Home ဆောင်းပါး အာဇာနည်‌တွေ ‌နေတဲ့ တိုင်းပြည်

အာဇာနည်‌တွေ ‌နေတဲ့ တိုင်းပြည်

3542

အာဇာနည်‌တွေ ‌နေတဲ့ တိုင်းပြည်

‌မောင်‌ကျော်စွာ

(၂၀၂၁ ခုနှစ်၊ ဩဂုတ်လ ၁ဝ ရက်)

ဖြတ်ခနဲ မြင်လွယ်ထင်လွယ်ရှိ‌အောင် ‌ပြောရရင် ‘အာဇာနည်’ ဆိုတာ ‌သေသွားပြီးတဲ့‌နောက်မှာ ကျန်သူ‌တွေက အမြင့်မားဆုံး‌သော ‌လေးစားရို‌သေမှုနဲ့ နှစ်နှစ်ကာကာ ‌ပေးအပ်တဲ့ ဘွဲ့မည်ပါ။ မ‌သေဘဲ မရနိုင်ဘူး။ ‘ရဲရင့်‌သော သူရဲ ‌ကောင်း’ ဆိုတဲ့ ဘွဲ့မည်က‌တော့ အသက်ရှင်လျက်နဲ့ ရနိုင်ပါတယ်။ ‘ရဲရင့်‌သောသူရဲ‌ကောင်း’ ဆိုတာမှာလည်း ကိုယ် လက်အဂင်္ါတစ်ခုခု ထာဝစဉ် ထိခိုက်ဆုံးရှုံးသွားရတဲ့ ‌သေရာပါ ဒဏ်ရာဒဏ်ချက်မျိုးလည်း အနည်းနဲ့အများ ပါရှိစမြဲ ဖြစ်ပါတယ်။

အစဉ်အလာဖွင့်ဆိုချက်‌တွေမှာ‌တော့ ‘အာဇာနည်’ ဆိုတာကို ပါဠိစကား “အာဇာနီယ’ ဆိုတာက‌နေ အစချီ‌လေ့ ရှိတယ်။ ‘အာ = လွန်စွာ၊ လျင်မြန်စွာ’ ၊ ‘ ဇာနီယ = သိတတ်သူ’။ သို့အတွက် “အာဇာနည် = သင့်မသင့်ကို ခဏချင်းသိ၍ ရဲရင့်စွာ ‌ဆောင်ရွက်နိုင်သူ”လို့ ဖွင့်ဆိုထားပါတယ်။ ဒါဟာ ဦးထွန်းမြင့်ရဲ့ ပါဠိသက်‌ဝေါဟာရ အဘိဓာန်က‌ပေးတဲ့ အနက် အဓိပ္ပာယ် ဖြစ်ပါတယ်။

မြန်မာစာအဖွဲ့ဦးစီးဌာနက ထုတ်‌ဝေတဲ့ မြန်မာအဘိဓာန် (ဒုတိယအကြိမ်ပြင်ဆင်ဖြည့်စွက် ပုံနှိပ်ခြင်း) ထဲမှာ ‌တော့ “အာဇာနည်၊ န – ၁၊ အ‌ကြောင်းဟုတ် မဟုတ်ကို ‌ကောင်းစွာသိ‌သောသူ။ ၂၊ သာမန်ထက် လက်ရုံးရည် နှလုံးရည် ထူးကဲသာလွန်၍ အများအကျိုးအတွက် သက်စွန့်ကြိုးပမ်း ‌ဆောင်ရွက်သူ”လို့ အဓိပ္ပာယ်ဖွင့်ဆို ‌ပေးထားပါတယ်။

ဒီ‌နေရာမှာ ‘အာဇာနည်’ ဆိုတဲ့ ‌ဝေါဟာရနဲ့ပတ်သက်ပြီး ‌ယေဘုယျဖွင့်ဆိုချက်တစ်ခုကို ပဏာမအားဖြင့် အခု လို ချထားကြည့်ကြရ‌အောင်။ “မိမိအသက်ကို စွန့်၍ အများအကျိုးအတွက် ‌ဆောင်ရွက်သူ”။

