“၂၀၀၈ ဖွဲ့စည်းပုံအောက်ကနေပဲ သူတို့ရဲ့ အာဏာကို ဆက်ပြီးထိန်းနိုင်ရေးကို အကြောင်းပြချက်မျိုးစုံ နဲ့ ဆက်လုပ်မှာ၊ ဒီအပေါ်မှာ ဘာမှ မျှော်လင့်စရာလည်း မရှိသလို ထူးထူးခြားခြား စဉ်းစားစရာလည်း မရှိဘူး”
ဩဂုတ် ၄ရက်၊ ၂၀၂၁ခုနှစ်။ ကေအိုင်စီ
အာဏာသိမ်းစစ်ခေါင်းဆောင်၏ စစ်ကောင်စီမှ အိမ်စောင့်အစိုးရ အမည်ပြောင်းမှုဖွဲ့စည်းမှု၊ နိုင်ငံတကာနှင့် ပြည်တွင်းအခြေအနေ၊ တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေးအဖွဲ့အစည်းများ၏ ရပ်တည်ချက်များအပေါ် သဘောထားအမြင်နှင့် သုံးသပ်ချက်များအတွက် ကရင်အမျိုးသားအစည်းအရုံး (KNU) တွဲဘက်အ ထွေထွေအတွင်းရေးမှူး – ၂ (ဟောင်း) ပဒိုမန်းမန်းမန်းနှင့် ဆက်သွယ်မေးမြန်းထားသည်။
မေး။ ။ အာဏာသိမ်း စစ်ကောင်စီကို ပြည်ထောင်စုမြန်မာနိုင်ငံတော် အိမ်စောင့်အစိုးရအဖြစ်သစ်သို့ ပြောင်းလဲဖွဲ့စည်းသွားတဲ့ အဓိက ရည်ရွယ်ချက်က ဘာဖြစ်မလဲ။
ဖြေ ။ ။ တကယ်တော့ အိမ်စောင့်အစိုးရလို့ ပြန်လည် ခေါ်ဆိုစုဖွဲ့လိုက်တာကလည်း သိပ်အဆန်းကြီး မဟုတ်ပါဘူး။ စစ်ကောင်စီ အနေနဲ့ အစိုးရ တစ်ရပ်အနေနဲ့ ယန္တရားကို တည်ဆောက်ဖို့ အတွက်လို့ပဲ ယူဆတယ်။ သို့သော် လည်းပဲ အဓိက ဒီလာမယ့် ကုလသမဂ္ဂ အထွေထွေ ညီလာခံမှာရော နိုင်ငံတကာ အသိုင်းအဝိုင်းကကော ၊ အာဆီယံကကော ဒီအာဏာသိမ်းတဲ့ စစ်ကောင်စီကို အစိုးရ တစ်ရပ်အနေနဲ့ အသိအမှတ်ပြုနိုင်ဖို့ သိမ်းထားတဲ့ နိုင်ငံတော်အာဏာကို ထိန်းနိုင်ဖို့ သိမ်းနိုင်ဖို့ ကြိုးစားဆောင်ရွက်တယ်လို့ပဲ ပြောရမှာဖြစ်တယ်။
မေး။ ။ အခု အာဏာသိမ်း စစ်ကောင်စီကို ပြည်ထောင်စုမြန်မာနိုင်ငံတော် အိမ်စောင့်အစိုးရအဖြစ်သို့ ပြောင်းလဲဖွဲ့စည်းလိုက်တာဟာ ၂၀၀၈ ဥပဒေအရပဲ လုပ်ဆောင်သွားတာလား ။
