စက်တင်ဘာ ၂ ရက်၊ ၂၀၂၁ခုနှစ်။ကေအိုင်စီ
ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြု ကော်မတီ(CRPH) နှင့် အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၏ နိုင်ငံရေး ရပ်တည်ချက်သည် မိမိတို့၏ ရပ်တည်ချက်နှင့် ထပ်တူကျသောကြောင့် ၎င်းတို့ကို ကြိုဆိုထောက်ခံကြောင်း KNU Concerned Group က ယနေ့ စက်တင်ဘာလ ၂ရက်နေ့တွင် သဘောထား ထုတ်ပြန်ကြေညာခဲ့သည်။
CRPH နှင့် NUG ၏ နိုင်ငံရေး ရပ်တည်ချက်ဖြစ်သည့် စစ်အာဏာရှင်စနစ် ချုပ်ငြိမ်းရေး နှင့် ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စု တည်ဆောက်ရေး ဖြစ်သောကြောင့် မိမိတို့၏ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ အစည်းများ၏ ရပ်တည်ချက်နည်းတူ တိုင်းရင်းသား တန်းတူရေး ကိုယ်ပိုင်ပြဌာန်းခွင့်ရှိသည့် ပြည်နယ်ပေါင်းစု ပြည်ထောင်စု တည်ဆောက်ရေးနှင့် ထပ်တူကျသောကြောင့် ၎င်းတို့ကို ကြိုဆိုထောက်ခံပြီး အုပ်ချုပ်ရေး၊ စစ်ရေး၊ နိုင်ငံရေး နှင့် သံသမန်ရေး လှုပ်ရှားမှုများကို ပံ့ပိုးဆောင်ရွက်သွားမည်ဟု KNU concerned group ကဆိုသည်။
အဖွဲ့၏ ပြောခွင့်ရ ယခင် KNU ဒုဥက္ကဌဟောင်း ပဒိုနော်စီဖိုးရာစိန်က “ကျမတို့ တော်လှန်ရေးရဲ့ ရည်မှန်းချက် ပန်းတိုင်နဲ့ သူတို့ရဲ့ ရည်မှန်းချက်က ထပ်တူကျတဲ့အတွက် ပူးပေါင်းလုပ်ဆောင်ဖို့လိုတယ်။ စည်းလုံးမှုကို ထိခိုက် စေတာမျိုးကို မကြည့်ဘဲ စစ်အာဏာရှင်ရဲ့ ပြည်သူ လူထုတွေကို ရက်စက်ကြမ်းကြုတ် သတ်ဖြတ်မှုတွေ ကို အတူတကွ တွန်းလှန် ထုတ်ဖို့၊ အတူတကွ လက်တွဲ လုပ်ဆောင်ဖို့ လိုအပ်တယ်။” ဟု ကေအိုင်စီသို့ ပြောသည်။
ထို့အပြင် ရွေးကောက်ပွဲ ရလဒ်ကို လက်မခံဘဲ ပြည်သူလူထု၏ ဆန္ဒကို ဆန့်ကျင်၍ စစ်အာဏာသိမ်းလိုက်ခြင်း ကြောင့် တိုင်းရင်းသား လက်နက်ကိုင် တော်လှန်ရေး အဖွဲ့အစည်းများနှင့် ချုပ်ဆိုထားသည့် တစ်နိုင်ငံလုံးပစ်ခတ် တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ်လည်း ပျက်ပြယ်သွားပြီးဖြစ်ကြောင်း မှတ်ယူသည်ဟု ၎င်းအဖွဲ့က ဆိုသည်။
အဆိုပါ NCA စာချုပ်သည်လည်း တိုင်းရင်းသား လက်နက်ကိုင် တော်လှန်ရေး အဖွဲ့အစည်းများ၏ နိုင်ငံရေး ပန်းတိုင်ကို မရောက်ရှိနိုင်ဘဲ ပါတီထောင် ရွေးကောက်ပွဲဝင်၍ လက်နက်ကိုင် လမ်းစဉ်စွန့်ကာ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေအောက်သို့ သွတ်သွင်းနေသည့် စာချုပ်သာ ဖြစ်ကြောင်းလည်း KNU concerned group ၏ ထုတ်ပြန်ချက်၌ ဆက်လက်ဖော်ပြထားသည်။
CRPH ကို ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၅ရက်နေ့တွင် ဖွဲ့စည်းခဲ့ပြီး မတ်လ ၃၁ ရက်နေ့တွင် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေကို ဖျက်သိမ်းကြောင်းကြေညာခဲ့သလို ဧပြီလ ၁၇ ရက်နေ့တွင် NUG အစိုးရကို ဖွဲ့စည်းကာ ဇွန်လ ၇ ရက်နေ့တွင် စစ်ကောင်စီတပ်ဖွဲ့နှင့် ဆက်စပ်အဖွဲ့အစည်းများအား အကြမ်းဖက်အဖွဲ့အစည်းများအဖြစ် ကြေညာ ခဲ့သည်။
ဆက်လက်ပြီး တိုင်းရင်းသား လက်နက်ကိုင် တော်လှန်ရေးအဖွဲ့အစည်းများနှင့် ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့ တို့ အနေဖြင့် စစ်အာဏာရှင်စနစ် အပြီးသတ်ချုပ်ငြိမ်းစေရေးနှင့် ဖက်ဒရယ် ဒီမိုကရေစီ တည်ဆောက်နိုင်ရန်အတွက် နွေဦးတော်လှန်ရေးနှင့်အတူ တညီတညွတ်တည်း တိုက်ပွဲဝင်သွားကြရန် KNU concerned group က တိုက်တွန်းထားသည်။



