အဲဒီ‌ယေဘုယျဖွင့်ဆိုချက်နဲ့ တစ်‌ခေတ်ပြီးတစ်‌ခေတ် ‌ပြောင်းလဲ‌ရွေ့လျား‌နေတဲ့ ‌ခေတ်ကာလ သမိုင်းလက်‌တွေ့ ဖြစ်ရပ်‌တွေထဲကို လှမ်းကြည့်လိုက်‌တော့ သမိုင်း‌ခေတ်ကာလ‌တွေထဲက ‘အာဇာနည်‌တွေ’ ကို ကျ‌နော်တို့ ‌တွေ့မြင်ကြရ ပါလိမ့်မယ်။ ပ‌ဒေသရာဇ်‌ခေတ်ကာလမှာ‌တော့ ‘ဘုရင့်အာဇာနည်’‌ပေါ့။ အရှင့်အာဏာစက် (ထီးနန်းပလ္လင်)ကို သက်စွန့် ကြိုးပမ်းကာကွယ်သွားသူ။ ‘ဘုရင့်သူရဲ‌ကောင်း’ – အရှင့်အမှု‌တော်ကို ဦးလည်မသုန် ထမ်းရွက်ခဲ့သူ။ ဘာသာသာသနာ အတွက် အသက်စွန့်ကြိုးပမ်းခဲ့သူ။ နယ်သစ်ပယ်သစ်‌တွေ စူးစမ်းရှာ‌ဖွေ‌ပေးခဲ့သူ – တိုက်ခိုက်သိမ်းပိုက်‌ပေးခဲ့သူ — စသ ဖြင့်။ ဒီအတွက် ဘုရင်ကလည်း သူ့အာဇာနည်‌တွေ၊ သူရဲ‌ကောင်း‌တွေကို ဘွဲ့တံဆိပ်‌တွေ စားနယ်‌တွေ (နယ်‌မြေ အခွန် စသဖြင့် သားစဉ်‌မြေးဆက် အပိုင်စားရသူ) ချီးမြှင့်‌မြှောက်စား ‌ပေးသနား‌လေ့ရှိတယ်။ ရုပ်ထု‌တွေလည်း ထုလုပ်‌စေ တယ်။ ဒါဟာ ဂုဏ်ပြုတာလည်းဖြစ်သလို ‌နောက်လာ‌နောက်သားတို့ အတုယူစံပြု လိုက်နာကြ‌စေဖို့လည်း ရည်ရွယ် တယ်။ ‌တေးကဗျာလကင်္ာ‌တွေလည်း သီကုံး‌စေတယ်။

ကိုလိုနီကျွန်ပြုကြတဲ့ ‌ခေတ်ကာလမှာလည်း ကိုလိုနီအရှင်သခင်ကြီး‌တွေက သူတို့အတွက် ‌ဝေးလံ‌ခေါင်သီတဲ့ နယ်‌မြေ‌ဒေသ‌တွေကို တိုက်ခိုက်သိမ်းပိုက်‌ပေးကြတဲ့ တပ်မှူးတပ်သား‌တွေကို ‘ဆာဘွဲ့’ – ‘ဝိတိုရိယ ကြက်‌ခြေ’ ကဲ့သို့ ဘွဲ့တံဆိပ်‌တွေ ‌ပေးအပ်ခြင်းအပြင် သိမ်းပိုက်ထားရာနိုင်ငံနဲ့‌ဒေသ‌တွေမှာ ‘ပန်းခြံ – လမ်း – အ‌ဆောက်အအုံ‌တွေ’ကို သူတို့ အ‌ရေး‌တော်ကို အရိုး‌ကျေ‌ကျေ၊ အ‌ရေခမ်းခမ်း ထမ်းရွက်ကြတဲ့ ကိုလိုနီဗိုလ်ချုပ်‌တွေ – စစ်သား‌တွေရဲ့အမည်‌တွေ နဲ့သတ်မှတ်ပြီး အထိမ်းအမှတ်ပြုကြတယ်။ အင်ဒီးယန်းလူနီ‌တွေရဲ့ ပင်ရင်း‌ဒေသကြီးကို ရှာ‌တွေ့ခဲ့ကြတယ်ဆိုတဲ့ အ‌မေ ရိဂိုဗက်စ်ပုချီ – ကိုလံဘတ်စ် – ဗတ်စကိုဒဂါးမား – မက်ဂျဲလန် စတဲ့ သူတို့အ‌ကြောင်း‌တွေပဲဖတ်ကြည့်ရင် သိနိုင်ပါတယ်။

