ဘယ်အနေအထားကိုပဲဖြစ်ဖြစ် ကိုယ်တိုင်၊ ကိုယ်ပိုင် ဆုံးဖြတ်ကြ
မောင်ကျော်စွာ
(၂၀၂၁ ခုနှစ်၊ စက်တင်ဘာလ ၉ ရက်)
၂၀၂၁ခုနှစ်၊ စက်တင်ဘာရဲ့ ပထမ ၁၅ရက်အတွင်းမှာ အခြေခံထားပြီး သုံးသပ်ရမယ့် အချက် ၂ချက်ရှိတယ်လို့ မြင်ပါတယ်။
ပထမအချက်က ၂၀၂၁ခုနှစ်၊ စက်တင်ဘာလ ၇ရက် နေ့စွဲဖြင့် အမျိုးသားညီညွတ်ရေးအစိုးရ (NUG)က “စစ် အာဏာရှင်ဆန့်ကျင်ရေး ပြည်သူတို့၏ ခုခံတွန်းလှန်စစ် စတင်နေပြီ”လို့ တရားဝင်ကြေညာလိုက်တဲ့အချက် ဖြစ်ပါ တယ်။
ဒုတိယအချက်ကတော့ ပထမအချက်ကို အခြေပြုပြီး ပြည်တွင်း/ပြည်ပ တုန့်ပြန်မှုထဲက အလေးထား ထည့် သွင်းသုံးသပ်သင့်တဲ့ အချက်အလက်တွေကို ဆန်းစစ်ကြဖို့ပဲ ဖြစ်ပါတယ်။
ပထမအချက်ကနေ စတင်ကြရမယ်ဆိုရင် အမျိုးသားညီညွတ်ရေးအစိုးရ (NUG)က သူတို့ရဲ့ကြေညာချက်ကို အချက် ၁၄ချက်နဲ့ တိကျစွာ ပြောဆိုကြေညာခဲ့တာကို တွေ့ရပါတယ်။ ပုဂ္ဂိုလ်အရဆိုရင်လည်း အမြင့်ဆုံးဖြစ်တဲ့ ယာယီ သမ္မတကြီး ဒူဝါလရှီးလ ကိုယ်တိုင် အသံလွှင့်ပြောကြားခဲ့တာ ဖြစ်ပါတယ်။ ပြည်သူတို့ ခုခံတော်လှန်စစ်ဆိုတာ ကလေး ကစားစရာ၊ စိတ်ကူးယဉ်စရာ၊ အပျော်တမ်းကိစ္စလည်း လုံးဝ မဟုတ်ဘူးဆိုတာ အားလုံးသိပြီးသားပါ။ ဒီကနေ့ စပြီး တော်လှန် မနက်ဖန် အောင်ပွဲခံရအောင်လည်း လွယ်ကူရိုးစင်းတဲ့ကိစ္စမျိုး မဟုတ်ပါဘူး။ ဘက်ပေါင်းစုံစိန်ခေါ်မှုတွေကို ရင်ဆိုင်ဖြတ်သန်းသွားရမယ့် အချိန်ကာလတစ်ခု လိုအပ်တဲ့ ဖြစ်စဉ်တစ်ခုပါ။
ယာယီသမ္မတကြီး မိန့်ခွန်းထဲက အောက်ပါအချက်ကလည်း လုပ်ဆောင်ဖြတ်သန်းရမယ့် လုပ်ငန်းတာဝန်ရဲ့ ကြီးမားကျယ်ပြန့်မှုကို ဖော်ညွှန်းနေပါတယ်။
– “ယခု တော်လှန်ရေးသည် တရားနည်းလမ်းကျသော တရားမျှတသော တော်လှန်ရေးဖြစ်သည်။ ရေရှည်ငြိမ်းချမ်းသော နိုင်ငံတော်တည်ဆောက်ရေး၊ ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ရေးအတွက် မရှိမဖြစ် လိုအပ်သည့် တော်လှန်ရေး ဖြစ်သည်”
