Home သတင်း စစ်‌ကောင်စီမှ အမျိုးသမီးများကို လူသားဒိုင်းအဖြစ် အသုံးပြုမှုအ‌ပေါ် KWO နှင့် KHRG ရှုတ်ချ

စစ်‌ကောင်စီမှ အမျိုးသမီးများကို လူသားဒိုင်းအဖြစ် အသုံးပြုမှုအ‌ပေါ် KWO နှင့် KHRG ရှုတ်ချ

2046

စက်တင်ဘာ ၄ ရက်၊ ၂၀၂၁ ခုနှစ်။ ‌ကေအိုင်စီ

စစ်‌ကောင်စီမှ လက်ရှိ နိုင်ငံတစ်ဝှမ်း လက်နက်ကိုင် စစ်‌ရေးပဋိပက္ခ ပြင်းထန်လာချိန် အမျိုးသမီးများကို လူသားဒိုင်းအဖြစ် အသုံးပြုမှုများအ‌ပေါ် ရှုတ်ချ‌ကြောင်း ကရင်အမျိုးသမီးအစည်းအရုံး(KWO) နှင့် ကရင်လူ့ အခွင့်အ‌ရေးအဖွဲ့ (KHRG) တို့က ယမန်‌နေ့ စက်တင်ဘာလ ၃ ရက် ‌နေ့စွဲဖြင့် သ‌ဘောထားထုတ်ပြန်ခဲ့ကြသည်။

လတ်တ‌လော စစ်‌ရေးပဋိပက္ခ ပြင်းထန်‌နေသည့် ကရင်ပြည်နယ်အပါအဝင် အခြား‌ဒေသများတွင် စစ်‌ကောင်စီမှ ‌ဒေသခံအမျိုးသမီးများကို အဓမ္မဖမ်းဆီး‌ခေါ်‌ဆောင်ပြီး လူသားဒိုင်းအဖြစ် ကာကွယ်အသုံးပြု‌နေသည့်အ‌ပေါ် အပြင်းအထန်ရှုတ်ချ‌ကြောင်းနှင့် ၎င်းအပြစ်ကျူးလွန်သူများအ‌ပေါ် ကင်းလွှတ်ခွင့်မ‌ပေးရန် သ‌ဘောထားထုတ်ပြန် ခဲ့ခြင်းဖြစ်သည်ဟု (KWO) အ‌ထွေ‌ထွေအတွင်း‌ရေးမှူး ‌နော်က‌ညော‌ဖောက ‌ပြောသည်။

သူမက “အခု အာဏာသိမ်းစစ်‌ကောင်စီက တိုင်းရင်းသား‌ဒေသ‌တွေမှာ စစ်‌ရေးပိုမိုလှုပ်ရှားလာတဲ့‌နေရာမှာ အရင် တုန်းက ပုံစံအတိုင်း ဒီလိုလုပ်ရပ်မျိုး‌တွေ ပြန်ပြီးမှ ကျယ်ကျယ်ပြန့်ပြန့်လုပ်လာတာကို ‌တွေ့ရတယ်။ ဒါ‌တွေကို နိုင်ငံတကာကလည်း စစ်တပ်ရဲ့ ဒီလို လုပ်ရပ်‌တွေအ‌ပေါ်မှာ အ‌ရေးယူ‌ဆောင်ရွက်မှုမျိုးလုပ်သင့်ပြီး” ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

၎င်းထုတ်ပြန်ချက်အရ ဖာပွန်‌ဒေသ ကရင်အမျိုးသားအစည်းအရုံး-KNU တပ်မဟာ (၅) နယ်‌မြေတွင် ဖြစ်‌ပေါ်‌နေ သည့် စစ်ပွဲများအတွင်း ပြီးခဲ့သည့် ဩဂုတ်လ ၁၉ ရက်‌နေ့က စစ်‌ကောင်စီ၏လက်‌အောက်ခံ ‌ခြေလျင် တပ်ရင်း (ခလရ-၃၄၁)မှ မူ‌တြော်(ဖာပွန်)ခရိုင်၊ ဘူးသိုမြို့နယ်၊ ‌ခေါပူ‌ကျေးရွာအုပ်စုရှိ ‌ဒေသခံအမျိုးသမီး ၃ ဦးကို ဖမ်းဆီး ‌ခေါ်‌ဆောင်၍ အကြမ်းဖက်စစ်‌ဆေး‌မေးမြန်းခြင်းအပြင် အထုပ်အပိုးများကို သယ်‌ဆောင်ခိုင်းပြီး စစ်‌ကြောင်း၏ အ‌ရှေ့တွင်ထား၍ လူသားဒိုင်းသဖွယ် ပြုလုပ်ခဲ့‌ကြောင်း ‌ဖော်ပြထားသည်။