ဗမာပြည်ကို အုပ်စိုးသွားတဲ့ ဟိုး‌ရှေ့က ဗမာ – မွန် – ရခိုင် – ရှမ်း ပ‌ဒေသရာဇ်‌တွေနဲ့ ကိုလိုနီနယ်ချဲ့သမား‌တွေရဲ့ ‌ခေတ်ကာလမှာကြည့်ရင်လည်း အလားတူ သူ‌ကောင်းပြုမှု‌တွေကို ‌တွေ့ရမှာဖြစ်ပါတယ်။ ပ‌ဒေသရာဇ် အရှင်သခင်ရဲ့ အာဇာနည်နဲ့ သူရဲ‌ကောင်း‌တွေ၊ ကိုလိုနီအရှင်သခင်ရဲ့ အာဇာနည်နဲ့ သူရဲ‌ကောင်း‌တွေအ‌ကြောင်းကို ‌တွေ့ရဖတ်ရမှာပါ။

ဒီ‌နေရာမှာ‌တော့ ကျ‌နော်တို့အ‌နေနဲ့ အဆုံးအဖြတ်ကျတဲ့ ‌မေးခွန်းတစ်ခုကို မလွဲမ‌သွေ ‌မေးကြဖို့ရှိလာပါတယ်။ အဲဒီ‌မေးခွန်းက‌တော့ – “ဘယ်သူ့အတွက် – ဘယ်သူ့အကျိုးစီးပွားအတွက် မိမိအသက်ကို စွန့်လွှတ်သွားသူလဲ – မိမိကိုယ် ခန္ဓာ အစိတ်အပိုင်းကို စွန့်လွှတ်လိုက်ရသူလဲ” ဆိုတဲ့‌မေးခွန်းပါပဲ။ ဒီ‌မေးခွန်းဟာ “ဘယ်လိုအာဇာနည်လဲ- ဘယ်လိုသူရဲ ‌ကောင်းလဲ” ဆိုတဲ့အချက်ကို ပြတ်သားစွာ မြင်‌တွေ့နိုင်‌စေမယ့်‌မေးခွန်း ဖြစ်ပါတယ်။

ဗြိတိသျှနယ်ချဲ့သမားက ကိုလိုနီကျွန်ပြုခံထားရတဲ့ဘဝမှာ ဗြိတိသျှနယ်ချဲ့သမားကို လွတ်လပ်‌ရေးအတွက် ခုခံ တိုက်ခိုက်ရင်း အသက်စွန့် – ကိုယ်လက်အဂင်္ါစွန့်သွားကြသူ‌တွေဟာ အမျိုးသားအာဇာနည်‌တွေ၊ အမျိုးသား သူရဲ‌ကောင်း ‌တွေဖြစ်ပါတယ်။ ဖက်ဆစ်ဂျပန်‌တွေရဲ့ အကြမ်းဖက်စိုးမိုးမှုကို ခုခံ‌တော်လှန်ကြတဲသူ‌တွေဟာ ဖက်ဆစ်ဂျပန် ကင်‌ပေ တိုင် စစ်ပုလိပ်‌တွေရဲ့ ဖမ်းဆီးစစ်‌မေး နှိပ်စက်သတ်ဖြတ်မှု‌ကြောင့် ဖက်ဆစ်အကျဉ်းစခန်း‌တွေမှာ အသက်နဲ့ကိုယ်အဂင်္ါ အစိတ်အပိုင်း စွန့်သွားကြရသူ‌တွေဟာ ‌တော်လှန်‌ရေး အာဇာနည် – ‌တော်လှန်‌ရေးသူရဲ‌ကောင်း‌တွေပဲ မဟုတ်ပါလား။