“မရှိမဖြစ် လိုအပ်သည့် တော်လှန်ရေးဖြစ်သည်”တဲ့၊ ဒီစကားစုက အသက်ပါပဲ။ ဆုံးခန်းတိုင်အောင်၊ အောင်ပွဲရ အောင် ဇွဲသတ္တိအပြည့်နဲ့ ဆင်နွှဲချီတက်နိုင်ကြဖို့ပဲ လိုအပ်မယ်လို့ အခိုင်အမာ ယူဆပါတယ်။
နောက်တစ်ချက်ကတော့ ၁၉၄၈ – ၄၉ခုနှစ်က စတင်ခဲ့ကြတဲ့ ခုခံတော်လှန်စစ် သမိုင်းလက်တွေ့ကနေပဲကြည့် ကြည့်၊ ၁၉၈၈ခုနှစ် ဒီမိုကရေစီအရေးတော်ပုံကြီးရဲ့ လက်တွေ့ကပဲကြည့်ကြည့် သို့တည်းမဟုတ် ၂၀၂၁ခုနှစ်၊ ဖေဖေါ်ဝါ ရီလ ၁ရက်၊ ‘မင်းအောင်လှိုင် – စိုးဝင်း အကြမ်းဖက် (စကစ) စစ်အုပ်စု’ က အာဏာသိမ်းပိုက်ပြီးနောက် ယနေ့အထိ ပြည်သူများကို အကြမ်းဖက် သတ်ဖြတ်ဖမ်းဆီးနေတဲ့ နေ့စဉ် လက်တွေ့ဖြစ်ရပ်တွေကနေပဲကြည့်ကြည့် အုပ်စိုးသူလူ တန်းစားက လက်နက်နဲ့ အကြမ်းဖက်ဖိနှိပ်နေတာကို လက်နက်စွဲကိုင်ပြီး ခုခံတော်လှန်တာဟာ တရားမျှတပြီး မှန်ကန် တယ်ဆိုတာကို လယ်ပြင်မှာ ဆင်သွားသလို အထင်အရှားမြင်ရမှာပါ။ ယာယီသမ္မတကြီး မိန့်ကြားတဲ့စကားထဲက အတိုင်းပါပဲ ယနေ့အနယ်နယ်အရပ်ရပ်မှာ ခုခံစစ်ဆင်နွဲနေကြတဲ့ ပြည်သူတွေရဲ့တော်လှန်ရေးဟာ “တရားနည်းလမ်း ကျသော တရားမျှတသော တော်လှန်ရေး” ဖြစ်ပါတယ်။
ယာယီသမ္မတကြီးရဲ့ မိန့်ခွန်းထဲက အောက်ပါအချက်ကတော့ တော်လှန်တိုက်ခိုက်နေသူတိုင်းအတွက် ယေဘု ယျလမ်းညွှန်သဖွယ်ဖြစ်တယ်လို့ ဆိုချင်ပါတယ်။
– “ပြည်သူ့အုံကြွမှုကို ကျေးလက်၊ မြို့ပြနှင့် နိုင်ငံတစ်ဝှမ်းလုံးတွင် တစ်ပြိုင်တည်း လုပ်ဆောင်ကြရမည်။ ပြည်သူလူထု၏ စည်းလုံးညီညွတ်မှု၊ တီထွင်ဆန်းသစ်မှု၊ ဉာဏ်ရည်ထက်မြက်မှု၊ စိတ်ဓာတ်ပြင်းထန်ကြံ့ခိုင်မှုအပေါ် မူတည်၍ တော်လှန် ရေးကာလ တိုတောင်းမည်ဖြစ်ပါသည်”တဲ့။
ဒီနေရာကစပြီး ဒုတိယအချက်ဖြစ်တဲ့ ပြည်တွင်းပြည်ပ တုန့်ပြန်မှုတွေကို လေ့လာဆန်းစစ်ကြည့်ကြပါစို့။
အဓိကဆန့်ကျင်ဘက်အုပ်စုလည်းဖြစ်၊ လူမျိုးပေါင်းစုံပြည်သူတစ်ရပ်လုံးရဲ့ ဘုံရန်သူလည်းဖြစ်တဲ့ မင်းအောင် လှိုင် – စိုးဝင်း အကြမ်းဖက် (စကစ) စစ်အုပ်စုရဲ့ တုန့်ပြန်ချက်ကို ပထမဦးစွာ ကြည့်ကြပါစို့။