ဖြေ။ ။ ဒါကတော့ စစ်ကောင်စီရဲ့ ကြိုးစားဆောင်ရွက်မှုအပေါ်မှာပဲ ကြည့်ပြီး ပြောရမှာဖြစ်တယ်။ စစ်ကောင်စီရဲ့ ကြိုးစား ဆောင်ရွက်မှုအရတော့ သူတို့က ၂၀၀၈ ဖွဲ့စည်းပုံကို ဖျက်သိမ်းမှာမဟုတ်ဘူး၊ ရုပ်သိမ်းမှာမဟုတ်ဘူး။ ၂၀၀၈ ဖွဲ့စည်းပုံ အောက်မှာပဲ ၂၀၂၃ အထိ ဆက်ပြီးတော့ သူတို့ရဲ့ အာဏာကို ထိန်းရမယ် သိမ်းရမယ် ဆိုတဲ့ဟာကို ဒီ အိမ်စောင့် အစိုးရကို မကြေညာခင်ကတည်းက သူတို့က ထုတ်ပြန်ကြေညာထားပြီးသား ဖြစ်တဲ့အတွက်ကြောင့် အိမ်စောင့်အစိုးရ စုဖွဲ့မှုဟာလည်းပဲ ၂၀၀၈ ဖွဲ့စည်းပုံ အောက်မှာပဲလို့ ပြောရမှာဖြစ်တယ်။
မေး။ ။ အခု ကာချုပ်မင်းအောင်လှိုင်ရဲ့ အိမ်စောင့်အစိုးရနဲ့ ယခင် ၁၉၅၈ ခုနှစ်က ဖွဲ့ခဲ့တဲ့ အိမ်စောင့်အစိုးရနဲ့ ဘယ်လိုကွာခြားမှုတွေ တွေ့ရလဲ။
ဖြေ ။ ။ ဒီစစ်အာဏာရှင်နဲ့ စစ်အုပ်ချုပ်ရေးကတော့ သမိုင်းအဆက်ဆက် သမိုင်း တစ်ပတ်လည်လာတဲ့ အထိတော့ အသစ် အဆန်းတွေ တစ်ခုမှ မဟုတ်ဘူး။ ၁၉၅၈ ကနေ ၁၉၆၂ အထိ အိမ်စောင့် အစိုးရ ပဲပြောပြော ၁၉၈၈ ကနေ ၁၉၉ဝ ရွေးကောက်ပွဲမှာ စစ်အာဏာသိမ်းတာပဲ ပြောပြော ဒါကတော့ စစ်တပ်က သူတို့ သမားရိုးကျ လုပ်နေကျ ဖြစ်တဲ့ စစ်အာဏာကို ထိန်းနိုင်ဖို့အတွက် လက်နက်နဲ့ အကြမ်းဖက်တာတွေလုပ်မယ်၊ လက်နက်နဲ့ ဖိနှိပ်တာတွေ လုပ်မယ်။ လက်နက်နဲ့ တိုင်းပြည်ကို ငြိမ်ဝပ်ပိပြားအောင် လုပ်မယ်၊ ခြိမ်းခြောက်မယ် ဒီလို သဘောမျိုးပဲဖြစ်တဲ့ အတွက် ယခုဖြစ်နေတဲ့ အိမ်စောင့်အစိုးရနဲ့ အရင် အိမ်စောင့်အစိုးရကြားမှာ ဖြစ်စဉ်ကတော့ အဲ့လောက် ကွာခြားမှု မရှိပါဘူး။ ဒါပေမဲ့ ပြည်သူလူထု နဲ့ နိုင်ငံတကာရဲ့ အခင်းအကျင်း အနေအထားက အရင် ၁၉၆၂ လို ၁၉၉ဝခုနှစ် ကလိုမျိုး မဟုတ်တော့ဘူးဆိုတာကိုတော့ ခွဲခြားသုံးသပ်ဖို့တော့ လိုပါမယ်။ ဒါပေမဲ့ စစ်အာဏာရှင် ရဲ့ လုပ်ရပ်တွေကတော့ အရင် လုပ်နည်းလုပ်ဟန်အတိုင်းပဲ လုပ်သွားတယ်လို့ ပြောလို့ရတယ်။
မေး ။ ။ ဒီလို ပြောင်းလဲဖွဲ့စည်းတာနဲ့ပတ်သက်ပြီး ပြည်တွင်းမှာကော၊ ပြည်ပမှာကော ဘယ်လို သက်ရောက်မှု၊ ပြောင်းလဲမှုတွေ ဖြစ်လာနိုင်မလဲ။