နယ်ချဲ့သမား‌တွေ – ဖက်ဆစ်ဂျပန်‌တွေက‌တော့ သူတို့ကို တွန်းလှန်သူ၊ ‌တော်လှန်သူ‌တွေကို သူပုန်‌တွေ – ဓားပြ ‌တွေလို့ ‌ပြောကြ‌ရေးကြမှာပဲ‌ပေါ့။ ကြိုးစင်တင်ပြီး ကွပ်မျက်ကြမှာပဲ‌ပေါ့။ သာယာဝတီလယ်သမား သူပုန်‌ခေါင်း‌ဆောင် ကြီးဆရာစံကို ကြိုးစင်တင်ပြီး သတ်ဖြတ်ခဲ့သူဟာ အဂင်္လိပ်နယ်ချဲ့သမားပဲ မဟုတ်ပါလား။ ဆရာကြီးသခင်ကိုယ်‌တော် မှိုင်းက‌တော့ ‘ဥုံ အရဟံ သစ္စာဂတိ‌တွေနဲ့ ဂဠုန်သရဏံ ဂစာ္ဆမိကြ‌ပေ‌တော့’လို့ ချီးမွမ်း‌ထောမနာပြုခဲ့တယ်။ ဒီအချက် ဟာ ရပ်တည်ချက်နဲ့ ‌ရှေ့ရှုချက်ခြင်း အရင်းခံ ခြားနားမှုက‌နေ ‌ပေါ်ထွက်လာတဲ့ အမွှမ်းတင်မှုပဲ။ ဆရာကြီး သခင်ကိုယ် ‌တော်မှိုင်းရဲ့ရပ်တည်ချက်က ကိုလိုနီနယ်ချဲ့ဆန့်ကျင်‌ရေးဘက်မှာ ရပ်တည်ပြီး နယ်ချဲ့သမားကို လက်နက်ကိုင်ပြီး ဆန့် ကျင်တာ ‌တော်လှန်တာ မှန်ကန်တယ်၊ တရားတယ် ဆိုတဲ့ ‌ရှေ့ရှုချက်က‌နေ လာတဲ့ ‌ဖြောင့်မတ်မှန်ကန်တဲ့ အမွှမ်းတင်မှု ဖြစ်ပါတယ်။

ဒီ‌နေရာမှာ “မင်းတို့ဘက်ကြည့်‌တော့ သူရဲ‌ကောင်း – ငါတို့ဘက်က ကြည့်‌တော့ သစ္စာ‌ဖောက်”၊ “နိုင်ရင် အာဇာ နည် – ရှုံးရင်သစ္စာ‌ဖောက်” – “မင်းဘက်ကကြည့်‌တော့ လက်ဖဝါး၊ ငါ့ဖက်က ကြည့်‌တော့ လက်ဖမိုး” ဆိုတဲ့ ရပ်တည် ချက်နဲ့ ‌ရှေ့ရှုချက်ကို ‌ပျောက်ဆုံး‌နေသူ‌တွေရဲ့ ‌ဝေ‌လေ‌လေအမြင်မျိုး မဟုတ်ဘူးဆိုတာ သတိပြုကြရလိမ့်မယ်။ လက် ‌တွေ့ပြဿနာ‌တွေကို အဲဒီလို ‌ဝေ‌လေ‌လေအမြင်မျိုးနဲ့ ကြည့်‌နေရင် ကြည်လင်ပြတ်သားရှင်းလင်းတဲ့ အ‌ဖြေကို ရမှာမ ဟုတ်ဘဲ ‘ညီအစ်ကိုချင်း သတ်ဖြတ်‌နေတာဖြစ်တယ်’ ဆိုတဲ့ ရပ်တည်ချက်နဲ့ ‌ရှေ့ရှုချက် ‌ဖျောက်ဖျက်ထားတဲ့ ‌ဝေဝါး‌တွေ ‌ဝေ‌စေတဲ့ တိမ်း‌စောင်းမှုထဲကို ‌ရောက်ရှိသွားမှာဖြစ်တယ်။ ပင်မနိုင်ငံ‌ရေးပြဿနာဖြစ်တဲ့ (ဒီမိုက‌ရေစီ‌ရေး၊ တန်းတူ‌ရေးနဲ့ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ရှိ‌ရေး) ပြဿနာကို လမ်းလွှဲလိုက်သလိုလည်း ဖြစ်တယ်။