၂၀၂၁ခုနှစ်၊ စက်တင်ဘာလ ၈ရက်၊ နေ့စွဲဖြင့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၊ သတင်းထုတ်ပြန်ရေးအဖွဲ့ က ထုတ်ပြန်တဲ့ “နိုင်ငံ့အရေး၊ အမျိုးသားရေးဖြစ်သည့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များ၊ ကိုဗစ်-၁၉ ရောဂါကာကွယ်၊ ထိန်း ချုပ်၊ ကုသရေးလုပ်ငန်းစဉ်များနှင့်ပတ်သက်၍ သတင်းထုတ်ပြန်ချက်” ဆိုတာကို ကြည့်ကြရမှာပါ။ အချက် ၁၃ချက် ပါရှိပါတယ်။
‘စကတည်းက ယဉ်သလို’ ဆိုတဲ့စကားလိုပါပဲ။ သူခိုးက လူဟစ် – အကြမ်းဖက်နေပါတယ်လို့ အကြမ်းဖက်သ မားက အရှက်မဲ့စွာ အော်ဟစ်ထားတာနဲ့ အစချီထားတယ်။ ၄၈ – ၄၉ မှာတုန်းကပဲဖြစ်ဖြစ်၊ ၁၉၈၈ မှာပဲဖြစ်ဖြစ်၊ ၂၀၂၁ ဖေဖေါ်ဝါရီလနောက်ပိုင်းကစလို့ပဲဖြစ်ဖြစ် တိုင်းပြည်နဲ့လူထုအပေါ် အကြမ်းဖက်ခဲ့တာ ဒင်းတို့ပဲ မဟုတ်ပါလား။ အခု တော့ အရှက်ကင်းမဲ့စွာနဲ့ “နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းလမ်း၊ ဥပဒေနဲ့အညီ ရင်ဆိုင်ဖြေရှင်းရန် မကြိုးစားဘဲ ဒီမို ကရေစီနှင့် ဆန့်ကျင်သည့်အကြမ်းဖက်နည်းလမ်းကို ရွေးချယ်ဆောင်ရွက်ခဲ့ကြောင်း”လို့ ဒင်းတို့ကြေညာချက်မှာ ထည့် သွင်းရေးသား ဖော်ပြထားပါတယ်။
ဖေဖေါ်ဝါရီလ ၁ရက်နေ့ အာဏာသိမ်းတာ ဒင်းတို့ စိတ်ကြိုက်ရေးပြီး အဓမ္မအတည်ပြုထားတဲ့ ‘၂၀၀၈ အခြေခံ ဥပဒေ’နဲ့ပင် ကိုက်ညီပါရဲ့လား။ နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းလမ်း ဟုတ်ရဲ့လား။ ဥပဒေနဲ့အညီဖြေရှင်းတာ ဟုတ် ရဲ့လား။ ငြိမ်းချမ်းစွာဆန္ဒပြခဲ့ကြတဲ့ ပြည်သူတွေကို ပစ်ခတ်သတ်ဖြတ်တာတွေကရော နိုင်ငံရေးနည်းလမ်းလား – ဥပဒေ နဲ့အညီ ဖြေရှင်းတာလား။ ၂၀၂ဝပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲရလဒ်ကို ဖျက်သိမ်းပစ်တာကရော ဥပဒေနဲ့ညီရဲ့လား။ တကယ်တော့ စစ်အုပ်စုအဆက်ဆက်ဟာ ၁၉၆၂ခုနှစ်ကစပြီး ဥပဒေမှန်သမျှချိုးဖောက်ပြီး ထင်သ လို အကြမ်းဖက်အုပ်စိုးခဲ့တာ ဒီနေ့အထိပါပဲ။
