Home သတင်း ကျိတ်‌ကျေးရွာမှ စစ်‌ကောင်စီတပ် ပြန်လည်ထွက်ခွာသွား၊ ‌ဒေသခံများ ပုံမှန်ပြန်လှုပ်ရှား

ကျိတ်‌ကျေးရွာမှ စစ်‌ကောင်စီတပ် ပြန်လည်ထွက်ခွာသွား၊ ‌ဒေသခံများ ပုံမှန်ပြန်လှုပ်ရှား

1630

စက်တင်ဘာ ၁၀၊ ၂၀၂၁ ခုနှစ်။ ‌ကေအိုင်စီ

စစ်‌ရေးတင်းမာမှု ဖြစ်‌ပေါ်ခဲ့သည့် ကြာအင်းဆိပ်ကြီးမြို့နယ်၊ ကျိတ်‌ကျေးရွာမှ စစ်‌ကောင်စီတပ်များသည် ယ‌နေ့ စက်တင်ဘာ ၁ဝ ရက်‌နေ့တွင် ရွာမှ ပြန်လည် ထွက်ခွာသွားပြီး‌နောက် ‌ဒေသခံများအ‌နေဖြင့် ‌နေ့စဉ်လှုမှုဘဝ အတွက် ပုံမှန်အတိုင်း ပြန်လည်လှုပ်ရှား‌နေသည်ဟု ‌ဒေသတွင်း သတင်းရင်းမြစ်များက ‌ပြောသည်။

“ အခု‌တော့ သူတို့ ပြန်သွားကြကုန်ပြီး။ ဆိုင်‌တွေ ပုံမှန်ပြန်ဖွင့်ပြီး။ စိုးရိမ်မှု‌တော့ ရှိ‌နေရတာ‌ပေါ့။ ဒါ‌ပေမယ့် ‌ကြောက်‌နေလို့မှမရတာ၊ စားဖို့‌သောက်ရဖို့က ရှိ‌သေးတယ်‌လေ။ လုပ်ရင်း အသံနား‌ထောင်ရင်းနဲ့ လုပ်‌နေရတာ‌ပေါ့။ အသံကြားရင်‌တော့ ချက်ချင်းဆိုင်ပိတ်မယ်” ဟု ‌ဒေသခံတဦးက ‌ကေအိုင်စီသို့ ‌ပြောသည်။

အဆိုပါ ‌ကျေးရွာတွင် ပြီးခဲ့သည့် ဩဂုတ် ၂၁ ရက်‌နေ့တွင် စစ်‌ကောင်စီတပ်ကစခန်းကို စွန့်ခွာသွား ပြီး‌နောက် ၎င်း‌နေရာသို့ KNLA တပ်ရင်း ၁၈ က သွား‌ရောက်ရှင်းလင်းခဲ့မှု ဖြစ်ပွားခဲ့သည်။ သို့‌သော် စစ်‌ကောင်စီတပ်က စခန်းပြန်လည် ရယူရန် ကြိုးပမ်းခဲ့ရာမှ KNLA နှင့် စစ်‌ကောင်စီတို့အကြား ပစ်ခတ်မှုအကြိမ်ကြိမ်ဖြစ်ပွားခဲ့ရာ စစ်‌ကောင်စီဘက်မှ ထိခိုက်ဒဏ်ရာရရှိသူ ၃ ဦးရှိသည်ဟု ‌ဒေသခံများ၏ ‌ပြောဆိုချက်အရ သိရှိရသည်။

ထို့‌နောက် စစ်‌ကောင်စီတပ်များ ကျိတ်‌ကျေးရွာသို့ ပြန်လည်‌ရောက်ရှိလာ‌သော်လည်း ပိုင်ကလန်ဒုံ၊ မိကသို့ နှင့် ပိန္နဲကုန်း ‌ကျေးရွာအထိ နယ်‌ကျော်ဝင်‌ရောက်သွားသည်။ ယခုရက်ပိုင်းအတွင်း စစ်‌ကောင်စီတပ်များသည် ၎င်းပိန္နဲကုန်းနှင့် ပိုင်ကလန်ဒုံ‌ကျေးရွာမှ တပ်ပြန်ဆုတ်ကာ ယမန်‌နေ့ စက်တင်ဘာ ၉ ရက်‌နေ့တွင် ကျိတ်‌ကျေးရွာ၌ တစ်ည ပြန်လည်တပ်စွဲထား‌ကြောင်း ‌ဒေသခံများက ‌ပြောဆိုသည်။

ထိုသို့ ကျိတ်‌ကျေးရွာတွင် တစ်ညတာ တပ်စွဲပြီး‌နောက် စက်တင်ဘာ ၁ဝ ရက်‌နေ့တွင် ကျိုက်ဒုံဘက်ကို ပြန်လည် တပ်ဆုတ်သွားပြီး ဖြစ်သည်။ ထို့‌ကြောင့် ‌ဒေသခံများအ‌နေဖြင့် ပုံမှန်လယ်ယာစိုက်ပျိုး‌ရေး၊ ရွာအတွင်း ‌ဈေးဆိုင် များ ပြန်ဖွင့်ခြင်းနှင့် ကျိုက်ဒုံမြို့သို့ သွား‌ရောက်ကာ စား‌သောက်ကုန်များ ကူးသန်း‌ရောင်းဝယ်‌နေ‌ကြောင်း ‌ဒေသခံ များက ‌ပြောသည်။