Home သတင်း စစ်‌ကောင်စီတပ်၏ လက်နက်ကြီးရမ်းသမ်းပစ်ခတ်မှု‌ကြောင့် ‌ဒေသခံရွာသားတစ်ဦး ဦး‌ခေါင်းဒဏ်ရာ ရရှိ

စစ်‌ကောင်စီတပ်၏ လက်နက်ကြီးရမ်းသမ်းပစ်ခတ်မှု‌ကြောင့် ‌ဒေသခံရွာသားတစ်ဦး ဦး‌ခေါင်းဒဏ်ရာ ရရှိ

1440
Photo: Resident

စက်တင်ဘာလ ၂၉ ရက်၊ ၂၀၂၁ခုနှစ်။ ‌ကေအိုင်စီ

‌ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး မူ‌တြော်(ဖာပွန်)နယ်‌မြေအတွင်း လှုပ်ရှား‌နေသည့် စစ်‌ကောင်စီတပ်၏ လက်နက်ကြီး ရမ်းသမ်းပစ်ခတ်မှု‌ကြောင့် ‌ဒေသခံရွာသားတစ်ဦး၏ ဦး‌ခေါင်းမှာ လက်နက်ကြီးကျည်စထိမှန် ဒဏ်ရာရရှိခဲ့သည်ဟု သိရသည်။

ပြီးခဲ့သည့် စက်တင်ဘာလ ၂၇ရက်‌နေ့တွင် မူ‌တြော်ခရိုင်၊ ဒွယ်လိုးမြို့နယ်၊ နားကူနား ‌နေရာရှိ ဒုဗိုလ်မှူးကြီး ‌ဇော်မင်းထက် ဦးစီးသည့် စစ်‌ကောင်စီတပ် စစ်ဆင်‌ရေးကွပ်ကဲမှုဌာနချုပ် စကခ(၈) လက်‌အောက်ခံ ‌ခြေမြန်တပ်ရင်း (ခမရ ၄၀၇) အဖွဲ့၏ လက်နက်ကြီးရမ်းသမ်းပစ်ခတ်မှု‌ကြောင့် က‌လောထာ့ ‌ကျေးရွာအနီးသို့ ကျ‌ရောက်‌ပေါက်ကွဲခဲ့ရာတွင် အသက် ၅၆ နှစ်ရှိ ‌စောမြ‌မောင် ​၏ ဦး‌ခေါင်းကို ကျည်အပိုင်းအစထိမှန်ဒဏ်ရာရရှိခဲ့ခြင်းဖြစ်သည်ဟု နယ်‌မြေခံ သတင်းအရင်းအမြစ်များထံမှ သိရသည်။

မူ‌တြော်ခရိုင်အတွင်း လှုပ်ရှား‌နေသည့် စစ်‌ကောင်စီတပ်များသည် ‌ဒေသခံပြည်သူလူထုများ‌နေထိုင်ရာ ‌ကျေးရွာအတွင်း ထိုသို့ လက်နက်ကြီးများ ရမ်းသမ်းပစ်ခတ်မှုမှာ ‌နေစဉ်လိုလို လုပ်‌ဆောင်ခဲ့သည်ဟု ကရင်ငြိမ်း ချမ်း‌ရေးအ‌ထောက်အကူပြုကွန်ရက်(KPSN) ‌ပြောခွင့်ရ ‌နော်ဝါးခူရှီးက ‌ကေအိုင်စီသို့ ‌ပြောသည်။

သူမက “စစ်တပ်က ဒီလို လက်နက်ကြီး ရမ်းသမ်းပစ်ခတ်တာ ‌နေ့တိုင်းလိုလိုပဲ ပြုလုပ်‌နေပါတယ်။ ဒီလိုပစ်ခတ်ပြီးဆိုရင် ရွာသား‌တွေမှာ အမြဲတမ်း ထိခိုက်ဒဏ်ရာရရှိကြတာပဲ။ အိမ်‌မွေးတိရိစာ္ဆန်‌တွေ၊ လူ‌နေအိမ်‌တွေလည်း ထိခိုက်ပျက်စီးတာ‌တွေလည်းရှိပါတယ်။ ဒီလိုဖြစ်စဉ်နဲ့ပတ်သက်ပြီး ကျမတို့မှာ ဓာတ်ပုံသက်‌သေအ‌ထောက်အထား‌တွေ အပြည့်အစုံရှိပါတယ်။ “ဟု ‌ပြောသည်။

၎င်းအပြင် စက်တင်ဘာလ တတိယအပတ်မှစကာ မူ‌တြော်ခရိုင် ဘူးသိုမြို့နယ် မြစ်ဆုံ(သူးမွဲထာ)အနီးရှိ ညာတ‌ခေါ်ကျိုးအ‌ခြေစိုက် စကခ (၈) လက်‌အောက်ခံ၊ ခမရ ၄၀၁ ၊ ‌ရှေ့တန်းတပ်စခန်းသို့ ရိက္ခာပို့‌ဆောင်ရန် အတွက် ကတိုင်တိအ‌ခြေစိုက်၊ စကခ ၈ လက်‌အောက်ခံ ခမရ ၄၀၉ နှင့် ခမရ ၃၃၈ တို့သည် ရိက္ခာသယ်‌ဆောင်လာရာ လမ်းတ‌လျှောက်တွင် ကရင်အမျိုးသားလွတ်‌မြောက်‌ရေးတပ်မ‌တော် (KNLA)တပ်မဟာ ၅၏ တပ်ရင်း ၁၈နှင့် ကရင်အမျိုးသားကာကွယ်‌ရေးတပ်ဖွဲ့(KNDO) တပ်ရင်း ၁ တို့အကြား‌နေ့စဉ် ပစ်ခတ်မှုဖြစ်ပွားလျက်ရှိသည်ဟု KNU မူ‌တြော်ခရိုင် သတင်းစဉ်က စက်တင်ဘာလ ၂၇ရက်‌နေ့တွင် သတင်းထုတ်ပြန်ထားသည်။

ထိုသို့ ပစ်ခတ်တိုက်ခိုက်မှုများ ဖြစ်ပွား‌နေသည့်အခါတိုင်းတွင် စစ်‌ကောင်စီတပ်များဘက်က အနီးအနားရှိ ‌ကျေးရွာများနှင့် ဥယျာဉ်ခြံ‌မြေအတွင်းသို့ အ‌မြောက်လက်နက်ကြီးများဖြင့် ရမ်းသမ်းပစ်ခတ်မှုများ လုပ်‌ဆောင်ခဲ့သဖြင့် ‌ဒေသခံများမှာ လုပ်ငန်းခွင်ထဲသို့ မသွားရဲကြ‌တော့ဘဲ စိုးရိမ်‌ကြောက်လန့်‌နေကြသည်ဟုလည်း မူ‌တြော်ခရိုင် သတင်းစဉ်က ထုတ်ပြန်ထားသည်။