အဲဒီကြေညာချက်ထဲမှာ တိုင်းရင်းသားတွေအချင်းချင်းကို တဖက်မှာ (NCA)စာချုပ်ထဲ အချိုသပ် လှည့်ဖြား သိမ်းသွင်းနေပြီး အခြားတဖက်မှာလည်း (NUG)နဲ့ သွေးခွဲရန်တိုက်ပေးထားပါတယ်။ “(NMSP) မွန်အဖွဲ့၊ KNU/KNLA (PC)၊ KNU ဒူးပလာယာခရိုင်” တို့ကို အသုံးချထားတာ တွေ့နိုင်ပါတယ်။
(NCA)စာချုပ် လက်မှတ်ရေးထိုးထားတဲ့ အဖွဲ့အားလုံးအနေနဲ့လည်း ‘အကြောင်းကြောင်းသော အကြောင်း ကြောင်းတွေကြောင့်’ လို့ထင်ပါရဲ့ (NCA)စာချုပ်နဲ့ပတ်သက်လာရင် လုံးဝ ပြတ်စဲတဲ့သဘောထား တိတိကျကျ မပြော နိုင်ကြဘဲ ခွထား၊ ခွဲကစားလို ဖြစ်နေပါတယ်။ ဒီအချက်ကို ‘မင်းအောင်လှိုင် – စိုးဝင်းအကြမ်းဖက် (စကစ) စစ်အုပ်စု’ က နှဲ့နေတာပါ။ ဖြိုခွဲနေတာပါ။ ဒါကြောင့်လည်း သက်ဆိုင်ရာအဖွဲတွေထဲမှာ ပွတ်တိုက်မှုတွေ တမျိုးမဟုတ်မျိုး ပေါ်ထွက် လာနေရတာပါ။
အကယ်၍သာ (NCA)စာချုပ်ပါ သဘောတူညီချက်များကို ပျက်ပြယ်ပြီဖြစ်ကြောင်း တညီတညွတ်တည်း တည်ကြည်ပြတ်သားစွာ ကြေညာနိုင်ကြမယ်ဆိုရင် ဒီလို ပွတ်တိုက်မှုတွေကို ရှောင်ရှားနိုင်လိမ့်မယ်လို့ မျှော်လင့်မိပါ တယ်။ ဒီလိုကြေညာလိုက်ရင် ရရှိလာမယ့် အကျိုးဆက်တွေကို (NCA)စာချုပ် လက်မှတ်ရေးထိုးထားတဲ့ အဖွဲ့တွေက “ငါတို့အဖွဲ့၊ ငါတို့ဒေသထဲကို ထိုးစစ်ကြီးတွေ ဆင်နွှဲလာမလား၊ လေယာဉ်တွေနဲ့ဗုံးတွေကြဲချမလား” စသဖြင့် ကိုယ်စီအ ကျိုးစီးပွားတွေနဲ့တွက်ချက် ချိန်ဆနေကြဟန်လည်းရှိပါတယ်။ ဒီလိုရေခံမြေခံပေါ်ကနေ ‘ဒူးပလာယာခရိုင်’က မညီညာ တဲ့ ‘မောင်းသံ’ ထွက်လာတာပါ။ ဒါကို စစ်အုပ်စုက ခြေမြန်လက်မြန်ထည့်သွင်း အသုံးချနေတာပါ။ ဒီလို ပက်စက်ယုတ် မာမှုတွေကို လူမျိုးစုတိုင်းရင်းသားအဖွဲ့အစည်းတိုင်းက လေးလေးနက်နက် သတိပြုမိကြဖို့ပါ။ စစ်အုပ်စုဟာ အင်မတန် စဉ်းလဲယုတ်မာကောက်ကျစ်ပါတယ်။
ပြည်ပဖက်ကို ကြည့်ကြပါစို့။
