Home သတင်း KNU ၏ လွတ်ရှမ်းလုံခြုံ‌ရေးစခန်း‌နေရာ စစ်တပ်ဝင်ထိုင်ပြီး‌နောက် ရွာသားများ ပုန်း‌ရှောင်‌နေကြရ

KNU ၏ လွတ်ရှမ်းလုံခြုံ‌ရေးစခန်း‌နေရာ စစ်တပ်ဝင်ထိုင်ပြီး‌နောက် ရွာသားများ ပုန်း‌ရှောင်‌နေကြရ

3106

နိုဝင်ဘာ ၁၂ ရက်၊ ၂ဝ၂၁ ခုနှစ်၊ ‌ကေအိုင်စီ

ကရင်ပြည်နယ် ကြာအင်းဆိပ်ကြီးမြို့နယ် လွတ်ရှမ်းရွာတွင် အ‌ခြေပြုထားသည့် KNU -ကရင်အမျိုးသားအစည်းအရုံး၏ ကရင်အမျိုးသားလွတ်‌မြောက်‌ရေးတပ်မ‌တော်-KNLA တပ်မဟာ ၆၊ တပ်ရင်း ၁၆ ၏ နယ်‌မြေလုံခြုံ‌ရေးစခန်းတစ်ခုအား ပြီးခဲ့သည့် ‌အောက်တိုဘာလ ၂ဝ ရက်‌နေ့‌နောက်ပိုင်း စစ်‌ကောင်စီတပ်မှ ဝင်‌ရောက်စခန်းထိုင်ပြီး‌နောက် တိုက်ပွဲဖြစ်လာ မည်ကို စိုးရိမ်သည့်အတွက် ရွာသားများထွက်‌ပြေးပုန်း‌ရှောင်‌နေကြရသည်ဟု ‌ဒေသခံများထံမှ သိရသည်။

အဆိုပါ KNU ၏ လွတ်ရှမ်းရွာ နယ်‌မြေလုံခြုံ‌ရေးစခန်းသည် ‌ဒေသခံရွာသား၏ လုံခြုံ‌ရေးအတွက် အကာ အကွယ် ‌ပေး‌နေသည့် စခန်းတစ်ခုလည်းဖြစ်ပြီး လက်ရှိတွင် တပ်မ ၂၂ လက်‌အောက်ခံ ခမရ ၂ဝ၄ တပ်မှ အင်အား အများ အပြားဖြင့် စခန်း‌နေရာတွင် ဝင်ထိုင်ယူလိုက်ပြီး‌နောက် ၎င်းတို့၏လုံခြုံ‌ရေးအတွက် ခြံစည်းရိုးကာရံရန် ရွာသားများ ကိုလည်း ဝါးရှာခုတ်ခိုင်း‌စေမှုများရှိသည်ဟု အမည်မ‌ဖော်လိုသူ ‌ဒေသခံရွာသားတစ်ဦးက ‌ကေအိုင်စီ သို့‌ပြောသည်။

၎င်းက “ သူတို့သိမ်းထားတဲ့ KNU စခန်းကို လုံခြုံ‌ရေးအတွက် ခြံစည်းရိုးကာဖို့ ဝါးရှာခိုင်းတယ်။ ရှာ‌ပေးလို့ မရဲဘူး‌ပေါ့‌နော်။ သူတို့လာပြီး‌နောက်ပိုင်း တစ်ရွာလုံး မလုံခြုံ‌တော့သလို ညညဆို ရွာမှာလည်း အိပ်မရဲ‌တော့ဘူး။ တိုက်ပွဲဖြစ်လာမှာ ‌ကြောက်တယ်။ ပုန်း‌ရှောင်‌နေကြရတယ်။ ခြံသွားလို့လည်း မရဲဘူး။ သူတို့ကို အရမ်း‌ကြောက်တယ်။ ရွာက‌နေ အမြန်‌ပေးထွက်သွား‌စေချင်တယ်” ဟု နိုဝင်ဘာလ ၁၁ ရက်‌နေ့တွင် ‌ပြောသည်။

ပြီးခဲ့သည့် ‌အောက်တိုဘာလ ၂ဝ ရက်‌နေ့က ကြာအင်း ဆိပ်ကြီးမြို့နယ် သံသရာ‌ချောင်းဖျားနှင့် ခုခံရွာကြားတွင် စစ်‌ကောင်စီတပ်မှ နယ်‌မြေကျူး‌ကျော်လာသည့်အတွက် KNLA တပ်ဖွဲ့နှင့် ပစ်ခတ်မှုဖြစ်ပွားခဲ့ရာတွင် ၎င်းတို့၏ ကျဆုံး စစ်သည်အ‌လောင်းများကို လာ‌ရောက်‌ကောက်ယူခွင့်ပြုရန် ‌တောင်းဆိုလာသည့်အတွက် ခရိုင်‌ခေါင်း‌ဆောင်များမှ ခွင့်ပြုခဲ့ပြီး‌နောက် ၎င်းလွတ်ရှမ်းရွာ နယ်‌မြေလုံခြုံ‌ရေးစခန်း‌နေရာကို KNLA တပ်ရင်း ၁၆ က ဖယ်‌ပေးခဲ့ရခြင်းဖြစ်သည်။ ယ‌နေ့အချိန်ထိ စစ်‌ကောင်စီတပ်များသည် ပြန်လည်ဆုတ်ခွာမှုမရှိ‌သေးဘဲ ထိုစခန်း‌နေရာကိုပါ ဝင်‌ရောက်‌နေထိုင်သွားသည်ဟု KNU တာဝန်ရှိသူများထံမှ သိရသည်။

KNLA တပ်မဟာ ၆ မှ အရာရှိတစ်ဦးက “အ‌လောင်းပြန်လာ‌ကောက်ယူဖို့ဆိုပြီး ညှိနှိုင်းလာ‌တော့ ‌ကောက်ယူပြီး ပြန် မယ်လို့ပဲ သိထားတယ်။ လက်နက်‌တွေလည်း ပြန်အပ်‌ပေးလိုက်ရပါတယ်။ ခုထိမပြန်‌တော့တဲ့အပြင် ကျ‌နော်တို့ စခန်း တစ်ခုပါ ဝင်ထိုင်‌နေလိုက်တယ်။ သူတို့လုံခြုံ‌ရေးအတွက် ရွာသား‌တွေကိုလည်း ဝါး‌တွေရှာခိုင်း‌နေတာ ရှိတယ်” ဟု နိုဝင်ဘာ ၁၁ ရက်‌နေ့တွင် ‌ကေအိုင်စီသို့ ‌ပြောသည်။

KNU ဝင်း‌ရေးမြို့နယ်တွင် အ‌ခြေပြုထားသည့် စစ်‌ကောင်စီစခန်းများသည် ‌ကျေးရွာအနီးနားတွင် မကြာခဏဆိုသလို လက်နက်ကြီးရမ်းသမ်းပစ်ခတ်ကြပြီး စခန်း‌ရှေ့ဖြတ်သန်းသွားကြသည့် ‌ဒေသခံရွာသားများကိုလည်း စစ်‌ဆေး‌မေးမြန်း ရိုက်နှက်မှုရှိသည့်အတွက် ယခုလို ရွာသားများက ပုန်း‌ရှောင်‌နေကြရခြင်းဖြစ်သည်ဟု ‌ဒေသခံများက‌ပြောသည်။