(ဖဆပလအစိုးရ) – (‌တော်လှန်‌ရေး‌ကောင်စီ) – (မဆလ) – (နဝတ -နအဖ) – (နကစ) အစရှိတဲ့ အုပ်စိုးသူ အဆက်ဆက်ကလည်း သူတို့ကို ခုခံ‌တော်လှန်သူ‌တွေကို ‘‌ရောင်စုံသူပုန်‌တွေ- ‌သောင်းကျန်းသူ‌တွေ – အကြမ်းဖက်သ မား‌တွေ’ လို့ တစ်ဖက်မှာ သရုပ်ဖျက်‌နေပြီး သူတို့အာဏာတည်မြဲမှုကို အသက်‌ပေးခဲ့ကြတဲ့ ခါးပိုက်‌ဆောင် စစ်ဗိုလ်စစ် သား‌တွေကို‌တော့ ‘‌အောင်ဆန်းသူရိယ – သူရ – သီဟ’ စတဲ့ ဘွဲ့‌တွေ‌ပေးပြီး ‌မြှောက်ပင့်ချီးမွမ်းသူ‌ကောင်းပြု‌နေတယ် မဟုတ်ပါလား။ ရုပ်ထု‌တွေ ထုပြီးလည်း ပြသထားတယ် မဟုတ်ပါလား။

နိဂုံး‌ကောက်ချက်ကို မသွား‌သေးခင် ဒီ‌နေရာမှာ အုပ်စိုးသူအဆက်ဆက်က ‌ရော‌ထွေးပြီးလုပ်‌နေတဲ့ ကိစ္စတစ်ခု ကိုလည်း သတိပြုဖို့ ကျန်ရှိ‌နေပါ‌သေးတယ်။ အဲဒါက‌တော့ ဗိုလ်ချုပ်‌အောင်ဆန်းနဲ့တကွ ကျဆုံး‌လေပြီး‌သော အာဇာနည် ‌တွေကို (၁၉၄၈ ခုနှစ် လွတ်လပ်‌ရေးရပြီး‌နောက်ပိုင်း) အုပ်စိုးသူအဆက်ဆက်ရဲ့ “အုပ်စိုးမှုအာဏာ”ကို အကာအကွယ် ‌ပေးရင်း ပြည်တွင်းစစ်ထဲမှာ ‌သေ‌ကြေဒဏ်ရာရသူ‌တွေနဲ့ ‌ရော‌ထွေးပစ်‌နေတဲ့ ကိစ္စပဲဖြစ်ပါတယ်။

ဗိုလ်ချုပ်‌အောင်ဆန်းနဲ့အတူ ကျဆုံးသွားကြရသူ‌တွေဟာ အဂင်္လိပ်ကိုလိုနီနယ်ချဲ့သမားရဲ့ ရည်ရွယ်ချက် အကြံ အစည်ကို – နယ်ချဲ့လက်ကိုင်တုတ်(အမျိုးသားသစ္စာ‌ဖောက်)ဖြစ်တဲ့ ဂဠုန်ဦး‌စောနဲ့ သူ့တပည့်တပန်းတချို့ရဲ့ လက်‌တွေ့ လုပ်ကြံသတ်ဖြတ်မှု‌ကြောင့် ‌ရေတိမ်နစ်ခဲ့ကြရတာပါ။ မူလတရားခံအစစ်က အဂင်္လိပ်ကိုလိုနီနယ်ချဲ့သမားဖြစ်ပါတယ်။

ခြွင်းချက်ထားပြီး‌ပြောရရင် ပြည်တွင်းစစ်ကာလထဲမှာသည်ပင် (KMT)ကိုမင်တန်တရုတ်ဖြူ ကျူး‌ကျော်သူ‌တွေ ကို တိုက်ခိုက်ရင်း ကျဆုံးရသူ‌တွေဆိုရင် ကျ‌နော်တို့က သက်သက်ညှာညှာ သ‌ဘောထားလို့ ရနိုင်ပါ‌သေးတယ်။

ဒီ‌တော့ ဗိုလ်ချုပ်‌အောင်ဆန်းနဲ့အတူ ကျဆုံးသွားတဲ့ (စုစု‌ပေါင်း အာဇာနည် ၉ဦး)နဲ့ ပြည်တွင်းစစ်ထဲမှာ “အုပ်စိုး သူ‌တွေရဲ့ အာဏာတည်မြဲ‌ရေးအတွက်” ‌သေ‌ကြေကြသူ‌တွေကို တစ်တန်းတည်း၊ တစ်စားတည်း သ‌ဘောထားလို့ ဘယ် လိုမှ မဖြစ်နိုင်ပါဘူး။ ဂုဏ်ဒြပ်ခြင်းဟာ အင်မတန်မှ ခြားနားပါတယ်။