တရုတ်၊ အာဆီယံ၊ အမရိကန်၊ ယူကေ၊ ဂျပန် အားလုံးဟာ ‘တွေ့ဆုံဆွေးနွေးဖြေရှင်းကြဖို့’ ကို ပြောနေကြ သော်လည်း အတွင်းသဘောတွေက ဒီဂရီအားဖြင့် သဘာဝကျစွာပဲ မတူညီကြပါ။ ဒါကြောင့်လည်း ကုလသမဂ္ဂမှာ ဘာဆုံးဖြတ်ချက်မှ ချလို့မရတာပါ။ ကျနော်တို့တိုင်းပြည်ပြဿနာက သူတို့မူလ အကျိုးစီးပွားချင်း ထိပ်တိုက်ဖြစ်နေတဲ့ ခွင်ထဲမှာ မလူးသာ မလွန့်သာ ဖြစ်နေရတဲ့အချက်လည်း ပါဝင်နေပါတယ်။
ပြည်ပနိုင်ငံ (တရုတ်၊ အာဆီယံ၊ အမရိကန်၊ ယူကေ၊ ဂျပန်) အားလုံးထဲမှာ ‘တရုတ်’က ခြေလှမ်းအသွက်ဆုံး ဖြစ်လိမ့်မယ်လို့ ထင်ပါတယ်။ ဒါကလည်း အိမ်နီးချင်းလည်းဖြစ်သလို တရုတ်ပြည်ရဲ့ မဟာဗျူဟာ ရေရှည်အကျိုးစီးပွား နဲ့လည်း ဆက်စပ်နေလို့ဖြစ်မှာပါ။ ဩဂုတ်လထဲမှာ တရုတ်အထူးသံတမန်ဟာ မြန်မာပြည်သို့ ကြိုတင်မကြေညာဘဲ ရက်သတ္တပတ်ကြာ ခရီးသွားနေခဲ့ပြီး ခရီးစဉ်ပြီးဆုံးတော့မှ တရားဝင်ထုတ်ပြောပါတယ်။
တရုတ်က အဆိုပြုနေတဲ့ အားလုံးဟာ ‘ဥပဒေဘောင်ထဲက ဖြေရှင်းကြပါ’ ဆိုတဲ့ကိစ္စမှာလည်း ဥပဒေကို လုံးလုံးလျားလျား ချိုးဖောက်ကျော်လွန်သူက ‘မင်းအောင်လှိုင် – စိုးဝင်း အကြမ်းဖက်(စကစ)စစ်အုပ်စု’ပဲ ဖြစ်နေတော့ ဒီကိစ္စ ဘယ်လိုအစချီမလဲဆိုတာ အင်မတန် စဉ်းစားစရာပါ။
တရုတ်ပြည်က ဒီလိုခြေလှမ်းတွေ လှမ်းနေတာကို တစ်ယောက်ခြေ တစ်ယောက် ဒေါက်ထောက်ကြည့်နေကြ တဲ့ ကျန်တဲ့နိုင်ငံကြီးတွေက မသိနိုင်စရာ အကြောင်းမရှိပါဘူး။ တရုတ်ပြည်က ‘မြန်မာ့အရေး’ ပါဝင် လုပ်ဆောင်နေ တာနဲ့ ပတ်သက်လို့ အမေရိကန် – ဗြိတိန်တို့က ထောက်ခံသံ/ ကန့်ကွက်သံလည်း တရားဝင် မကြားရပါဘူး။
အာဆီယံကလည်း အလားတူပါပဲ။ အာဆီယံလုပ်နေတာတွေကို အမေရိကန်က မသိနိုင်စရာ မရှိပါဘူး။ တရုတ်ပြည်ကတော့ အာဆီယံကို သူ့ခြေလှမ်းနဲ့အတူ ဆက်စပ်တွဲယူနေတာကို သတိပြုမိပါတယ်။
