Home သတင်း ပိုင်ကျုံမြို့နယ်တွင် BGF တပ်ဖွဲ့ဝင်များ တိုက်ခိုက်ခံရသဖြင့် ၄ ဦး‌သေဆုံး

ပိုင်ကျုံမြို့နယ်တွင် BGF တပ်ဖွဲ့ဝင်များ တိုက်ခိုက်ခံရသဖြင့် ၄ ဦး‌သေဆုံး

1391

‌အောက်တိုဘာ ၈ ရက်၊ ၂၀၂၁ ခုနှစ်။ ‌ကေအိုင်စီ

ကရင်ပြည်နယ်၊ ပိုင်ကျုံမြို့နယ် ‌နောင်မြလွဲနှင့် ‌ကော့အီဆိုင်‌ကျေးရွာကြားရှိ နယ်ခြား‌စောင့်တပ်(BGF) တပ်ဖွဲ့ဝင်‌နေထိုင်သည့်‌နေရာကို ယမန်‌နေ့‌အောက်တိုဘာလ ၇ ရက်‌နေ့ ညက တိုက်ခတ်ခံရပြီး မိသားစုဝင်အပါအဝင် ၄ ဦး‌သေဆုံးသည်ဟု BGF က ‌ပြောသည်။

ယမန်‌နေ့ ည ၁၁ နာရီအချိန်ခန့်တွင် လက်နက်ကိုင်အဖွဲ့တစ်ခုမှ လာ‌ရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု BGF အမှတ် (၂) တပ်နယ် ဗျူဟာမှူး ဗိုလ်တင်ဝင်းက ‌ကေအိုင်စီသို့ ယခုလို အတည်ပြု‌ပြောသည်။

၎င်းက “လာပစ်သွားတာက ညဘက်မှာ လာပစ်သွားတယ်‌ပေါ့‌နော်။ သူတို့က ရွာမှာပဲ ‌နေကြတယ်‌လေ။ အိမ်မှာ မိ သားစုနဲ့ ‌နေတာ‌ပေါ့‌နော်။ မိန်းမဖြစ်သူ ‌သေတယ်၊ ‌ယောက်ျားလည်း‌သေတယ်။ က‌လေးလည်းပါတယ်။ အားလုံး ‌လေး‌ယောက်‌သေတယ်လို့ ‌ပြောတယ်။ အခုက ကျ‌နော်တို့ လိုက်လံ စုံစမ်း‌နေတုန်းပါပဲ။ ” ဟု ‌ကေအိုင်စီ သို့ ‌ပြော သည်။

အဆိုပါ BGF တပ်ဖွဲ့ဝင်များ တိုက်ခိုက်ခံရပြီး‌နောက် ယ‌နေ့နံနက်(‌အောက်တိုဘာလ ၈ ရက်)တွင် BGF မှ ကား ၉ စီးဖြင့် ၎င်း‌နောင်မြလွဲ‌ကျေးရွာတွင် လာ‌ရောက်စစ်‌ဆေးမှုများလုပ်‌ဆောင်‌နေသည်ဟု ‌ဒေသခံရွာသားများက ‌ပြောသည်။

ထိုပစ်ခတ်တိုက်ခံရသည့် BGF တပ်ရင်းမှာ တပ်ရင်း ၁၀၁၉ လက်‌အောက်ခံတပ်ရင်းဖြစ်သည်ဟု BGF တာဝန်ရှိသူများက ‌ပြောသည်။