ထို့အပြင် KNU တပ်မဟာ (၆) နယ်‌မြေ ဒူးပလာယာခရိုင်၊ ‌ကော့ကရိတ်မြို့နယ်တွင်လည်း စစ်‌ကောင်စီ လက် ‌အောက်ခံတပ်နှင့် KNU၏ လက်နက်ကိုင်တပ်အကြား တိုက်ပွဲများဖြစ်ပွားရာတွင် စစ်‌ကောင်စီတပ်ဘက်မှ ‌ကော့ကရိတ်မြို့နယ်‌ဒေသခံ အသက် ၃ဝ နှစ်အရွယ် အမျိုးသမီးတစ်ဦးကို ဖမ်းဆီး‌ခေါ်‌ဆောင်ပြီး KNU ထိန်းချုပ် နယ်‌မြေအတွင်း လမ်းပြ‌ခေါ်‌ဆောင်မှုများပြုလုပ်ခဲ့‌ကြောင်းလည်း ၎င်းထုတ်ပြန်ချက်တွင် ဆက်လက် ‌ဖော်ပြ ထားသည်။

လက်နက်ကိုင် စစ်‌ရေးပဋိပက္ခများဖြစ်‌ပေါ်လျှင် ‌ဒေသခံများမှာ လူ့အခွင့်အ‌ရေး ချိုး‌ဖောက်ခံရမှုများ ဖြစ်‌ပေါ် ‌လေ့ရှိပြီး အထူးသဖြင့် အမျိုးသမီးနှင့် က‌လေးသူငယ်များမှာ ထိခိုက်နစ်နာခံရမှုအများဆုံးဖြစ်‌ကြောင်း ၎င်း အဖွဲ့ နှစ်ဖွဲ့က ‌ထောက်ပြ‌ပြောဆိုထားသည်။

ထိုသို့ စစ်ပွဲအတွင်း အရပ်သားများကို လူသားဒိုင်းသဖွယ် ပြုလုပ်အသုံးချခြင်းကို လူ့အခွင့်အ‌ရေး ရှု‌ထောင့်အရ အပြည်ပြည်ဆိုင်ရာ လူသားချင်းစာနာ‌ထောက်ထားမှု ဥပ‌ဒေ(IHL)အရ တားမြစ်ထားပြီး လက်ရှိ စစ်‌ကောင်စီ၏ အပြုအမူများသည် အဆိုပါ ဥပ‌ဒေကို ချိုး‌ဖောက်‌နေ‌ကြောင်း ကရင်လူ့အခွင့်အ‌ရေးအဖွဲ့ (KHRG)က ဆိုသည်။

“အခု ပြန်ကြည့်မယ်ဆိုရင် စစ်‌ကောင်စီတပ်ရဲ့ လုပ်ရပ်‌တွေက ဒီ (IHL) တားမြစ်မှု ဥပ‌ဒေကို အထင်အရှား ချိုး ‌ဖောက်‌နေတာပဲ။ ဒါက ပြည်သူ‌တွေအတွက် စိုးရိမ်စရာဖြစ်‌စေသလို အထူးသဖြင့် အမျိုးသမီး‌တွေအတွက်က ပိုစိုးရိမ်ရတယ်။” ဟု KHRG အဖွဲ့ ဒါရိုက်တာ ‌နော်ထူးထူးက ‌ကေအိုင်စီသို့‌ပြောသည်။

အလားတူ လုပ်ရပ်မျိုးများသည် ယခင် စစ်အစိုးရလက်ထက် အဆက်ဆက်တွင် စစ်‌ရေးပဋိပက္ခဖြစ်ပွားရာ တိုင်းရင်းသား‌ဒေသများတွင် ပုံစံမျိုးစုံဖြင့် ပြုလုပ်‌လေ့ရှိသည့် လူ့အခွင့်အ‌ရေး ချိုး‌ဖောက်မှုများဖြစ်ပြီး လက်ရှိ အ‌နေအထားအရ စစ်‌ကောင်စီအ‌နေဖြင့် အလားတူ ကျူးလွန်မှုမျိုးကို ပြန်လည်ပြုလုပ်အသုံးပြုလာခြင်းဖြစ်ကာ ‌ဒေသခံအရပ်သားပြည်သူများ အထူးသဖြင့် အမျိုးသမီးထုအတွက် စိုးရိမ်ရဖွယ်ရှိ‌ကြောင်း အဆိုပါအဖွဲ့များက ဆို သည်။

