စက်တင်ဘာ ၁ ရက်၊ ၂၀၂၁ ခုနှစ်။ ကေအိုင်စီ
ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ် ကျိတ်ကျေးရွာတွင် တားမြစ်နယ်မြေထဲကို ကျော်လွန်ဝင်ရောက်သည့် စစ်ကောင်စီတပ်ဖွဲ့နှင့် နယ်မြေခံ ကရင်အမျိုးသားလွတ်မြောက်ရေး တပ်မတော်(KNLA) တပ်မဟာ ၆) တပ်ဖွဲ့တို့အကြား ယနေ့ (စက်တင်ဘာ ၁ ရက်) နံနက်အစောပိုင်းက ပစ်ခတ်မှုဖြစ်ပွားသည်ဟု ဒေသတွင်းသတင်းအရင်းအမြစ်အရ သိရှိရသည်။
ယမန်နေ့ (ဩဂုတ်လ ၃၁ ရက်) ညနေပိုင်းတွင် စစ်ကောင်စီတပ်တို့မှ ကျိတ်ကျေးရွာ မြောက်ဘက် တစ်မိုင်ခန့်အကွာအဝေးရှိ ပိုင်ကလန်ဒုံကျေးရွာဘက်ကို ဦးတည်ထွက်ခွာသွားပြီး ယနေ့နံနက်ပိုင်းက ကျိတ်ကျေးရွာနှင့် ပိုင်ကလန်ဒုံကျေးရွာအကြား မိုက်ခလိန်ထားနေရာတွင် ပစ်ခတ်မှု စတင်ဖြစ်ပွားခြင်းဖြစ် သည်ဟု အမည်မဖော်လိုသူ ဒေသခံတစ်ဦးက ယခုလိုပြောသည်။
၎င်းက ” မနက် ၇ နာရီဝန်းကျင်မှ ပစ်ကြတာပေါ့နော်။ နာရီဝက်ကြာ ပစ်ကြတယ်။ မနေ့ညနေထဲက သူတို့ ပိုင်ကလန်ဒုံလက်ကို သွားတာ။ အစက BGF တွေလိုက်မသွားဘူး။ ပစ်ခတ်မှုတွေဖြစ်မှ BGFတွေ သူတို့ နောက်ကို ထပ်လိုက်သွားတယ်။ ဘယ်လိုတွေ ဆက်ဖြစ်နေလဲတော့ မသိဘူး။ ထိခိုက်ကျဆုံးမှု ရှိမရှိတော့ မသိဘူး။ ” ဟု ကေအိုင်စီ သို့ ပြောသည်။
အဆိုပါ စစ်ကောင်စီတပ်ကို KNLA ဘက်က တားမြစ်နယ်မြေထဲမကျူးကျော်ရန် သတိပေးမှုများရှိသော်လည်း ၎င်းတို့မှ နယ်မြေကျူးကျော်သည့်အတွက် ယခုလို ပစ်ခတ်မှုဖြစ်ပွားခဲ့ခြင်းဖြစ်သည်ဟု ဒေသခံများက ပြောသည်။
ပြီးခဲ့သည့် ဩဂုတ်လ ၂၉ ရက်တွင် ရာနှင့်ချီသည့် စစ်ကောင်စီတပ်နှင့် BGF တပ်ဖွဲ့ဝင်များသည် ကျိတ်ကျေးရွာထဲ ဝင်ရောက်လာမှုကြောင့် ကျေးရွာသူရွာသားများ ရွာလုံးကျွတ် ထွက်ပြေးခဲ့ရသေးသည်။
ယခုလို စစ်ကောင်စီတပ်မှ နယ်မြေကျူးကျော်မှုများရှိသည့်အတွက် ဒေသခံလူထုများက တိုက်ပွဲပိုပြီး ပြင်းထန်လာမည်ကို စိုးရိမ်ကြောက်လန့်လျက်ရှိပြီး ဒေသခံပြည်သူအချို့လည်း တိမ်းရှောင်နေရလျက်ရှိသည်။




















