Home သတင်း စာသင်‌ကျောင်းများကို ပြန်လည်ဖွင့်လှစ်မည့်အ‌ပေါ် မြဝတီ‌ဒေသခံပြည်သူများအကြား ‌ဝေဖန်မှုများရှိ‌နေ

စာသင်‌ကျောင်းများကို ပြန်လည်ဖွင့်လှစ်မည့်အ‌ပေါ် မြဝတီ‌ဒေသခံပြည်သူများအကြား ‌ဝေဖန်မှုများရှိ‌နေ

1027

‌အောက်တိုဘာ ၃၁ ရက်၊ ၂၀၂၁ ခုနှစ်။ ‌ကေအိုင်စီ

ကရင်ပြည်နယ်၊ မြဝတီမြို့နယ်အတွင်း ကိုဗစ်-၁၉ ‌ရောဂါ ကူးစက်ပြန့်ပွားမှု မရှိသ‌လောက်နည်းလာပြီးဖြစ် ‌သော်လည်း ကျန်းမာ‌ရေးဝန်ကြီးဌာနမှ ‌ကြေညာထားသည့် Stay at Home ‌နေထိုင်ရန် ညွှန်ကြားချက်အား မပယ်ဖျက်ရ‌သေးဘဲ စာသင်‌ကျောင်းများကို ပြန်လည်ဖွင့်လှစ်ရန် ‌ဆောင်ရွက်ခြင်းအ‌ပေါ် ‌ဒေသခံပြည် သူများအကြား ‌ဝေဖန်‌ပြောဆိုမှုများရှိ‌နေသည်။

ကိုဗစ်-၁၉ တတိယလှိုင်းဂယက်‌ကြောင့် ပြီးခဲ့သည့် ဇူလိုင်လ ပထမအပတ်ကတည်းကစ၍ မြဝတီမြို့ရှိ စာသင်‌ကျောင်းများကို ‌လေးလခန့်အကြာပိတ်ထားရာမှ လာမည့်နံနက်ဖြန် နိုဝင်ဘာလ ၁ ရက်‌နေ့တွင် ‌ကျောင်းများကို ပြန်လည်ဖွင့်လှစ်ရန် စီစဉ်‌ဆောင်ရွက်‌နေကြခြင်းဖြစ်သည်။

‌ကျောင်းသားမိဘတစ်ဦးက “‌ကျောင်း‌တွေပြန်ဖွင့်‌တော့မယ်ဆို‌တော့ က‌လေး‌တွေရဲ့ ပညာ‌ရေးအ‌နေနဲ့ ကြည့် ရင်‌တော့ ‌ကောင်းပါတယ်။ ဒါ‌ပေမယ့် မြဝတီမြို့ဟာ ပြီးခဲ့တဲ့ ကိုဗစ်တတိယလှိုင်း ဂယက်‌ကြောင့် Stay at Home ‌နေထိုင်ဖို့ ဇူလိုင် ၁၂ ရက်‌နေ့က ကျန်းမာ‌ရေးဗဟိုဌာနက ‌ကြေညာထားခဲ့ပါတယ်။ ဒီ‌နေ့အထိ Stay Home က မပယ်ဖျက်ရ‌သေးဘူး‌လေ။ ဒီလို အ‌ခြေအ‌နေမှာ ‌ကျောင်းဖွင့်မှာဆို‌တော့ ကျန်းမာ‌ရေးဌာနရဲ့ ထုတ်ပြန်ချက်ကို ပညာ‌ရေးဌာနက မလိုက်နာတဲ့သ‌ဘောလားဆိုပြီး နားလည်ရခက်ပါတယ်။”ဟု ‌ပြောသည်။

ထို့အပြင် မြဝတီမြို့နယ်ထဲတွင် အသက် ၁၂ နှစ်နှင့် ၁၈ နှစ် ကြား ‌ကျောင်းအပ်နှံထားသည့် က‌လေးများကိုလည်း ကိုဗစ်ကာကွယ်‌ဆေးတစ်ကြိမ်သာ ထိုးရ‌သေးသည့်အတွက် ကိုဗစ်‌ရောဂါအတွက် စိုးရိမ်မှုလည်းရှိသည်ဟု အဆိုပါ ‌ကျောင်းသားမိဘက ဆက်‌ပြောသည်။

