Home သတင်း စစ်အာဏာရှင်ဆန့်ကျင်‌ရေး အသံတိတ်သပိတ်ပြုလုပ်ရန် မြဝတီမြို့ပြည်သူအချင်းချင်း နိုး‌ဆော်

စစ်အာဏာရှင်ဆန့်ကျင်‌ရေး အသံတိတ်သပိတ်ပြုလုပ်ရန် မြဝတီမြို့ပြည်သူအချင်းချင်း နိုး‌ဆော်

1714

ဒီဇင်ဘာ ၉ရက်၊ ၂၀၂၁ခုနှစ်။ ‌ကေအိုင်စီ

ကရင်ပြည်နယ်၊ မြဝတီမြို့တွင် စစ်အာဏာရှင်ဆန့်ကျင်‌ရေး အသံတိတ်သပိတ် ပြုလုပ်ရန် ပြည်သူလူထု အချင်းချင်း လူမှုကွန်ရက်စာမျက်နှာ‌ပေါ်၌ ယ‌နေ့ တိုက်တွန်းနိုး‌ဆော်လျှက်ရှိ‌ကြောင်း သိရသည်။

ဒီဇင်ဘာလ ၁ဝရက်‌နေ့တွင် ‌ဈေးဆိုင်များပိတ်ခြင်း၊ လမ်း‌ပေါ်မထွက်ခြင်း စသည့်ကဲန်ပိန်း(စည်းရုံးလှုံ့‌ဆော်မှု)များကို ပြုလုပ်‌ဆောင်ရွက်သွားကြမည်ဖြစ်သည်ဟု မြဝတီမြို့‌နေ ပြည်သူတချို့က ၎င်းတို့၏ လူမှုကွန်ရက်စာမျက်နှာများတွင် ကိုယ်ပိုင်စိတ်ဆန္ဒအား ‌ဖော်ပြလျှက်ရှိသည်။

မြန်မာနိုင်ငံတွင် ‌ဖေ‌ဖော်ဝါရီလ ၁ရက်‌နေ့မှစ၍ စစ်အာဏာသိမ်းပြီး‌နောက် လူ့အခွင့်အ‌ရေး ချိုး‌ဖောက်မှုများစွာကို စစ် ‌ကောင်စီက ကျူးလွန်ခဲ့ကြသည့်အတွက် ဒီဇင်ဘာလ ၁ဝရက်‌နေ့တွင် ကျ‌ရောက်သည့် ကမာ္ဘ့လူ့အခွင့်အ‌ရေး‌နေ့တွင် အဆိုပါအသံတိတ်သပိတ် ကဲန်ပိန်းကို လုပ်‌ဆောင်ကြခြင်းဖြစ်‌ကြောင်း သိရသည်။

ထို့အတွက်‌ကြောင့် ကမာ္ဘ့လူ့အခွင့်အ‌ရေး‌နေ့တွင် လူတိုင်း လမ်းထွက်သွားလာခြင်း၊ ‌ဈေးဆိုင်များဖွင့်ခြင်းများ မပြုလုပ် ကြဘဲ ငြိမ်းချမ်းစွာ သပိတ်‌မှောက်သည့် လှုပ်ရှားမှုများဖြင့် စစ်အာဏာရှင် ဆန့်ကျင်‌ရေး အသံတိတ်သပိတ် ‌ဆောင်ရွက် ကြရန်နှင့် မြဝတီမြို့ကဲ့သို့ ကရင်ပြည်နယ် အပါအဝင် နိုင်ငံတစ်ဝှမ်းရှိ အခြား‌သောမြို့များတွင်လည်း အလားတူပြည်သူ အချင်းချင်း တိုက်တွန်းနိုး‌ဆော်မှုများရှိ‌နေကြသည်။