စက်တင်ဘာ ၂၉ ရက်၊ ၂၀၂၁ ခုနှစ်။ ကေအိုင်စီ
ကရင်ပြည်နယ် ကောင်စီ ဥက္ကဋ္ဌ စောမြင့်ဦးသည် ယနေ့ စက်တင်ဘာလ ၂၉ ရက်နေ့ တွင် ဒီမိုကရေစီအကျိုးပြု ကရင်တပ်မတော်-DKBA ဌာနချုပ် တည်ရှိရာ ဆုံဆည်းမြိုင်သို့ သွားရောက်မည်ဟု ကြားသိရပြီး ဆုံဆည်းမြိုင် သွားရာ လမ်းတစ်လျှောက်တွင်လည်း DKBA မှ လမ်းလုံခြုံရေးတိုးမြှင့်ထားကြောင်း ဒေသခံ မျက်မြင်သက် သေများထံမှ သိရသည်။
စစ်ကောင်စီခန့် ပြည်နယ်ကောင်စီ ဥက္ကဌ စောမြင့်ဦးအနေဖြင့် လေးကေကော်မြို့သစ် နှင့်ဆုံဆည်းမြိုင် ဒေသသို့ လာရောက်မည်ဟု ကနဦး သတင်းများထွက်ပေါ်နေပြီး လက်ရှိတွင် ၎င်းဒေသ၌ စစ်ကောင်စီတပ်ဖွဲ့ဝင်များ အပါ အဝင် DKBA တပ်ဖွဲ့ဝင်များ လုံခြုံရေး တိုးမြှင့်ထားကြောင်း ဒေသခံမျက်မြင်သက်သေ တစ်ဦးက ယခုလို ပြောသည်။
“ဒီနေ့ မနက်အစောကြီးမှာ ဆုံဆည်းမြိုင် ကနေစပြီး ဖလူးတစ်လျှောက် DKBA စစ်သားတွေ တစ်စု၊ တစ်စု နဲ့ လမ်းတောက်လျှောက်မှာ ချထားတာတွေ့တယ်။ ဘာကြောင့်လဲတော့ မသိဘူး။ ပြီးတော့ ၆ ဘီးကား စစ်တပ်ကား တစ်စီး တက်သွားတာလည်းတွေ့တယ်။ ဖလူးဘက်ကနေ တက်သွားတာ။ အဲ့ကားထဲမှာစစ်သားအပြည့်ပဲ” ဟု ကေအိုင်စီသို့ ပြောသည်။
အဆိုပါ ပြည်နယ်ကောင်စီ ဥက္ကဌ အနေဖြင့် လေးကေကော်မြို့သစ်သို့ ဝင်၍ ကူညီထောက်ပံ့ရေး အစီအစဉ် တစ်ရပ် ပြုလုပ်သွားမည်ဖြစ်ကြောင်းနှင့် DKBA ဌာနချုပ် တည်ရှိရာ ဆုံဆည်းမြိုင် ဒေသသို့ ဆက်သွားမည်ဖြစ် ကြောင်း ကနဦး သတင်းရရှိထားသည်။
အလားတူ ယမန်နေ့ စက်တင်ဘာလ ၂၈ နေ့တွင်လည်း စစ်ကောင်စီ တပ်ဖွဲ့ဝင်များမှ လေးကေကော်မြို့သစ် အတွင်းသို့ ဝင်ရောက် စစ်ဆေးမှုများ ပြုလုပ်ခဲ့ပြီး ယနေ့ ပြည်နယ်ကောင်စီ ဥက္ကဌ လာရောက်မည့် ကိစ္စနှင့် ပတ်သက်ကြောင်းလည်း သိရသည်။




















