Home သတင်း ‌ကော့ကရိတ်‌တောင်ပိုင်း ကွင်းက‌လေး‌ကျေးရွာရှိ စစ်‌ကောင်စီပိုင် မိုင်တဲဖုန်းတာဝါတိုင် မီးရှို့ဖျက်ဆီးခံရ

‌ကော့ကရိတ်‌တောင်ပိုင်း ကွင်းက‌လေး‌ကျေးရွာရှိ စစ်‌ကောင်စီပိုင် မိုင်တဲဖုန်းတာဝါတိုင် မီးရှို့ဖျက်ဆီးခံရ

1721

စက်တင်ဘာလ ၂၉ ရက်၊ ၂၀၂၁ ခုနှစ်။ ‌ကေအိုင်စီ

ကရင်ပြည်နယ်၊ ‌ကော့ကရိတ်မြို့‌တောင်ပိုင်းရှိ ကွင်းက‌လေး‌ကျေးရွာတွင် စိုက်ထူထားသည့် စစ်‌ကောင်စီပိုင် မိုင်တဲဖုန်း တာဝါတိုင်ကို ယ‌နေ့(စက်တင်ဘာလ ၂၉ ရက်)တွင် မီးရှို့ဖျက်ဆီးခံခဲ့ရသည်ဟု ‌ဒေသတွင်း သတင်းအရင်းအမြစ်များထံမှ သိရှိရသည်။

အမည်မ‌ဖော်လိုသူ ‌ဒေသခံတစ်ဦးက ” ဒီ‌နေ့မနက်(၁၀)နာရီ‌လောက်မှာ မီးရှို့သွားတာ‌ပေါ့‌နော်။ မ‌နေ့က‌တော့ ပစ်ခတ်မှုလည်းဖြစ်တယ်။ တာဝါတိုင် ဝါယာကြိုးလည်း လာဖြတ်တယ်‌ပြောတယ်။ အဖွဲ့တစ်ဖွဲ့က လာလုပ်သွား တယ်လို့ပဲ ‌ပြောကြတယ်။ မ‌နေ့က‌တောင် စစ်တပ်က ဝါးနဲ့ခြံခတ်ခိုင်း‌သေးတယ်” ဟု ‌ကေအိုင်စီ သို့ ‌ပြောသည်။

ပြီးခဲ့သည့် စက်တင်ဘာလ ၂၅ ရက်‌နေ့တွင် ၎င်းစစ်‌ကောင်စီပိုင် မိုင်တဲဖုန်းတာဝါတိုင် ဝါယာကြိုး ဖြတ်‌တောက် ခြင်းခံရပြီး‌နောက် စက်တင်လာလ ၂၆ ရက်‌နေ့တွင် စစ်‌ကောင်စီတပ်ဖွဲ့ဝင်များမှ သွား‌ရောက်စစ် ‌ဆေးမှုများ ပြုလုပ်ခဲ့ပြီး ခြံပိုင်ရှင်ကိုလည်း စစ်‌ဆေး‌မေးမြန်းမှုများ ပြုလုပ်ခဲ့‌သေးသည်။

ထိုသို့ သွား‌ရောက်စစ်‌ဆေးမှုများ ပြုလုပ်ပြီး ပြန်အလာတွင် ၎င်းတာဝါတိုင်ကို လက်နက်ကိုင်အဖွဲ့တစ်ဖွဲ့မှ လက်နက်ကြီး၊ လက်နက်ငယ်ဖြင့် လာ‌ရောက်ပစ်ခတ်မှု လုပ်‌ဆောင်ခဲ့သည်။ ထို့အတွက် တာဝါတိုင်အနီး ‌နေထိုင်သည့် ‌ဒေသခံအချို့မှာ အခြားအသိများအိမ်သို့ ထွက်‌ပြေးတိမ်း‌ရှောင်‌နေခဲ့ရသည်ဟု ‌ဒေသခံများထံမှ သိရှိရသည်။

ထိုဖုန်းတာဝါတိုင် ဝါယာကြိုးဖြတ်‌တောက်ခံရခြင်းနှင့်ပတ်သက်၍ ပြီးခဲ့သည့် စက်တင်ဘာလ ၂၇ ရက်‌နေ့တွင် စစ်‌ကောင်စီတပ်ဖွဲ့ဝင်များမှ ကွင်းက‌လေး‌ကျေးရွာမှ ‌ကျေးရွာတာဝန်ရှိသူများကို ကျိတ်‌ကျေးရွာတွင် ‌ခေါ်‌တွေ့စစ် ‌ဆေး‌မေးမြန်းမှုများပြုလုပ်ခဲ့ပြီး ဝါယာကြိုးဖြတ်‌တောက်ခံရသည့် ယင်းတာဝါတိုင်ကို ‌ဒေသခံများအား ဝါးဖြင့်တစ်ထပ်ခြံခတ်‌ပေးရန် ‌ပြောဆိုခဲ့သည်ဟု ‌ဒေသခံများက ဆိုသည်။

ပြီးခဲ့သည့် စက်တင်ဘာလ ၂ ရက်‌နေ့တွင်လည်း ဖားအံမြို့နယ် ‌ပေါ့‌ထော်‌ကျေးရွာတွင် မိုင်တဲဖုန်းတာဝါ တိုင်တစ်ခုကို အလားတူ မီးရှို့ဖျက်ဆီးခံရသည့်‌နောက်ပိုင်းတွင် ‌ဒေသခံများကို ဖမ်းဆီးမှုများရှိသည့်အတွက် ‌ဒေသခံအချို့မှာ ထွက်‌ပြေးတမ်း‌ရှောင်ရသည့် ဖြစ်စဉ်လည်း ရှိခဲ့သည်။

လက်ရှိ ကွင်းက‌လေး၊ ကျိတ်‌ကျေးရွာထဲတွင် စစ်‌ကောင်စီနှင့် နယ်ခြား‌စောင့်တပ်(BGF)တပ်ဖွဲ့ဝင်များ အင်အား ၅ဝ ခန့် ကျန်ရှိ‌နေ‌သေး‌သော်လည်း အဆိုပါတာဝါတိုင်ပြဿနာ‌ကြောင့် စစ်‌ကောင်စီဘက်မှ တပ်ဖွဲ့အင်အားဖြည့်တင်း ‌ရောက်ရှိလာမည်ကို ‌ဒေသခံများက စိုးရိမ်လျက်ရှိသည်။