၁၉၄၈ ခုနှစ် မတ်လ ၂၈ ကစပြီး ဖြစ်ပွားလာခဲ့တဲ့ (ယ‌နေ့အထိလည်း မရပ်စဲနိုင်‌သေးတဲ့ ) ပြည်တွင်းစစ်ကြီးထဲ မှာ အုပ်စိုးသူအဆက်ဆက်ကို (လက်နက်ကိုင်ခုခံ‌တော်လှန်ရင်းဖြစ်‌စေ – စစ်‌ကြော‌ရေးစခန်းမှာ – အကျဉ်း‌ထောင်‌တွေ ထဲမှာ – ကိုကိုးကျွန်းအကျဉ်းစခန်းမှာ – မြို့ပြလမ်းမ‌တွေ‌ပေါ်မှာ) ယ‌နေ့အချိန်အထိ ‌တော်လှန်ဆန့်ကျင်ရင်း ကျဆုံးသွား ကြရသူ‌တွေဟာ ဒီမိုက‌ရေစီ‌တော်လှန်‌ရေးရဲ့ အာဇာနည်‌တွေ၊ ပြည်သူ‌တွေရဲ့ အာဇာနည်‌တွေပဲဖြစ်ပါတယ်။ ဒါ‌ကြောင့် လည်း ‘အာဇာနည်‌တွေ ‌နေတဲ့တိုင်းပြည်’ လို့ သီဆိုဂုဏ်ပြုထားတယ် မဟုတ်ပါလား။

ဒါ့အပြင် လက်နက်ကိုင်‌တော်လှန်‌ရေးဆင်နွှဲခဲ့ကြတဲ့ သက်ဆိုင်ရာ တိုင်းရင်းသားလူမျိုးစု‌တွေရဲ့ ‘အာဇာနည် ‌နေ့’ သတ်မှတ်ချက်နဲ့ သမိုင်းဖြစ်ရပ်‌တွေကို ‌လေ့လာကြည့်‌တော့လည်း အဓိကအားဖြင့် အုပ်စိုးသူအဆက်ဆက်ကို ခုခံ ‌တော်လှန်ရင်း ကျဆုံးခဲ့ကြရသူ‌တွေကို ‘အထိမ်းအမှတ်’ ပြုထားတာကို အထင်အရှား သွား‌တွေ့ရပါတယ်။

ဒီ‌တော့ အဆုံးသတ်နိဂုံး‌ကောက်ချက်ကို ချကြပါစို့။
– ပထမအချက်က ဘယ်လူတန်းစား-ဘယ်လူမျိုးစုကဖြစ်ပါ‌စေ၊ အဖိနှိပ်ခံ လူမျိုး‌ပေါင်းစုံပြည်သူများဘက်က ရပ်တည်သူ – အဖိနှိပ်ခံ လူမျိုး‌ပေါင်းစုံပြည်သူများရဲ့အကျိုးစီးပွားကို အစဉ်အ‌လေးထား‌ရှေ့ရှုသူ ဖြစ်ရမယ်။

– ဒုတိယအချက်က ‘အုပ်စိုးသူ – ဘုံရန်သူ’ ကို နည်းလမ်းတစ်မျိုးမျိုးနဲ့ ခုခံ‌တော်လှန်ဆန့်ကျင်ရင်း သူ့အသက်ကို စွန့်သွား သူ ဖြစ်ရမယ်။
အဲဒီ ၂ချက်နဲ့ ပြည့်စုံသူတိုင်းကို ‘အာဇာနည်’လို့ ‌လေး‌လေးစားစား ဂုဏ်ပြု‌ခေါ်ဆိုထိုက်ပါတယ်။

အရင်းစစ်လိုက်ရင် “အကန့်အသတ်ရှိတဲ့ မိမိအသက်ကို၊ အကန့်အသတ်မရှိတဲ့ ပြည်သူ့အကျိုးစီးပွားအတွက် ရဲရဲရင့်ရင့် စွန့်လွှတ်သွားသူ‌တွေ”ကိုသာ “အာဇာနည်”လို့ ထိုက်ထိုက်တန်တန် ဂုဏ်ပြု‌ခေါ်‌ဝေါ်ကြရမှာပဲ မဟုတ်ပါ လား။