ဖြေ ။ ။ ပထမ တစ်ချက် အသေအချာ ပြောလို့ရတာက နစကပဲပြောပြော အိမ်စောင့်အစိုးရပဲဆိုဆို ကြားဖြတ် အစိုးရပဲပြောပြော ပြည်သူလူထုအနေနဲ့ လက်မခံဘူးဆိုတာတော့ တထစ်ချ ပြောလို့ရတယ်။ ဒုတိယ တစ်ချက် အနေနဲ့ နိုင်ငံတကာက အသိအမှတ်ပြုမှာလား ဆိုတဲ့ အချက်ကိုလည်း အများကြီး ထည့်သွင်းစဉ်းစားရမယ့် ကိစ္စဖြစ်တယ်။ တစ်ဖက်မှာကလည်း NUG လို့ ခေါ်တဲ့ အစိုးရ စုဖွဲ့မှုမှာလည်း ရွေးကောက်ခံ အမတ်တွေလည်း ပါတယ်။ အစိုးရ စုဖွဲ့မှုတွေလည်း ပါတယ်။ ပြည်သူ ကိုယ်စားပြု ကိုယ်စားလှယ်အမတ်တွေကနေ အခြေပြု ဖွဲ့စည်းထားတဲ့ အမျိုးသားညီညွတ်ရေး အစိုးရ တစ်ရပ်လည်းရှိနေတော့ ကျနော်တို့ နိုင်ငံမှာ အစိုးရ နှစ်ရပ်ရှိနေတာက တစ်ဖက် နဲ့ တစ်ဖက် အုပ်ချုပ်ရေး ပဋိပက္ခရှိနေတာလို့တော့ ပြောလို့ရတာပေါ့။
တချို့က စင်ပြိုင်အစိုးရလို့ပဲ ပြောပြော shadow government ( နောက်ယောင်ခံ အစိုးရအဖွဲ့)လို့ပဲပြောပြော ဘယ်ဟာက စင်ပြိုင်အစိုးရ ဘယ်ဟာက shadow အစိုးရ ဖြစ်မလဲဆိုတာကတော့ သုံးသပ်ရတာ ခက်ပေမဲ့လည်း တကယ့်ပြည်သူလူထုက ထောက်ခံတဲ့ အစိုးရဆိုတော့ ကျနော်တို့က ပင်တိုင်အစိုးရသာဖြစ်ပါလိမ့်မယ်။ အခုလို ကျနော်တို့ နိုင်ငံက အစိုးရ နှစ်ရပ် ဖြစ်လာခဲ့တာကလည်း အခုမှ ထင်ထင်ရှားရှားကြီးတော့ မဟုတ်ပါဘူး။ ၂၀၀၈ ဖွဲ့စည်းပုံ အောက်ကနေ ဖော်ဆောင်တဲ့ ရွေးကောက်ပွဲကနေ ၂၀၁၅မှာ ထွက်ပေါ်လာတဲ့ NLD အစိုးရ လက်ထက်မှာတုန်းကလည်း တပ်မတော် institution အစိုးရ ပုံစံ နဲ့ သွားတာရှိသလို ပြည်သူတွေကနေ ရွေးကောက်ခံတဲ့ အစိုးရလည်း သွားတာရှိတဲ့အတွက် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေအရကိုက အစိုးရ နှစ်ရပ်ရှိနေတဲ့ သဏ္ဍာန် ရေးဆွဲထားတဲ့ ပုံစံ ဖြစ်နေတဲ့အတွက် ဒီ စစ်အာဏာသိမ်း ကာလမှာလည်းပဲ အခုနလိုမျိုး အစိုးရ နှစ်ရပ် ပုံစံနဲ့ ပြိုင်ပြီး သွားနေ ကြတယ်လို့တော့ ဒါကတော့ ပြောလို့ ရမှာဖြစ်ပါတယ်။
မေး ။ ။ ဩဂုတ် ၁ ရက်နေ့က ပြောသွားတဲ့ ကာချုပ်မင်းအောင်လှိုင်ရဲ့မိန့်ခွန်းထဲမှာ နိုင်ငံတော်အာဏာကို ၂၀၂၃ခုနှစ်၊ ဩဂုတ်လထိ ယူထားပြီးတော့ ရွေးကောက်ပွဲ ပြုလုပ်ပေးမယ်လို့ ပြောဆိုမှုအပေါ် ဘယ်လိုမြင်လဲ။