လက်ရှိတွင်လည်း စစ်‌ကောင်စီတပ်များအ‌နေဖြင့် နိုင်ငံတစ်ဝှမ်း ပြည်သူ့ကာကွယ်‌ရေးတပ်မ‌တော်(PDF) တပ်ဖွဲ့များ၏ တိုက်ခိုက်ခြင်းကို ခံ‌နေရသည့်အတွက် ၎င်းအဖွဲ့များကို ရှင်းလင်း‌ချေမှုန်းမည့်အ‌ကြောင်းပြချက်ဖြင့် တိုင်းရင်းသား လက်နက်ကိုင်‌ဒေသများတွင် စစ်‌ရေးလှုပ်ရှားမှုစစ်ဆင်‌ရေးများ တိုးမြှင့်လုပ်‌ဆောင်လာလျက်ရှိပြီး ကရင်ပြည်နယ်တွင်လည်း စစ်‌ကောင်စီတပ်နှင့် နယ်ခြား‌စောင့်(BGF)တပ်ဖွဲ့ဝင်များပူး‌ပေါင်း၍ KNU နယ်‌မြေများတွင် စစ်‌ရေးဝင်‌ရောက်လှုပ်ရှား‌ဆောင်ရွက်လျက်ရှိ‌နေသည်။

ထိုသို့ စစ်‌ရေး ဝင်‌ရောက်လှုပ်ရှားမှု ပြုလုပ်ရာတွင် ‌ဒေသခံ ‌ကျေးရွာများ၊ ဘာသာ‌ရေး အ‌ဆောက်အဦးများတွင် ဝင်‌ရောက်‌နေရာယူ တပ်စွဲမှုများရှိ‌နေသလို ‌ဒေသခံ‌ကျေးရွာသားများ၏ အိမ်‌မွေးတိရိစာ္ဆန်များကို ခိုးယူ စား‌သောက်မှုများ ပြုလုပ်လျက်ရှိ‌နေ‌ကြောင်းနှင့် ‌ဒေသခံ‌ကျေးရွာသားအချို့မှာ တိုက်ပွဲများ‌ကြောင့် ထွက်‌ပြေးတိမ်း‌ရှောင်မှုများ ပြုလုပ်‌နေရလျက်ရှိ‌ကြောင်း ‌ဒေသခံများထံမှ သိရသည်။

ယခု စစ်‌ကောင်စီ၏ လုပ်ရပ်များအ‌ပေါ် နိုင်ငံတကာအ‌နေဖြင့် အထူးအ‌လေးထား‌စောင့်ကြည့်ပြီး စစ်‌ကောင်စီနှင့် ထိ‌တွေ့ ဆက်ဆံမှုများကို ရပ်တန့်၍ ပြည်သူ‌ထောက်ခံမှု အများဆုံးရထားသည့် အမျိုးသားညီညွတ်‌ရေးအစိုးရ (NUG)ကို အသိအမှတ်ပြုသွားရန်နှင့် ယခုလ ‌နှောင်းပိုင်းတွင် ကျင်းပမည့် ကမာ္ဘ့ကုလသမဂ္ဂအ‌ထွေ‌ထွေညီလာခံမှ မြန်မာနိုင်ငံကိုယ်စားပြု ကိုယ်စားလှယ်ကို ‌ရွေးချယ်ခန့်အပ်ရာတွင်လည်း လူ့အခွင့်အ‌ရေးအ‌ပေါ် ‌ရှေးရှုဆုံးဖြတ် သင့်‌ကြောင်း တိုက်တွန်း ‌တောင်းဆိုထားသည်။

ဆက်လက်ပြီး လူ့အခွင့်အ‌ရေးများ ချို့ယွင်းလာသည့် မြန်မာနိုင်ငံအတွင်း ကမာ္ဘ့ကုလသမဂ္ဂမှ လျင်မြန်စွာ ပြစ်ဒဏ် စီရင်နိုင်‌ရေးနှင့် အချိန်မီဝင်‌ရောက် ကူညီနိုင်‌ရေးအတွက် ဆုံးဖြတ်ချက်အမြန်ချသင့်ပြီး တိုင်းပြည်အတွင်းရှိ ပြည် သူများကို အကာအကွယ်‌ပေးသွားရန်လည်း KWO နှင့် KHRG အဖွဲ့များက ‌တောင်းဆိုလိုက်သည်။