Home သတင်း ကျုံဒိုး ဂျိုင်းတံတားအနီး ရာနှင့်ချီ ယာဉ်‌ကြောပိတ်ဆို့မှုများ ဆက်လက် ရှိ‌နေ

ကျုံဒိုး ဂျိုင်းတံတားအနီး ရာနှင့်ချီ ယာဉ်‌ကြောပိတ်ဆို့မှုများ ဆက်လက် ရှိ‌နေ

3028
Photo: CJ

ဩဂုတ် ၃ ရက်၊ ၂၀၂၁ ခုနှစ်။ ‌ကေအိုင်စီ

ထိုင်း-မြန်မာ နယ်စပ်ကုန်သွယ်မှု အဓိက လမ်း‌ကြောင်း‌ပေါ်မှာရှိ‌သော ကရင်ပြည်နယ် ကျုံဒိုးမြို့ ဂျိုင်းတံတားအနီး ရာနှင့်ချီသည့် ကုန်တင်ယာဉ် ခရီးသည်ယာဉ်များဖြင့် ယာဉ်‌ကြောပိတ်ဆို့မှုများ ဆက်လက်ရှိ‌နေသည် ဟု သိရသည်။

“လက်ရှိအ‌နေအထားအရ မြဝတီ ဖားအံသို့ အသွားလမ်းမ‌ပေါ်မှာ ဂျိုင်းတံတားထိပ်မှ ‌ကော့ကရိတ်ဘက်ခြမ်း ကျုံဒိုးမီးပုံကွင်းအထိနဲ့ ဖားအံဘက်ခြမ်း ဂျိုင်းတံတားထိပ်မှ ကျားက‌လေး လမ်းခွဲအလွန်အထိ ၆ မိုင်ပတ်လည်မှာ ကုန်တင်ယာဉ်များ ခရီးဆက်၍ မရဘဲ လမ်းတစ်ခြမ်းကပ်ကာ ရပ်နားထားကြတယ်။ ကျန်လမ်းတစ်ခြမ်းကို‌တော့ ခရီးသွားယာဉ်ငယ်‌တွေကို ဖြတ်သန်းသွားလာခွင့်ပြုထား‌ပေမယ့် လမ်းအ‌ခြေအ‌နေနဲ့ ယာဉ်‌ကြော ပိတ် ဆို့မှုများ‌ကြောင့် အချိန်ကြန့်ကြာမှု များစွာ ရှိ‌နေဆဲဖြစ်တယ် ”ဟု ယ‌နေ့ ဂျိုင်းတံတားကို ဖြတ်‌ကျော်၍ မြဝတီမြို့သို့ ပြန်လာသူတစ်ဦးက ‌ပြောသည်၊

၎င်းအ‌နေဖြင့် ဩဂုတ်လ ၁ ရက်‌နေ့က မုဒုံမြို့မှ မြဝတီမြို့သို့ ပြန်လာခဲ့ရာ နံနက် ၉နာရီအချိန်ခန့်တွင် ဂျိုင်းတံတားအနီး ကားတန်းပိတ်‌နေသည့်‌နေရာသို့ ‌ရောက်ရှိပြီး ည‌နေ ၆ နာရီခန့်ထိ ‌စောင့်ဆိုင်း‌နေခဲ့‌သော်လည်း
ကားဖြတ်သန်းမရသဖြင့် မုဒုံမြို့သို့ ပြန်လှည့်ခဲ့ရ‌ကြောင်း၊ ယ‌နေ့ ဩဂုတ်လ ၃ ရက်‌နေ့တွင် နံနက် ၁ဝ နာရီခန့်က ဂျိုင်းတံတားအနီး ‌ရောက်ရှိ‌စောင့်ဆိုင်း‌နေခဲ့ပြီး မွန်းလွဲ ၁ နာရီအချိန်တွင် ဖြတ်သန်းခွင့်ရရှိခဲ့သည်ဟု ၎င်းက ဆိုသည်။

ယခုရက်ပိုင်းအတွင်း မိုးအဆက်မပြတ် ရွာသွန်းမှု‌ကြောင့် ကရင်ပြည်နယ်အတွင်းရှိ ‌သောင်ရင်းမြစ်၊ ဂျိုင်းမြစ်၊ ဇမိမြစ်၊ သံလွင်မြစ် အစရှိ‌သော မြစ်‌ချောင်းများမှာ စိုးရိမ်‌ရေအမှတ်အထက် ‌ကျော်လွန်‌နေပြီး မြဝတီမြို့၊ ကြာအင်းဆိပ်ကြီးမြို့ ဖားအံမြို့ စသည့် မြို့များရှိ မြစ်‌ချောင်းအနီးနှင့် လူ‌နေရပ်ကွက်တစ်ချို့တွင် ‌ရေကြီး‌ရေ လျှံမှုများ ဖြစ်ခဲ့သည်။

အလားတူ ဂျိုင်းမြစ်‌ရေတွင်လည်း လွန်ခဲ့သည့် ရက်သတ္တပတ်အတွင်းက ‌ရေကြီး‌ရေလျှံမှု ဖြစ်ခဲ့ပြီး ဂျိုင်းတံတားအနီး လမ်းမ‌ပေါ် ‌ရေ‌ကျော်ရာမှစကာ ယ‌နေ့အထိ ယာဉ်‌ကြော ပိတ်ဆို့မှုများ ဆက်လက် ရှိ‌နေ‌ကြောင်း သိရသည်။