း လိုင်စင်ရှိတဲ့ ကား‌တွေ၊ ဆိုင်ကယ်‌တွေငှားပြီး သွားရတာ‌ပေါ့။ ငှားခပိုကုန်‌တော့ ကုန်‌ဈေးနှုန်း‌တွေ တက်လာတယ်။ မြဝတီမှာလည်း အခုလိုင်စင်မရှိရင် မသွားရဲကြ‌တော့ မြို့မှာလည်း ကုန်‌ဈေးနှုန်း‌တွေ တက် ကုန်တယ်။ လူ‌တွေက စီးပွား‌ရေး အဆင်မ‌ပြေတဲ့ကြားထဲ ဒီလိုလိုင်စင်မဲ့ကား‌တွေ၊ ဆိုင်ကယ်‌တွေဖမ်း‌တော့ ဘာမှလုပ်စားလို့ အဆင်မ‌ပြေ‌တော့ဘူး။ အခုက အနီးနား‌ကျေးရွာက လူ‌တွေကို‌တောင် မချမ်းသာ‌ပေး‌တော့ဘူး”ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

‌ကော့ကရိတ်မြို့နှင့် ၉ တိုင်ကြားရှိ ၎င်းတံတားကျိုး စစ်‌ဆေး‌ရေးဂိတ်တွင် စစ်‌ကောင်စီတပ်ဖွဲ့ဝင်အပြင် ရဲ၊ ယာဉ်ထိန်းရဲ၊ လူဝင်မှုကြီးကြပ်‌ရေး(လဝက)များလည်း ပါဝင်စစ်‌ဆေးသည့်အတွက် လိုင်စင်မဲ့ ကားနှင့် ဆိုင်ကယ်များသာမကဘဲ ယာဉ်‌မောင်းလိုင်စင်ရှိမရှိကိုပါ စစ်‌ဆေးကာ ယာဉ်‌မောင်းလိုင်စင်မရှိသူများကို ကျပ်‌ငွေ (၅)‌သောင်းနှင့်အထက် ဒဏ်‌ကြေး‌ပေး‌ဆောင်ခိုင်း‌ကြောင်းလည်း ကိုယ်တိုင် ကြုံ‌တွေ့ခဲ့ရသူများထံမှ သိရသည်။

ထိုကိစ္စနှင့်ပတ်သက်၍ နယ်စပ်မှ ဝင်လာသည့်တရားမဝင်ကုန်ပစ္စည်းများကို ထိ‌ရောက်စွာ စစ်‌ဆေးခြင်း မရှိသည့်အတွက် ပြည်နယ်အ‌ထွေ‌ထွေ ပိုလျှံရံပုံ‌ငွေအဖြစ် တံတားကျိုးစစ်‌ဆေး‌ရေးဂိတ်ကို ‌ဆောင်ရွက်‌နေ ရခြင်းဖြစ်‌ကြောင်း ကရင်ပြည်နယ် စစ်‌ကောင်စီ ဥက္ကဌ ‌စောမြင့်ဦးက ဌာနဆိုင်ရာများကို နိုဝင်ဘာလ ၂၇ရက်‌နေ့က ပြည်နယ် အစိုးရအဖွဲ့ရုံးတွင် ‌ပြောဆိုထား‌ကြောင်း စစ်‌ကောင်စီ၏ MRTV သတင်း‌ဖော်ပြချက်အရ သိရသည်။

ထို့အပြင် တရားမဝင် ကုန်စည်များသာမက ‌မော်‌တော်ယာဉ်များ၊ တရားမဝင် လက်နက်ခဲယမ်း၊ ‌ဖောက်ခွဲ‌ရေး ပစ္စည်းများနှင့် မူးယစ်‌ဆေးဝါးများအပြင် တိရိစာ္ဆန်နှင့် တိရိစာ္ဆန်ထွက်ပစ္စည်းများ၊ တရားမဝင် လူဝင်‌ရောက်မှု များကိုလည်း တံတားကျိုးဂိတ်တွင် ဖမ်းဆီးစစ်‌ဆေးရမည်ဆိုပြီး ပြည်နယ်စစ်‌ကောင်စီ ဥက္ကဌ ‌စောမြင့်ဦးက သက်ဆိုင်ရာဌာနများကို ‌ပြောဆိုခဲ့သည်။

လက်ရှိအချိန်တွင် တံတားကျိုး စစ်‌ဆေး‌ရေးဂိတ်အပြင် မြဝတီနှင့် ဖားအံမြို့ အဝင်အထွက်ဂိတ်၊ တံတားများနှင့် မြို့ပြင် ရွာချင်းဆက် လမ်းဆုံ‌နေရာများတွင်လည်း စစ်‌ကောင်စီက လိုင်စင်မဲ့ ‌မော်‌တော်ယာဉ်အ‌ကြောင်းပြု၍ ဖမ်းဆီးစစ်‌ဆေးမှု များရှိ‌နေသည့်အပြင် မြို့နှင့်အနီးနားရှိ ‌ကျေးရွာများအထိပါ လိုင်စင်မဲ့‌မော်‌တော်ယာဉ်များ လိုက်လံဖမ်းဆီးမည်ကိုလည်း ‌ဒေသခံများက စိုးရိမ်‌နေကြသည်။