Home သတင်း KNU တပ်မဟာ (၅) နယ်‌မြေအတွင်း ဝင်မည့်လမ်း‌ကြောင်းသုံးခုတွင် စစ်‌ကောင်စီတပ်ဖွဲ့ဝင်များ ‌နေ့စဉ် ဝင်‌ရောက်လှုပ်ရှားမှု‌ကြောင့် ပစ်ခတ်မှု ဆက်တိုက်ဖြစ်ပွား

KNU တပ်မဟာ (၅) နယ်‌မြေအတွင်း ဝင်မည့်လမ်း‌ကြောင်းသုံးခုတွင် စစ်‌ကောင်စီတပ်ဖွဲ့ဝင်များ ‌နေ့စဉ် ဝင်‌ရောက်လှုပ်ရှားမှု‌ကြောင့် ပစ်ခတ်မှု ဆက်တိုက်ဖြစ်ပွား

1795

နိုဝင်ဘာ ၄ ရက်၊ ၂၀၂၁ ခုနှစ်။ ‌ကေအိုင်စီ

‌ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး မူ‌တြော်ခရိုင် (တပ်မဟာ ၅) ထိန်းချုပ်နယ်‌မြေအတွင်း ဝင်‌ရောက်မည့် လမ်း‌ကြောင်း ၃ ခုတွင် ပြီးခဲ့သည့် ‌အောက်တိုဘာလ ကုန်ပိုင်းမှစ၍ စစ်‌ကောင်စီတပ်ဖွဲ့ဝင်များမှ စစ်‌ရေးလှုပ်ရှား မှုများ ‌နေ့စဉ်လုပ်‌ဆောင်လာသည့်အတွက် ထိ‌တွေ့ပစ်ခတ်မှုများ ဆက်တိုက်ဖြစ်ပွား‌နေသည်ဟု KNU ဘက်က ‌ပြောသည်။

‌ခေါပုတ်-ဖာပွန်၊ ကမ‌မောင်း-ဖာပွန်နှင့် KNU ‌ညောင်‌လေးပင်ခရိုင် ‌ကျောက်ကြီးဘက်မှ ဝင်လာသည့်လမ်း‌ကြောင်း အပါအဝင် တပ်မဟာ(၅)နယ်‌မြေအတွင်း အဝင်လမ်း‌ကြောင်း (၃)ခုတွင် ယခုပွင့်လင်းရာသီ‌ရောက်ချိန် စစ်‌ကောင်စီတပ်များ ရိက္ခာပို့‌ဆောင်ရန် ‌နေ့စဉ်လှုပ်ရှားလာသည့်အတွက် ထိ‌တွေ့ပစ်ခတ်မှုများ ‌နေ့စဉ်ဖြစ်ပွား လျက်ရှိသည်ဟု KNU က ‌ပြောသည်။

အဆိုပါ သွားလာလှုပ်ရှား‌နေသည့် စစ်‌ကောင်စီတပ်ဖွဲ့ဝင်များသည် လက်ရှိအချိန်တွင် ယခင်ကဲ့သို့ လမ်းမကြီး အတိုင်း သွားလာလှုပ်ရှားမှုမလုပ်‌တော့ဘဲ ‌ဒေသခံ‌ကျေးရွာနှင့် လုပ်ကိုင်စား‌သောက်သည့် ‌နေရာများတွင် ဖြတ် သွား၍ သွားလာလှုပ်ရှားမှု လုပ်‌ဆောင်‌နေ‌ကြောင်း မူ‌တြော်ခရိုင် ဥက္ကဋ္ဌ ပဒို‌စောထဲဒယ်က ယခုလို ‌ပြောသည်။

“အရင်တုန်းက လမ်းမကြီးအတိုင်းသွားခိုင်း‌တော့ သွားတယ်။ အခုက အဲလိုမဟုတ်‌တော့ဘူး ရွာ‌ဘေးနားမှာ ပြီး ‌တော့ သူများလုပ်ကိုင်စား‌သောက်တဲ့‌နေရာ‌တွေမှာ ဖြတ်သွားတာရှိတယ်။ တစ်ချို့က စစ်တပ်ဝင်ထွက်သွား လာတာရှိတယ်လို့ကြားရင်ခြံမသွားရဲ‌တော့ဘူး။ ပြီး‌တော့ သူတို့စခန်းနဲ့ အနီးမှာ ‌ဒေသခံ‌တွေ ‌တောင်ယာသွားဖို့ သွားလာတာရှိရင် ‌သေနတ်နဲ့ ချိန်တာ‌တွေရှိတယ်” ဟု ၎င်းက ‌ကေအိုင်စီသို့‌ပြောသည်။

ထို့အပြင် ပြီးခဲ့သည့် ‌အောက်တိုဘာလ ၂၇ ရက်‌နေ့တွင်လည်း ဖာပွန်-ကမ‌မောင်းလမ်း‌ကြောင်းဘက်တွင် စစ် ‌ကောင်စီ အင်အား အ‌ယောက် ၂၀ဝ ‌ကျော်ခန့် တက်လာပြီး ‌တောင်သုံးလုံး တပ်စခန်းတွင် နိုဝင်ဘာလ ၂ ရက်‌နေ့ အထိရှိ‌နေ‌ကြောင်း KNLA ဘက်က ‌ပြောသည်။

KNU တပ်မဟာ ၅ နယ်‌မြေအတွင်း စစ်‌ကောင်စီတပ်ဖွဲ့ဝင်များဝင်လာ‌ရောက်မှုနှင့်ပတ်သက်၍ ကတိုင်တိ‌ကျေး ရွာအုပ်စုရှိ ‌ဒေသခံတစ်ဦးက” ကမ‌မောင်းဘက် စစ်တပ်ထပ်တက်လာတာဟုတ်တယ်။ ခန့်မှန်း‌ခြေက ၁၀ဝ ‌ကျော် ပါ။ ၃ ရက် ၄ ရက်‌လောက်‌တော့ရှိပြီး ဘယ်‌နေရာဆက်သွားမလဲ‌တော့မသိဘူး။” ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

စစ်‌ကောင်စီဘက်မှ (၅) လကြာအပစ်ရပ်မည်ဖြစ်‌ကြောင်း ပြီးခဲ့သည့် စက်တင်ဘာလ ၂၇ရက်‌နေ့တွင် ထုတ်ပြန် ချက် ထုတ်‌သော်လည်း တစ်ဖက်တွင် တိုင်းရင်းသားနယ်‌မြေအတွင်း စစ်အင်အား အဆမတန်တိုးချဲ့မှုများလုပ် ‌ဆောင်လျက်ရှိသည့်အပြင် ‌ဒေသအတွင်းရှိ နယ်‌မြေခံတိုင်းရင်းသားလက်နက်ကိုင်များနှင့်လည်း ပစ်ခတ်မှု‌နေ့စဉ် နီးပါးဖြစ်ပွား‌နေသည့်အတွက် အပစ်ရပ်‌ကြောင်း ‌ကြေညာချက်အ‌ပေါ် ‌ထောက်ပြ‌ဝေဖန်မှုများရှိ‌နေသည်။