Home သတင်း မြန်မာ့ရာဘာ‌ဈေးနှုန်း မြှင့်တက်လာ‌သော်လည်း ကျပ်‌ငွေတန်ဖိုးနိမ့်ကျ၍ ‌တောင်သူများခက်ခဲ‌နေဆဲ

မြန်မာ့ရာဘာ‌ဈေးနှုန်း မြှင့်တက်လာ‌သော်လည်း ကျပ်‌ငွေတန်ဖိုးနိမ့်ကျ၍ ‌တောင်သူများခက်ခဲ‌နေဆဲ

1507

စက်တင်ဘာ ၇ ရက်၊ ၂ဝ၂၁ ခုနှစ်၊ ‌ကေအိုင်စီ

လက်ရှိ မြန်မာ့ရာဘာ အ‌ချောပြား(RSS3) တစ်‌ပေါင်လျှင် ကျပ် ၁ဝဝဝ ‌ကျော်အထိ ‌ဈေးနှုန်းမြှင့်တက်လာ‌သော်လည်း ရာဘာထုတ်လုပ်သည့်ပစ္စည်း‌ဈေးနှုန်းတက်ခြင်းနှင့် ကျပ်‌ငွေတန်းဖိုးလည်း ကျဆင်းသွားသည့်အတွက် တွက်‌ချေမကိုက်ဟု ရာဘာစိုက်‌တောင်သူများက ‌ပြောသည်။

ရာဘာအထူပြား(အကြမ်း) တစ်‌ပေါင်လျှင် ယခင်နှစ်က ၅ဝဝ ကျပ်မှ ယခုနှစ် ၈၃ဝ ကျပ်အထိ ‌ဈေးတက်လာပြီး အ‌ချောပြား (RSS3)မှာ ယခင်နှစ်က ၇၄ဝ ဝန်းကျင်မှ ယခုနှစ် ၁၂၅ဝ အထိ‌ဈေးနှုန်းမြှင့်တက်လာ‌သော်လည်း မြန်မာ့ကျပ်‌ငွေဖြင့် ပြန်လည် ဝယ်ယူ‌နေရသည့် ရာဘာသုံးထုတ်ကုန်ပစ္စည်းများမှာ ‌ဈေး နှစ်ဆ‌ကျော် တက်လာသည့်အ‌ပေါ် ‌တောင်သူအချို့ ရာဘာခြံရင်းနှီးမြုပ်နှံမှုလုပ်ငန်းတွင် စိန်‌ခေါ်မှုရှိ‌နေဆဲဟု ရာဘာ‌ရောင်းဝယ်သူများထံမှ သိရသည်။

ကြာအင်းဆိပ်ကြီးမြို့နယ်မှ ရာဘာ‌တောင်သူ ဦးနိုင်က “ရာဘာ‌ဈေးက ၁ဝ၀၊ ၂ဝဝ ‌လောက် ‌ဈေးပိုရလာတယ်ဆို‌ပေမယ့် ကျပ်‌ငွေတန်ဖိုးကျဆင်း‌တော့ ပြန်ဝယ်သုံး‌နေရတဲ့ ရာဘာထုတ်လုပ်မယ့်ပစ္စည်း‌တွေက ၂ ဆ‌လောက် ‌ဈေးမြှင့်သွားတယ်။ ယခင် ၂၆ဝဝဝ ကျပ် ‌မြေဩဇာတစ်အိတ်ကို အခု ၆၂ဝဝဝ အထိ ‌ပေးဝယ်‌နေရတယ်။ မိုးကလည်း ခုထိမပြတ်‌သေး‌တော့ အများစုက လုပ်ငန်းမစနိုင်ကြ‌သေးဘူး။ ရာဘာထုတ်လုပ်ဖို့ အခြားဆက်စပ်ပစ္စည်း‌ရော အကုန်‌ဈေးခုန်သွား‌တော့ အဆင်မ‌ပြေဘူး‌ပေါ့‌နော်” ဟု စက်တင်ဘာ ၆ ရက်‌နေ့တွင် ‌ကေအိုင်စီသို့‌ပြောသည်။

မြန်မာ့ရာဘာထွက်ကုန် ၇ဝ ရာခိုင်နှုန်းကို တရုတ်နိုင်ငံ‌ဈေးကွက်သို့ အဓိကမှီခိုတင်ပို့‌နေကြရသလို ရာဘာကုန်ပစ္စည်း ထုတ်လုပ်သည့် နိုင်ငံအများစုမှာလည်း ကိုဗစ်‌ရောဂါဖြစ်ပွားသည့်အတွက် ရာဘာစက်ရုံအများစု ပိတ်ထားခဲ့ရပြီး‌နောက် ‌ဈေးနှုန်းမတည်ငြိမ်မှုများဖြစ်ခဲ့ပြီး ယခုနှစ်ရာဘာရာသီအစတွင် ‌ဈေးကွက်လိုအပ်ချက်အရ ‌ဈေး‌ကောင်းရ‌နေ‌သော်လည်း ‌ဈေးနှုန်းမတည်ငြိမ်နိုင်‌သေးဟု ရာဘာအဝယ်ဒိုင်များထံမှ သိရသည်။

“ ကိုဗစ်အလွန် စက်ရုံ‌တွေ ပြန်လည်ပတ်ကြ‌တော့ ရာဘာလိုအပ်ချက်က မြှင့်တက်တာ‌ပေါ့‌လေ‌နော်။ လက်ရှိ Rss3 တစ်‌ပေါင် ၁၂ဝဝ ကျပ်ရှိတယ်။ ‌ငွေ‌ကြေး‌ဖောင်းဖွတာလည်းပါမှာ‌ပေါ့။ ‌ဈေးကွက်က တည်ငြိမ်မှုမရှိ‌သေးပါဘူး။ ‌ဈေး‌ကောင်းတယ်လို့‌တော့ ‌ပြောလို့ရတယ်။ တစ်ဖက်ကလည်း ရာဘာထုတ်လုပ်သုံးပစ္စည်း‌တွေ နှစ်ဆ‌ကျော် ‌ဈေးတက်သွား‌တော့ ပြန်တွက်ရ‌သေးတယ်။ ‌ဈေး‌ကောင်းရဖို့က အရည်အ‌သွေးကို ဦးစား‌ပေးထုတ်လုပ်ဖို့ လိုတယ်”ဟု မြန်မာနိုင်ငံ ရာဘာလုပ်ငန်းထုတ်လုပ်သူများအသင်း ဥက္ကဋ္ဌ ဦးခိုင်မြင့်က စက်တင်ဘာ ၆ ရက်‌နေ့တွင် ‌ကေအိုင်စီ သို့‌ပြောသည်။

မြန်မာ့ရာဘာထုတ်ကုန်များကို တရုတ်နိုင်ငံသို့ အဓိက တင်ပို့ကြကာ အိန္ဒိယ၊ မ‌လေးရှား၊ စကင်္ာပူ၊ ကိုရီးယားနှင့် ဂျပန်နိုင်သို့ လည်း တင်ပို့လျက်ရှိပြီး ယခင်နှစ်တွင် ရာဘာတန်ချိန် တစ်သိန်းခွဲ တရားဝင်တင်ပို့နိုင်ခဲ့ကြသည်ဟု ရာဘာလုပ်ငန်းထုတ်လုပ် သူများထံမှ သိရသည်။