Home သတင်း အာဏာသိမ်းမှုကို ဆန့်ကျင်‌သော မည်သည့်အဖွဲ့အစည်းနှင့်မဆို လက်တွဲလုပ်‌ဆောင်မည်ဟု ‌ကေအဲန်ယူ ထုတ်ပြန်

အာဏာသိမ်းမှုကို ဆန့်ကျင်‌သော မည်သည့်အဖွဲ့အစည်းနှင့်မဆို လက်တွဲလုပ်‌ဆောင်မည်ဟု ‌ကေအဲန်ယူ ထုတ်ပြန်

1383

စက်တင်ဘာ ၄ ရက်၊ ၂၀၂၁ခုနှစ်။ ‌ကေအိုင်စီ

အာဏာသိမ်းမှုကို ဆန့်ကျင်သည့် မည်သည့်အဖွဲ့အစည်းမဆို လက်တွဲပြီး အာဏာရှင်စနစ်အားလုံးကို ဆန့်ကျင် ‌တော်လှန်သွားမည်ဟု ‌ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံးက ယမန်‌နေ့ စက်တင်ဘာလ ၃ရက်‌နေ့စွဲဖြင့် သ‌ဘောထားရပ်တည်ချက်တစ်‌စောင် ထုတ်ပြန်‌ကြေညာခဲ့သည်။

သ‌ဘောထားထုတ်ပြန်ချက်နှင့်ပတ်သက်၍ ‌ကေအဲန်ယူ အ‌ထွေ‌ထွေအတွင်း‌ရေးမှူးချုပ် ပဒို‌စောတာဒိုမူးက ” ကျ‌နော်တို့ ဆန့်ကျင်ထားတဲ့အရာကို ဆက်လက်ဆန့်ကျင်သွားမယ်။ ကျ‌နော်တို့ မူဝါဒလမ်းစဉ်ထဲမှာဆို အာဏာရှင်ဆန့်ကျင်တဲ့သူ‌တွေဟာ ကျ‌နော်တို့ရဲ့ မိတ်‌ဆွေ‌တွေဖြစ်တယ်‌ပေါ့‌နော်။ အဲဒါ‌ကြောင့် စစ်အာဏာရှင်ကို ဆန့်ကျင်တဲ့အဖွဲ့အစည်း‌တွေနဲ့ ကျ‌နော်တို့ ပူး‌ပေါင်းလုပ်‌ဆောင်သွားမယ်ဆိုတာကို ဆိုလိုတာဖြစ်ပါတယ်။”ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

ထို့အပြင် မြန်မာစစ်တပ်၏ ရက်စက်ကြမ်းကြုတ်မှုများမှ အကာအကွယ်ရလိုသည့် မည်သူကိုမဆို တတ်နိုင်သည့် ဘက်က ကူညီပံ့ပိုး‌ပေးပြီး နှစ်ရှည်ဖြစ်ပွားခဲ့သည့် ပြည်တွင်းစစ်၏ မူလဇစ်မြစ်ကို ‌ဖြေရှင်းရန်နှင့် စစ်မှန်‌သော ငြိမ်းချမ်း‌ရေးနှင့် တိုင်းပြည်တည်ငြိမ်‌အေးချမ်းမှုကို ‌ဆောင်ကြဉ်းရန် ‌ဖြေရှင်း‌ရေးနည်းလမ်း သစ်များကို ဆက်လက်ရှာ‌ဖွေလုပ်‌ဆောင်သွားမည်ဟုလည်း ‌ကေအဲန်ယူက ဆိုသည်။

စစ်အာဏာရှင် စနစ်‌အောက်က‌နေ လွတ်‌မြောက်ရန်အတွက် ပြည်သူများအ‌နေဖြင့် မိမိတတ်နိုင်သည့် ဘက်က ကူညီ‌ထောက်ခံ‌ကြောင်း ထုတ်‌ဖော်ပြသ‌ပေးရန်လည်း ‌ကေအဲန်ယူက တိုက်တွန်းထားသည်။