စက်တင်ဘာလ ၇ ရက်၊ အမျိုးသားညီညွတ်ရေးအစိုးရ (NUG)က “ပြည်သူတို့၏ ခုခံတွန်းလှန်စစ် စတင်နေပြီ” လို့ ကြေညာလိုက်တဲ့အခါမှာတော့ အမေရိကန်ပြည်ထောင်စုနဲ့ ဗြိတိန်တို့က တာဝန်ရှိသူတွေဆီက တုန့်ပြန်သံတွေ ပြိုင် တူလိုလို ထွက်ပေါ်လာပါတယ်။ သူတို့က ‘ဒိုင်ယာလော့’ ဖို့ကို အလေးတင်းပြောဆိုထားပြီး ‘ခုခံတွန်းလှန်စစ်’ ကိုတော့ အကြမ်းဖက်မှုနဲ့ ရောထွေးထားပါတယ်။ ‘မင်းအောင်လှိုင် – စိုးဝင်းအကြမ်းဖက်(စကစ) စစ်အုပ်စု’ရဲ့ အကြမ်းဖက်မှုနဲ့ ပြည်သူတွေက ဆက်လက်ပြီး ဘယ်လိုမှ သည်းမခံနိုင်တဲ့အဆုံး ရရာလက်နက်စွဲကိုင်ပြီး ခုခံတွန်းလှန်ရဲ့ ‘တော်လှန် စစ်’ရဲ့ ခြားနားမှုကို ကွဲပြားဖို့နဲ့ ခြားနားဖို့တော့ အင်မတန်လိုအပ်ပါတယ်။ ငြိမ်းချမ်းတဲ့ ဗုဒ္ဓရဲ့တရားရိပ်မှာ တစ်သက်တာ နေထိုင်သွားဖို့ ပိုင်းဖြတ်ထားတဲ့ ရဟန်းသံဃာတွေသည်ပင်လျှင် သာသနာ့ဘောင်ကို ကျောမခိုင်းလိုသော်လည်း မိုက်မဲ ဆိုးသွမ်းလွန်းလှတဲ့ အခြေအနေအရပ်ရပ်ကို ဆက်လက် သည်းမခံနိုင်တဲ့အဆုံး လူဝတ်လဲပြီး သေနတ်စွဲကိုင်လာရတဲ့ အခြေအနေကို အမေရိကန်ပြည်ထောင်စု အပါအဝင် ပြည်ပနိုင်ငံတွေက သိနားလည်ကြဖို့ လိုအပ်ပါတယ်။
‘ကိုယ့်ဝမ်းနာ ကိုယ်သာသိ’ ဆိုသလိုပါပဲ ကိုယ့်တိုင်းပြည်နဲ့ ကိုယ့်ပြည်သူတွေ လက်တွေ့မျက်တွေ့ ရင်ဆိုင် ခံစားရတဲ့ အကြမ်းဖက်ဖိနှိပ်မှုတွေကို ကိုယ့်တိုင်းသူပြည်သားတွေလောက် ဘယ်သူမှ နက်နက်နဲနဲ နားလည်ခံစားနိုင်မှာ မဟုတ်ပါဘူး။ ကိုယ့်အားကိုယ်ကိုးပြီး ‘ခုခံတွန်းလှန်စစ်’ ရဲ့ ရှေ့ခရီးကြမ်းကို ဆက်ကြရမှာပါ။
‘ခုခံတွန်းလှန်စစ်’ လို့ခေါ်ခေါ်၊ တော်လှန်စစ်လို့ပဲပြောပြော ‘စစ်တိုက်ရမယ် သို့မဟုတ် သေနတ်ဘေးမှာ ခဏ ထားပြီး ငြိမ်းချမ်းရေးစကားပြောရမယ်’ ဆိုတဲ့ အနေအထားတွေကို မိမိတို့ လက်တွေ့ရင်ဆိုင်နေရတဲ့ အခြေအနေတွေ နဲ့ မှန်ကန်စွာ အကဲဖြတ်ပြီး ဆုံးဖြတ်ဆောင်ရွက်ကြရမှာပါ။ ‘မင်းတို့ ရပ်ကြ – မင်းတို့ တိုက်ကြ’ လို့ ဘယ်သူကမှ အမိန့် ပေးညွှန်ကြားလို့ မရနိုင်ပါဘူး။ မညွှန်ကြားသင့်ပါဘူး။ ဘယ်အနေအထားကိုပဲဖြစ်ဖြစ် ကိုယ်တိုင်၊ ကိုယ်ပိုင် ဆုံးဖြတ်ကြ ရမှာပါ။