Home သတင်း တစ်လအတွင်း တပ်မဟာ(၆)ခုတွင် တိုက်ပွဲ‌ပေါင်း ၂၆၇ကြိမ်ဖြစ်၊ စစ်‌ကောင်စီ ၂၃၄ဦးကျဆုံး ဟု KNU ထုတ်ပြန်

တစ်လအတွင်း တပ်မဟာ(၆)ခုတွင် တိုက်ပွဲ‌ပေါင်း ၂၆၇ကြိမ်ဖြစ်၊ စစ်‌ကောင်စီ ၂၃၄ဦးကျဆုံး ဟု KNU ထုတ်ပြန်

2038

‌အောက်တိုဘာ ၆ ရက်၊ ၂၀၂၁ခုနှစ်။ ‌ကေအိုင်စီ

KNU-ကရင်အမျိုးသားအစည်းအရုံးနယ်‌မြေ တပ်မဟာ ၆ ခုတွင် ယခင်လ စက်တင်ဘာလတစ်လ အတွင်း KNLA တပ်ဖွဲ့ ဝင်များနှင့် စစ်‌ကောင်စီတပ်ဖွဲ့တို့အကြား တိုက်ပွဲ‌ပေါင်း ၂၆၇ ကြိမ်ဖြစ်ပွားရာ စစ်‌ကောင်စီဘက်မှ ၂၃၄ဦး ကျဆုံးခဲ့သည်ဟု KNU သတင်းနှင့် ပြန်ကြား‌ရေးဌာနက ‌အောက်တိုဘာလ ၄ရက်‌နေ့တွင် သတင်းထုတ်ပြန်ခဲ့သည်။

တိုက်ပွဲဖြစ်စဉ်များမှာ KNU ထိန်းချုပ်နယ်‌မြေများတွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး တပ်မဟာ (၁)တွင် ၂၇ကြိမ်၊ တပ်မဟာ (၂) တွင် ၂ ကြိမ်၊ တပ်မဟာ (၃)တွင် ၁၄ကြိမ်၊ တပ်မဟာ (၄)တွင် ၅ကြိမ်၊ တပ်မဟာ (၅)တွင် ၂၁၃ကြိမ်နှင့် တပ်မဟာ (၆) တွင် ၆ကြိမ်ဖြစ်ခဲ့ပြီး အများစုမှာ တိုက်ပွဲငယ်များဖြစ်ကြ သည်ဟု KNU သတင်းနှင့်ပြန်ကြား‌ရေးဌာန၏ ထုတ်ပြန်ထားသည့်စာရင်းတွင် ‌ဖော်ပြထားသည်။

အဆိုပါတိုက်ပွဲတွင် စစ်‌ကောင်စီတပ်ဘက်မှ ၂၃၄ ဦးကျဆုံးပြီး ၂၆၅ ဦးထိခိုက်ဒဏ်ရာရှိသလို KNU ဘက်မှ ၅ဦး ကျဆုံး ပြီး ၁ဝဦး ထိခိုက်ဒဏ်ရာရှိခဲ့‌ကြောင်း KNU သတင်းနှင့် ပြန်ကြား‌ရေးဌာနက ထုတ်ပြန်ထားသည်။

KNU နယ်‌မြေအတွင်း စစ်‌ကောင်စီတပ်ဘက်မှ KNU နယ်‌မြေအတွင်း အင်အားတိုးချဲ့ ကျူး‌ကျော်ဝင် လာသည့်အတွက် ယင်းသို့ တိုက်ပွဲများ ပိုမိုဖြစ်ပွားလာခြင်းဖြစ်‌ကြောင်း KNU နိုင်ငံခြား‌ရေးဌာနတာဝန်ခံ ပဒို‌စော‌တောနီးက ‌ကေအိုင်စီသို့ ယခုလို ‌ပြောသည်။

“နယ်‌မြေ‌ကျော်လာရင် အမိန့်‌စောင့်စရာမလိုဘဲ ပစ်လို့ရတယ်ဆိုတာ ဗဟိုအမြဲ‌ကော်မတီမှာ ဆုံးဖြတ်ထားပြီးသား။ ဘာ မှ‌ပြောစရာမလိုဘူး။ သူတို့က နယ်‌မြေ‌ကျော်ပြီး ဝင်ထွက်သွားလာလို့ တိုက်ပွဲဖြစ်ပွားများတာ ဖြစ်တယ်။ သတ်မှတ်တဲ့ သူတို့‌နေရာမှာပဲ‌နေရင် KNU ဘက်က ပစ်စရာ အ‌ကြောင်းမရှိဘူး။ အခုက တိုက်ပွဲများဖြစ်ရတဲ့ အ‌ကြောင်းရင်းကို သူတို့ သိရဲ့သားနဲ့ နယ်‌မြေ‌ကျော်ပြီး ဝင်လာတယ်။ အင်အားတိုးချဲ့လာတယ်။”ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