ဖြေ ။ ။ စောစောကပြောတဲ့ ကာချုပ်ကြီး မင်းအောင်လှိုင် ကနေပြီးတော့ ဒီ ၂၀၀၈ ဖွဲ့စည်းပုံ အောက်ကနေပဲ အိမ်စောင့် အစိုးရကို ဖွဲ့စည်းထားတာဖြစ်သလို ဒီ ၂၀၂၃ ဩဂုတ်လအထိ အာဏာကို ဆက်ထိန်းမယ်ဆိုတာလည်း ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံအောက်ကိုပဲ သူရည်ညွန်းထားတာဖြစ်ပါတယ်။ ကြားထဲမှာ ရွေးကောက်ပွဲ ပြန်ကျင်းပ ပေးမယ်ဆိုတာကတော့ လူထုတွေအနေနဲ့ ဒါကို အယုံအကြည်ရှိမှာ မဟုတ်ဘူး။ ဘာဖြစ်လဲဆိုတော့ သူတို့ ပြောနေတဲ့ မဲမသမာမှုကနေ အာဏာကို သိမ်းလိုက်တယ်၊ institution အားလုံးကိုလည်း ဒီရွေးကောက်ပွဲ ကော်မရှင်က အသစ်ပြုပြင် လုပ်လိုက်တယ်။ အဲ့လိုမကဘဲ အနိုင်ရ NLD ပါတီ ကိုယ်စားလှယ်တွေ အားလုံးကို ပုဒ်မ အမျိုးမျိုးတပ်ပြီး လိုက်လံဖမ်းဆီးထောင်ချတယ်။ ဒါက ၁၉၉ဝ တုန်းက ရလဒ်ပုံစံလိုက်လုပ်တဲ့ ပုံစံ ဖြစ်တဲ့အတွက် လူထုတွေအတွက်ကတော့ ဒီလိုနည်းနာတွေကို သူတို့တွေ သင်ခန်းစာရထားပြီးသား သိရှိထား ပြီးသားဖြစ်တဲ့အတွက် လာမယ့်ရွေးကောက်ပွဲ လုပ်သည်ပဲဖြစ်စေ အာဏာကို ဆက်ထိန်းသည်ပဲဖြစ်စေ လူထုက အယုံအကြည်မရှိဘူး လက်မခံဘူးဆိုရင် ဒီအာဏာသိမ်းအစိုးရပဲဖြစ်ဖြစ် အိမ်စောင့်အစိုးရပဲဖြစ်ဖြစ် ရေရှည်ခံမှာ မဟုတ်ဘူးဆိုတာတော့ ပြောလို့ရတယ်။
မေး ။ ။ တဆက်တည်းမှာပဲ ကာချုပ်မင်းအောင်လှိုင် ပြောသွားတာက တိုင်းပြည်ကို တည်ဆောက်တဲ့နေရာမှာ တိုင်းရင်းသားတွေအနေနဲ့ ဝိုင်းဝန်းပူးပေါင်းပါဝင်ဆောင်ရွက်ဖို့ တောင်းဆိုတာရယ်၊ ပြီးတော့ ငြိမ်းချမ်းရေး ဆွေးနွေးဖို့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေကို ကမ်းလှမ်းသွားတဲ့ သူ့ရဲ့ သဘောထားက ဘယ်လို သုံးသပ်မိလဲ။
ဖြေ။ ။ ဒါနဲ့ ပတ်သက်ပြီး လက်ရှိနိုင်ငံရေး အခင်းအကျင်းမှာ ကျနော် အမြဲပြောနေကျဖြစ်တဲ့ တိုင်းရင်းသား လက်နက် ကိုင်တော်လှန်ရေးအဖွဲ့မှာ သူတို့ရဲ့ Position သုံးခုရှိတယ်။ ပထမ Positionအရ တိုင်းရင်းသား လက်နက်ကိုင် တော်လှန်ရေးအဖွဲ့တွေ အနေနဲ့ တစ်ဖက်က NUG အစိုးရကို ထောက်ခံအားပေးသလို စစ်ကောင်စီနဲ့ အဆက်အသွယ်မပြတ်ဖို့ ရပ်တည်ချက် ရှင်းရှင်းပြောရရင် နှစ်ဖက်ခွဲ ရပ်တည်ချက်ပေါ့။ အဲ့ဒါကလည်း ခုနကပြောတဲ့ စစ်ကောင်စီက ၁၉၆၂ အခင်းအကျင်းပဲဖြစ်ဖြစ် ၁၉၉ဝ အခင်းအကျင်းပဲဖြစ်ဖြစ် နောက်ဆုံးတော့ အာဏာသိမ်း စစ်ကောင်စီကပဲ နိုင်ငံရဲ့ အာဏာကို ပိုင်စိုးနိုင်တာဖြစ်တဲ့အတွက်ကြောင့် နှစ်ဖက်ခွ ပေါင်းသင်းဆက်ဆံရမယ်ဆိုတဲ့ အခြေခံ စဉ်းစားချက် ရှိတယ်လို့ ယူဆလို့ရတယ်။
နောက် Position အနေနဲ့ ဒီ စစ်အာဏာရှင်တိုက်ဖျက်ရေးက ဒီကာလမှာ အကြီးမားဆုံးအခွင့်အလမ်းဖြစ်တဲ့ အတွက် NUG လို CRPH လို အဖွဲ့အစည်းကလည်းပဲ နိုင်ငံရေးရပ်တည်ချက် အပြောင်းအလဲကြောင့် သူတို့ နဲ့ ပူးပေါင်းပါဝင်ပြီးတော့မှ စစ်အာဏာရှင်ပြုတ်ကျရေးနဲ့ အမြစ်ပြတ်ဆောင်ရွက်ရမယ်ဆိုတဲ့ အဲ့ဒီ Position တစ်ခုရှိတာပေါ့။
တတိယ Position ကတော့ ပြီးခဲ့တဲ့ NLD အစိုးရလက်ထက် အခု NUG အစိုးရ CRPH အများဆုံးပါဝင်တဲ့ သူတွေပေါ့။ အဲ့တုန်းက တိုင်းရင်းသားတွေအတွက် ဘာကိုမှ မယ်မယ်ရရ နိုင်ငံရေးအရ ပြုပြင်ပြောင်းလဲမှု မရှိတဲ့အပြင် စစ်တပ်နဲ့ပဲ အမျိုးသားပြန်လည်သင့်မြတ်ရေးကို ချဉ်းကပ်ဆောင်ရွက်သွားတဲ့အတွက် NLD အစိုးရအပေါ်မှာ အယုံအကြည်မရှိဘူးဆိုတာလည်း သက်သေပြထားပြီးသားဖြစ်တယ်။ အထူးသဖြင့် သူတို့ အစိုးရလက်ထက်မှာ ဖွဲ့စည်းပုံပြင်ဆင်ရေး၊ ပြည်တွင်းငြိမ်းချမ်းရေးမှာ အထူးသဖြင့် ဖွဲ့စည်းပုံပြင်ဆင်ရေးကို မဆောင်ရွက်နိုင်တဲ့အပြင် စစ်တပ်နဲ့ ပြန်လည်နီးကပ်သွားတဲ့အပေါ်မှာ သူတို့အနေနဲ့ စောင့်ကြည့်နေတဲ့ အနေအထားမှာရှိတယ်။ ပြီးတော့ စစ်ကောင်စီဘက်ကလည်း ဒီတိုင်းရင်းသားအခွင့်အရေးကို ပေးမှာ မဟုတ်ဘူးဆိုတာ သေချာနေတဲ့အတွက်ကြောင့် အခုလို NLD နဲ့ စစ်ကောင်စီ ရဲ့ အာဏာလုတယ်လို့ပဲ ပြောပြော ဖြစ်နိုင်မယ်ဆိုရင် မပတ်သက်ဘဲနဲ့ ကိုယ့်ရဲ့ အချုပ်အခြာအာဏာ တိုင်းရင်းသားနယ်မြေကိုပဲ တိုးချဲ့ဆောင်ရွက် ရပ်တည်သွားမယ်ဆိုတဲ့ Position သုံးခုတော့ သွားမြင်တယ်။
