Home သတင်း စစ်‌ကောင်စီတပ်မှ ‌လေယာဉ်နှင့်ဗုံးကြဲပြီး လက်နက်ကြီးပစ်ခတ်မှုများရှိခဲ့သည့် ‌လေး‌ကေ‌ကော်‌ဒေသကို ယ‌နေ့နံနက်လက်နက်ကြီးများဖြင့် ထပ်မံပစ်ခတ်

စစ်‌ကောင်စီတပ်မှ ‌လေယာဉ်နှင့်ဗုံးကြဲပြီး လက်နက်ကြီးပစ်ခတ်မှုများရှိခဲ့သည့် ‌လေး‌ကေ‌ကော်‌ဒေသကို ယ‌နေ့နံနက်လက်နက်ကြီးများဖြင့် ထပ်မံပစ်ခတ်

1259
( စစ်‌ကောင်စီ လက်နက်ကြီးဖြင့်လှမ်းပစ်ခတ်သည့် ‌လေး‌ကေ‌ကော်‌ဒေသ။ ပုံ-‌ကေအိုင်စီ)

ဒီဇင်ဘာ ၂၄ ရက်၊ ၂၀၂၁ ခုနှစ်။ ‌ကေအိုင်စီ

ယမန်‌နေ့ ဒီဇင်ဘာ ၂၃ ရက် ည ၁ဝ နာရီ‌ကျော်က စစ်‌ကောင်စီတပ်မှ ‌လေယာဉ်နှင့်ဗုံးကြဲပြီး လက်နက်ကြီး ပစ်ခတ်မှုများပြုလုပ်ခဲ့သည့် မြဝတီ‌တောင်ခြမ်း ‌လေး‌ကေ‌ကော်‌ဒေသကို ယ‌နေ့နံနက်ပိုင်းတွင်လည်း လက်နက်ကြီးများဖြင့် ထပ်မံပစ်ခတ်ခဲ့‌ကြောင်း သိရသည်။

ယ‌နေ့ ဒီဇင်ဘာလ ၂၄ ရက်၊ နံနက် ၉ နာရီ‌ကျော်ခန့်မှစပြီး လက်နက်ကြီး ပစ်ခတ်သံ ၅ ချက်ထက်မနည်း ကြားရသည်ဟု မြဝတီ‌ဒေသခံတစ်ဦးက ‌ကေအိုင်စီသို့ ယခုလို ‌ပြောသည်။

“မြဝတီမြို့နှင့် ၃ မိုင်ခန့်အကွာ ‌မေတ္တာလင်းမြိုင်ဘက်က‌နေ ‌လေး‌ကေ‌ကော်ဘက်ကို ပစ်‌နေတဲ့ အသံထင်တယ်။ ဒီမနက် မြို့ထဲက‌နေ အတိုင်းသား ကြား‌နေရတာ။ လက်ရှိအချိန်ထိ‌တော့ ပစ်ခတ်သံ ၅ ချက်‌ကျော်ကြားရတယ်” ဟု ၎င်း ‌ဒေသခံက ‌ပြောသည်။

ဒီဇင်ဘာ ၁၅ ရက်‌နေ့က စတင်ခဲ့သည့် စစ်‌ကောင်စီတပ်နှင့် ကရင်အမျိုးသားလွတ်‌မြောက်‌ရေးတပ်မ‌တော်-KNLA မဟာမိတ်ပူး‌ပေါင်းအဖွဲ့တို့၏ ‌လေး‌ကေ‌ကော် ‌ဒေသတိုက်ပွဲသည် ယခုရက်ပိုင်း ၃ ရက်ခန့်အကြာ ပစ်ခတ်မှုနား ထားရာမှ ယမန်‌နေ့ ဒီဇင်ဘာ ၂၃ ရက် ည ၁ဝ နာရီ‌ကျော်မှာ စစ်‌ကောင်စီဘက်မှ ‌လေယာဉ်ဖြင့် ဗုံးနှစ်လုံး ကြဲချပြီး လက်နက်ကြီးများဖြင့် အချက် ၅ဝ ခန့် ပစ်ခတ်၍ တိုက်ပွဲကို ပြန်လည်စတင်ခဲ့ခြင်းဖြစ်သည်။

(ယမန်‌နေ့ညက ထိုင်းဘက်ကမ်းသို့ ညတွင်းချင်း တိမ်း‌ရှောင်ခဲ့ကြသည့် ‌ဒေသခံပြည်သူများ။ ဓာတ်ပုံ-ကရင်အမျိုးသားမီဒီယာ)

ယမန်‌နေ့ ညက စစ်‌ကောင်စီဘက်မှ ပစ်ခတ်တိုက်ခိုက်မှုများ‌ကြောင့် ‌လေး‌ကေ‌ကော်‌ဒေသ မဲ့‌ထော်သ‌လေး နှင့် ဖလူး‌ကျေးရွာတို့ရှိ စစ်‌ရှောင်ပြည်သူများမှာ ညတွင်းချင်း နယ်ခြား ‌သောင်ရင်းမြစ်ကို ဖြတ်‌ကျော်ကာ ထိုင်းဘက် ကမ်းသို့ စစ်‌ရှောင်‌ပြေးခဲ့ရသည်ဟု သိရသည်။

လက်ရှိမှာ ‌လေး‌ကေ‌ကော်‌ဒေသ တိုက်ပွဲဂယက်‌ကြောင့် ‌လေး‌ကေ‌ကော် ‌ဒေသအပါအဝင် မြဝတီ‌တောင်ခြမ်းရှိ ‌ကျေးရွာ ၁ဝ ရွာခန့်မှ စစ်‌ဘေးသင့်ပြည်သူ တစ်‌သောင်း‌ကျော်ခန့် ရှိပြီး ထိုင်းဘက်သို့ စစ်‌ရှောင်‌ပြေး‌နေရသူ ၆ ‌ထောင်‌ကျော် ရှိလာပြီးဖြစ်သည်။

ထိုသို့ အလားတူ မ‌နေ့ညက ‌ကော့ကရိတ်မြို့ ‌တောင်ဘက် ‌ကော့နွဲ‌ကျေးရွာနှင့် အနီးဝန်းကျင် ‌ကျေးရွာ များဘက်သို့ စစ်‌ကောင်စီဘက်မှ လက်နက်ကြီးများဖြင့် အချက်‌ပေါင်း ၃ဝ ထက်မနည်း ပစ်ခတ်မှုများပြုလုပ်ခဲ့၍ ‌ဒေသခံရွာသား ၈၀ဝ ခန့်မှာ ‌ဘေးလွတ်ရာသို့ ထွက်‌ပြေးတိမ်း‌ရှောင်ခဲ့ရသည်ဟု ‌ဒေသခံများက ‌ပြောသည်။ လက်ရှိတွင်လည်း စစ်‌ကောင်စီဘက်မှ စစ်အင်အားတိုးချဲ့မှုများပြုလုပ်‌နေ၍ ‌ကျေးရွာ‌နေပြည်သူများမှ နီးစပ်ရာသို့ ထပ်မံ တိမ်း‌ရှောင်‌နေရ‌ကြောင်း သိရသည်။