KNU ထိန်းချုပ်နယ်‌မြေ တပ်မဟာ(၇)ခုရှိသည့်အနက် တပ်မဟာ(၁)နယ်‌မြေမှ စတင်ပြီး တပ်မဟာ (၆)နယ်‌မြေအထိ စစ်‌ရေးတင်းမာမှုရှိလာကာ တိုက်ပွဲများဖြစ်ပွား လျက်ရှိပြီး တပ်မဟာ (၇)နယ် ‌မြေတွင် လချုပ်အစီရင်ခံစာအရ တိုက်ပွဲ ဖြစ်ပွားခြင်းမရှိ‌သော်လည်း စစ်‌ကောင်စီတပ်နှင့် ကရင်ပြည် နယ်၊ နယ်ခြား‌စောင့်တပ်(BGF)တပ်တို့ ပူး‌ပေါင်းလှုပ်ရှားမှု များရှိ‌ကြောင်း KNU ဘက်က ‌ပြောသည်။

စစ်‌ကောင်စီတပ်ဘက်မှ နယ်‌မြေတိုးချဲ့ဝင်လာသည့်အပြင် ၎င်းတပ်ဖွဲ့ဝင်များ ထိခိုက်‌သေဆုံးမှုများသည့်အတွက် ‌ဒေသခံများကို ပြန်လည်ပစ်မှတ်ထားကာ ‌ဒေသတွင်းရှိ ‌ကျေးရွာ၊ လုပ်ကိုင်စား‌သောက်ရာ ဥယျာဉ်ခြံနှင့် လယ်‌မြေများသို့ လက်နက်ကြီးများနှင့် ပစ်ခတ်မှုများလည်းရှိသည်ဟု KNU က ‌ပြောသည်။

စစ်‌ကောင်စီ၏ ပစ်ခတ်သည့် လက်နက်ကြီးများ‌ကြောင့် KNU တပ်မဟာ(၅)နယ်‌မြေတွင် ‌ဒေသခံ သုံးဦး ထိခိုက်ဒဏ်ရာရရှိပြီး လူ‌နေအိမ် ၁ဝလုံး ထိမှန်ခဲ့သလို တပ်မဟာ(၁)နယ်‌မြေတွင် ‌ဒေသခံ(၈)ဦး ထိခိုက်ဒဏ်ရာရရှိပြီး ‌ဒေသခံ၏ ကား တစ်စီးလည်း ပျက်စီးသွားခဲ့သည့်အပြင် တပ်မဟာ(၄)နယ် ‌မြေ၌လည်း ‌ဒေသခံတစ်ဦး ‌မြေမြုပ်မိုင်းနင်းမိခဲ့‌ကြောင်း KNU ၏ထုတ်ပြန်ချက်တွင် ‌ဖော်ပြပါရှိသည်။

ထို့အပြင် စစ်‌ကောင်စီတပ်ဘက်က နယ်‌မြေကျူး‌ကျော်ဝင်လာပြီး ပစ်ခတ်မှုများဖြစ်ပြီး‌နောက် ‌ဒေသခံများ ကို လူသားဒိုင်းနှင့် ‌ပေါ်တာများ ဖမ်းဆီးမှုများရှိသည့်အတွက် တိုက်ပွဲဖြစ်ပွားသည့်‌နေရာ များတွင် ‌ဒေသခံအ‌မြောက်အများ ထွက်‌ပြေးတိမ်း‌ရှောင်‌နေရဟု ‌ဒေသခံတွင်း သတင်းအရင်းအမြစ်များအရ သိရသည်။

KNU တပ်မဟာ(၁)နယ်‌မြေတွင်လည်း စစ်‌ကောင်စီနှင့် BGF ပူး‌ပေါင်းတပ်များ တပ်အ‌ပြောင်းအလဲလုပ်ချိန်နှင့် ရိက္ခာများ သယ်‌ဆောင်သွားသည့်အချိန်တွင် ‌ဒေသခံများကို လူသားဒိုင်းအဖြစ် ‌ခေါ်‌ဆောင်သွားခြင်းရှိသည့်အပြင် ‌ဒေသခံ၏ ကား၊ ‌ထော်လာဂျီ များဖြင့် ရိက္ခာများပို့‌ဆောင်ခိုင်းမှုများရှိ ‌ကြောင်းလည်း ‌ဒေသခံပြည်သူများက ‌ပြောဆို‌နေကြသည်။