” ကျ‌နော်တို့ ရည်ရွယ်ချက်က စစ်အာဏာရှင်စနစ်‌အောက်က‌နေ လွတ်‌မြောက်ဖို့ဖြစ်တဲ့အတွက် ပြည်သူ‌တွေအ‌နေနဲ့လည်း နိုင်ငံ‌ရေးဦး‌ဆောင်မှု‌အောက်မှာ သူ့ကဏ္ဍနဲ့သူ ပူး‌ပေါင်းပါဝင်လာနိုင်ဖို့ရယ်။ တာဝန်ယူမှု၊ တာဝန်ခံမှုရှိပြီး‌တော့ နိုင်ငံ‌ရေး‌မျှော်မှန်းချက်နဲ့ကိုက်ညီတဲ့ ပူး‌ပေါင်း‌ဆောင်ရွက်မှုမျိုး လိုအပ်တယ်”ဟု ပဒို‌စောတာဒိုမူးက ဆက်‌ပြောသည်။

ပြည်‌ထောင်စုလွှတ်‌တော် ကိုယ်စားပြု ‌ကော်မတီ(CRPH) နှင့် အမျိုးသားညီညွတ်‌ရေးအစိုးရ (NUG)တို့ကို ကြိုဆို‌ထောက်ခံ‌ကြောင်း ပြီးခဲ့သည့် စက်တင်ဘာလ ၂ ရက်‌နေ့တွင် KNU Concerned Group က သ‌ဘောထား ထုတ်ပြန်‌ကြေညာခဲ့ပြီး‌နောက် ‌ကေအဲန်ယူ၏ ယခု လတ်တ‌လောအ‌ခြေအ‌နေအ‌ပေါ် သ‌ဘောထားရပ်တည်ချက် ထုတ်ပြန်လာခြင်းဖြစ်သည်။

ယခု ထုတ်ပြန်လိုက်‌သော ‌ကေအဲန်ယူ သ‌ဘောထားရပ်တည်ချက်သည် ဩဂုတ်လ ၂၄ ရက်‌နေ့က လူမှု ကွန်ရက်‌ပေါ် ပျံ့နှံ့ထွက်‌ပေါ်လာသည့် ‌ကေအဲန်ယူ ဒူးပလာယာခရိုင် ဥက္ကဌ ပဒို‌စော‌ရွှေ‌မောင်း၏ ၎င်းတို့နယ်‌မြေအတွင်း ပြည်သူ့ ကာကွယ်‌ရေးတပ်မ‌တော် (PDF) နှင့် အမျိုးသားညီညွတ်‌ရေး အစိုးရ(NUG) အဖွဲ့များကို လက်ခံမထားရန် သက်ဆိုင်ရာ ‌ခေါင်း‌ဆောင်များအား ညွှန်ကြားစာနှင့် ဆန့်ကျင်ဘက်ဖြစ်‌နေပါသည်။

စစ်‌ကောင်စီလက်‌အောက်ခံ လက်နက်ကိုင်တပ်ဖွဲ့များသည် PDF နှင့် NUG များကို ရှင်းလင်းရန် အ‌ကြောင်းပြချက်ဖြင့် သက်ဆိုင်ရာ ‌ကေအဲန်ယူ ခရိုင်အုပ်ချုပ်နယ်‌မြေအချို့တွင် တပ်အင်အားအလုံးအရင်းဖြင့် ဝင်‌ရောက်လာခြင်း‌ကြောင့် နှစ်ဖက်တပ်ဖွဲ့ဝင်အကြား ပစ်ခတ်တိုက်ခိုက်မှုများဖြစ်‌ပေါ်ခဲ့ပြီး ပြည်သူလူထုများလည်း ထွက်‌ပြေးတိမ်း‌ရှောင်ခဲ့မှုများဖြစ်ခဲ့ကြရသည်။

မြန်မာစစ်တပ်၏ စစ်အာဏာသိမ်းမှုနှင့်ပတ်သက်ပြီး လက်မခံ‌ကြောင်းကိုလည်း အာဏာသိမ်းပြီး‌နောက်တစ်ရက် ‌ဖေ‌ဖော်ဝါရီလ ၂ ရက်‌နေ့တွင် ‌ကေအဲန်ယူဗဟိုက သ‌ဘောထားထုတ်ပြန်ချက် တစ်‌စောင်ထုတ်ပြန်ခဲ့‌သေးသည်။