ဒီ Position တွေ အပေါ်မှာ မူတည်ပြီးတော့ ဘယ်အဖွဲ့က ဘယ်နေရာဆိုတာကိုတော့ မပြောဆိုလိုပါဘူး။ ဒါပေမဲ့ မှန်းဆလို့ ရပါတယ်။ အထူးသဖြင့် PPST လို့ အပစ်ရပ်လက်မှတ်ရေးထိုးထားတဲ့ အဖွဲ့တွေ တော်တော်များများ ကတော့ Position တစ်ကနေ ရပ်တည်ထားပြီးတော့မှ NCA ကို မပယ်ဖျက်ဘဲနဲ့ စစ်ကောင်စီနဲ့ ဆက်သွယ်နိုင်မဲ့ လမ်းကြောင်းကို သူတို့ ချန်လှပ်ထားတဲ့အတွက်ကြောင့် ဒီလိုမျိုး NCA ပျက်လား မပျက်လားဆိုတာကို မေးခွန်းထုတ်လာတွေ ရှိတဲ့အတွက်ကြောင့် တချို့ ထောက်ပြတာတွေက NCA က ပျက်ပြယ်ပြီးဖြစ်တယ်။ စစ်အာဏာသိမ်းပြီးတဲ့အတွက် နောက်တစ်ချက်ကလည်း NCA ဆိုတာကလည်း အစိုးရရယ်၊ လွှတ်တော်ရယ်၊ စစ်တပ်ရယ် EAO တွေရယ် အဓိက ဒီ ၃ဖွဲ့က လက်မှတ်ထိုးထားတဲ့ အတွက်ကြောင့် အခုက အစိုးရလည်း မရှိတော့တဲ့အတွက်ကြောင့် အဲ့လိုမျိုးပြောဆို ထောက်ပြတာတွေလည်းရှိတော့ ဒီလို အခြေအနေမျိုးမှာ စစ်ကောင်စီအနေနဲ့ သူတို့ အိမ်စောင့်အစိုးရဆိုတာလည်း ရှိတယ်၊ တပ်မတော် အင်စတီကျူးရှင်းလည်း ရှိတယ်၊ EAO လည်း ရှိတယ်။ ဒီသုံးပွင့်ဆိုင်အနေနဲ့ NCA လမ်းကြောင်းကို အခြေခံပြီး တော့မှ နိုင်ငံရေးဆွေးနွေးပွဲ အခွင့်အလမ်းများ ရနိုင်မလားဆိုတဲ့ စဉ်းစားချက်တွေနဲ့ ဒီဟာကို စစ်ကောင်စီအနေနဲ့ အစိုးရပုံစံကို ဖွဲ့စည်းပြီး တော့မှ ဒါကို ပုံဖော်လိုက်တဲ့ သဘောမျိုးလည်း ပြောလို့ရပါတယ်။
ဘယ်လိုပဲဖြစ်ဖြစ် ဒီ ၂၀၁၅ ကနေ ဒီကနေ့အချိန်ထိ NCA လမ်းကြောင်းနဲ့ သွားတာကို ပြန်ကြည့်မယ်ဆိုရင် ဒီ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေအောက်ကနေ ကျော်လွန်လို့ မရတဲ့အတွက်ကြောင့် NCA လမ်းကြောင်းနဲ့ လက်ရှိ အိမ်စောင့် အစိုးရ နဲ့ဖြစ်ဖြစ် စစ်တပ်နဲ့ပဲဖြစ်ဖြစ် နိုင်ငံရေးဆွေးနွေးပွဲကို အရင်ပုံစံအတိုင်း သမားရိုးကျ လုပ်မယ်ဆိုရင်တော့ ဘယ်လိုမှ အလုပ်ဖြစ်မှာ မဟုတ်ဘူး။ ကျနော်တို့ လိုချင်တဲ့ ငြိမ်းချမ်းရေး နိုင်ငံရေး ပန်းတိုင်တော့ရမှာ မဟုတ်ဘူးဆိုတာကတော့ ပြီးခဲ့တဲ့ အခြေအနေတွေက သက်သေအထောက်အထားအနေနဲ့ ရှိနေတယ်ဆိုတာ တထစ်ချ ပြောလို့ရပါတယ်။