ယခင်က မြဝတီခရိုင်အတွင်း ကိုဗစ်-၁၉ ‌ရောဂါကူးစက်ပြန့်ပွားမှုနှင့် လူ‌သေဆုံးမှု မြင့်မားခဲ့၍ စာသင်‌ကျောင်း များကို ပိတ်ခဲ့သလို ဇူလိုင်လ ၁၂ ရက်‌နေ့ ညပိုင်းက ကျန်းမာ‌ရေးဝန်ကြီးဌာနဗဟိုမှ မြဝတီမြို့အား Stay at Home ‌နေထိုင်ရန် ‌ကြေညာထားခဲ့ဖြစ်ပြီး ၎င်း‌ကြေညာထားချက်ကို ယခုအချိန်ထိ ပြန်လည် ပယ်ဖျက်ခြင်း မရှိ‌သေးပါ။

“တချို့ ၉ တန်း ၁ဝ တန်း က‌လေး‌တွေဆိုရင် လုပ်ငန်းခွင်‌တွေထဲ ‌ရောက်ကုန်ပြီး။ တစ်ချိူ့လည်း အပြင်မှာ ‌နေရချိန် ကြာလာတဲ့အတွက် စိတ်‌လေပြီး ‌ကျောင်းပြန်တက်ဖို့ စိတ်မပါကြ‌တော့ဘူး‌လေ။ နိုင်ငံ‌ရေးအ‌ခြေအ‌နေ ကလည်း တည်ငြိမ်‌အေးချမ်းမှု မရှိ‌သေးတဲ့အတွက် ယခင်လို အာဏာမသိမ်းခင် အ‌ခြေအ‌နေ‌လောက် ‌ကျောင်းတက်မယ့်သူ‌တွေ ရှိနိုင်မှမဟုတ်ဘူး” ဟု မြဝတီမြို့ခံတစ်ဦးကလည်း သုံးသပ်‌ပြောဆိုသည်။

မြဝတီခရိုင်တွင် စာသင်‌ကျောင်း‌ပေါင်း (၁၁၀) ခန့်ရှိသည့်အနက် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်း ထိန်းချုပ်ထားရာ ‌ဒေသတွင်ရှိသည့် စာသင်‌ကျောင်း (၂၀) ခန့်မှအပ မြို့နယ်တွင်းနှင့် ‌ကျေးရွာတချို့ရှိ ‌ကျောင်း ‌ပေါင်း (၈၉) ‌ကျောင်းခန့်ကို ဇွန်လ ၁ ရက်‌နေ့တွင် ဖွင့်လှစ်ခဲ့သည်ဟု မြဝတီမြို့နယ် ပညာ‌ရေးမှူး ဦး‌စောမြင့်ဦးက ပြီးခဲ့သည့် ‌ကျောင်းဖွင့်ချိန်က ‌ပြောဆိုထားသည်။

၎င်းအပြင် မြဝတီခရိုင်တစ်ခုလုံးတွင် ‌ကျောင်းတက်နိုင်သည့် လူဦး‌ရေ (၃၈၇၅၁) ဦးရှိသည့်အနက် ‌ကျောင်း အပ်နှံသူ ၁၀၀၀ဝ (တစ်‌သောင်း)ဝန်းကျင်ခန့်သာ ‌ကျောင်းအပ်ခဲ့ကြသည်ဟု မြို့နယ် ပညာ‌ရေးမှူး ဦး‌စောမြင့်ဦး က ဆက်လက်‌ပြောဆိုထားသည်။

တိုင်းနှင့်ပြည်နယ် ၉ ခုရှိ မြို့နယ်‌ပေါင်း (၄၆) မြို့မှအပ နိုင်ငံတဝှမ်းရှိ ‌ကျောင်းများအားလုံးကို နိုဝင်ဘာလ ၁ ရက် ‌နေ့တွင် ပြန်လည်ဖွင့်လှစ်သွားမည်ဟု စစ်‌ကောင်စီ ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်‌ရေးဗဟိုမှ ‌အောက်တိုဘာလ ၂၈ ရက်‌နေ့စွဲဖြင့် အသိ‌ပေး‌ကြေညာချက် ထုတ်ပြန်ခဲ့သည်။

အဆိုပါ ‌ကျောင်းမဖွင့်ရသည့် မြို့နယ် ၄၆ မြို့တွင် ကရင်ပြည်နယ် ‌တောင်ဘက်ခြမ်း ဖာပွန်နှင့် သံ‌တောင်ကြီး မြို့တို့ ပါဝင်‌ကြောင်း သိရသည်။