စက်တင်ဘာ ၂၉ ရက်၊ ၂၀၂၁ ခုနှစ်။ ကေအိုင်စီ
ဒီမိုကရေစီအကျိုးပြုကရင်တပ်မတော်-DKBA ဌာနချုပ် တည်ရှိရာ ဆုံဆည်းမြိုင်ဒေသသို့ ယနေ့ စက်တင်ဘာလ ၂၉ရက်တွင် သွားရောက်သည့် ကရင်ပြည်နယ်ကောင်စီ ဥက္ကဋ္ဌ စောမြင့်ဦး၏ ခရီးစဉ်မှာ ဒေသခံများကို နိုင်ငံသား စီစစ်ရေးကဒ် (မှတ်ပုံတင်)လာရောက်ပေးအပ်ခြင်းသာဖြစ်ကြောင်း DKBA ဘက်က ပြောဆိုသည်။
ပြည်နယ်ကောင်စီ ဥက္ကဌ အပါအဝင် ပြည်နယ် နယ်လုံဝန်ကြီး ဗိုလ်မှူးကြီး မျိုးမင်းနောင်ပါ ပါဝင်၍ သွားရောက် ခဲ့သည့် အဆိုပါ ခရီးစဉ်၌ ဒေသခံရွာသား ၂၀ဝ ကျော်အတွက် မှတ်ပုံတင် လာရောက် ပေးအပ်ခြင်းဖြစ်ကြောင်း DKBA ဗဟိုဌာနချုပ်၏ စစ်ဦးစီးမှူး ဒုတိယတန်း ဗိုလ်မှူး စောစမင်းက ယခုလိုပြောသည်။
“ဒီနေ့ သူတို့လာတာက မှတ်ပုံတင်ပေးအပ်ပွဲ အခမ်းအနားအတွက် လာတာ။ ဒီက လေးဝေါ်၊ ဝါ့မီထာ့၊ ဥကရစ်ထ၊ ဝေါ်လေ အစရှိတဲ့ ကျေးရွာက ဒေသခံ ၂၀ဝ ကျော်အတွက် မှတ်ပုံတင် လာအပ်ပေးတာ။” ဟု ၎င်းက ကေအိုင်စီ သို့ ပြောသည်။
အဆိုပါ မှတ်ပုံတင် ပေးအပ်ပွဲသို့ ပြည်နယ်ကောင်စီ ဥက္ကဌ၊ နယ်လုံဝန်ကြီးအပြင် မြဝတီ ခရိုင်ဥက္ကဌ၊ လူဝင်မှု ကြီးကြပ်ရေးဌာန(လဝက) တာဝန်ရှိသူများ ပါဝင်ပြီး အဆိုပါ မှတ်ပုံတင်ပေးအပ်ပွဲ အခမ်းအနားအတွက်သာ လာရောက်ခြင်းဖြစ်ကြောင်းနှင့် တခြားအစီအစဉ်များမပါဝင်ကြောင်းလည်း ဗိုလ်မှူး စောစမင်းက ဆက်ပြောသည်။

၎င်း ခရီးစဉ်အတွက် လမ်းတစ်လျှောက်တွင် DKBA တပ်ဖွဲ့ဝင်များမှ လုံခြုံရေး ရယူပေးထားသလို စစ်ကောင်စီ တပ်ဖွဲ့ဝင်အပြည့် ပါဝင်သည့် စစ်ကားများ၊ နယ်ခြားစောင့်တပ် (BGF) တပ်ဖွဲ့ဝင်များ၊ နယ်မြေခံ ရဲတပ်ဖွဲ့ဝင်များ ပါဝင်သော စစ်ကားအစီးရေ (၂၀)ကျော်ခန့်ပါဝင်လုံခြုံရေး ယူပေးသွားကြောင်းလည်း ဒေသခံများက ဆိုသည်။
အဆိုပါ မှတ်ပုံတင်ပေးအပ်ပွဲကို DKBA ဌာနချုပ် တည်ရှိရာ ဆုံဆည်းမြိုင်ကျေးရွာ၏ သူးမွဲခီးနေရာတွင် အခမ်း အနားအစီအစဉ်ဖြင့် ပေးအပ်ခဲ့ခြင်းဖြစ်ပြီး ဒေသခံရွာသား (၂၇၀) ဦးကို မှတ်ပုံတင်ပေးအပ်ခဲ့ပြီးနောက် သက်ဆိုင်ရာ ပြည်နယ်ကောင်စီ ဥက္ကဌ နှင့် နယ်လုံဝန်ကြီးတို့က နေ့လည် ၁ နာရီ မိနစ် ၄ဝ ခန့်တွင် ပြန်လည်ထွက်ခွာသွားကြပြီးဖြစ်ကြောင်း နှင့် မှတ်ပုံတင်ပေးအပ်မှုကို ဆက်လက်ပြုလုပ်နေကြောင်း DKBA ကပြောသည်။
ကနဦး ထွက်ပေါ်လာသည့် သတင်းများအရ အဆိုပါ ခရီးစဉ်တွင် ကရင်အမျိုးသားအစည်းအရုံး-KNU ထိန်းချုပ်ရာ လေးကေကော်မြို့သစ်လည်းပါဝင်ကြောင်း သိရသလို ယမန်နေ့ စက်တင်ဘာလ ၂၈ ရက်နေ့တွင် စစ်ကောင်စီ တပ်ဖွဲ့ဝင်များမှ လေးကေကော် မြို့သစ်အတွင်း ဝင်ရောက် မေးမြန်းမှုများ ပြုလုပ်ခဲ့သေးသည်။



