မေး ။ ။ စစ်ကောင်စီဥက္ကဌရဲ့ တောင်းဆိုချက်နဲ့ ကမ်းလှမ်းချက်တွေအပေါ်မှာ တိုင်းရင်းသားအစုအဖွဲ့တွေအနေနဲ့ ဘယ်လို သတိထား ချဉ်းကပ်သင့်သလဲ။
ဖြေ ။ ။ သူတို့ရဲ့ အာဏာဆက်ထိန်းနိုင်ဖို့အတွက်ကတော့ အကြောင်းအမျိုးမျိုးကို ရှာမယ်။ အာဏာစသိမ်း ကတည်းက အမှုသေးသေးလေးကို ဒီမဲမသမာမှုကနေ အကြောင်းပြပြီးတော့ အာဏာကို သိမ်းတာဖြစ်တယ်။ နောက်ပိုင်း ဆက်ပြီးတော့မှ အာဏာကို ဆက်ထိန်းနိုင်ဖို့ကတော့ ဒီလိုပဲ အကြောင်းအမျိုးမျိုးပြပြီးတော့ ဆက်ပြီးတော့ ဆောင်ရွက်လုပ်သွားမယ်ဆိုတာကတော့ ပြောစရာတောင် မလိုပါဘူး။ အထူးသဖြင့် ၂၀၀၈ ဖွဲ့စည်းပုံအောက်ကနေပဲ သူတို့ရဲ့ အာဏာကို ဆက်ပြီးထိန်းနိုင်ရေးကို အကြောင်းပြချက်မျိုးစုံနဲ့ ဆက်လုပ်မှာကတော့ ဒီအပေါ်မှာ ဘာမှ မျှော်လင့်စရာလည်း မရှိသလို ထူးထူးခြားခြား စဉ်းစားစရာလည်း မရှိဘူး။
မေး ။ ။ ဘာများဖြည့်စွက်ပြောချင်သေးလဲ။
ဖြေ ။ ။ နောက်ဆုံးပြောချင်တာက အခုလို ကာလအခြေအနေမှာ တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေး အဖွဲ့အစည်းတွေအနေနဲ့ သူတို့တောင်းဆိုနေတဲ့ တန်းတူရေးနဲ့ ကိုယ်ပိုင်ပြဌာန်းခွင့်ဆိုတဲ့ နေရာမှာ တိုင်းရင်းသား နယ်မြေမှာ တိုင်းရင်းသားတွေအုပ်ချုပ်တဲ့နယ်မြေကနေ ကိုယ်ပိုင်ပြဌန်းခွင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့် ကို ဖန်တီးဆောင်ရွက်ရမယ့် နိုင်ငံရေးအခွင့်အလမ်းဖြစ်တယ်။ တစ်ဖက်ကလည်း ရွေးကောက်ခံအစိုးရနဲ့အာဏာ သိမ်းအုပ်စုကြားမှာ ပြိုင်ဘက်အနေနဲ့ သွားတာဖြစ်သလို ကျနော်တို့ တိုင်းရင်းသားဘက်ကလည်း ကိုယ့်ရဲ့ နယ်မြေ ကိုယ့်ဒေသမှာတော့ အစိုးရသဖွယ် သွားထားပြီးသားဖြစ်တဲ့အတွက် အခုလိုကာလမှာတော့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းတွေအနေနဲ့ သူတို့ကိုယ်တိုင် ဂုဏ်သိက္ခာရှိရှိ ကိုယ့်ပိုင်ပြဌာန်းခွင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ကို ဖော်ဆောင်လို့ ရနိုင်မယ့် အခွင့်အလမ်းကောင်း ကာလလည်း ဖြစ်မှာပဲလို့ နောက်ဆုံး ပြောချင်ပါတယ်။