ဇူလိုင် ၂၇ ရက်၊ ၂၀၂၁ ခုနှစ်။ ကေအိုင်စီ
ထိုင်း-မြန်မာနယ်စပ် ကရင်ပြည်နယ် မြဝတီမြို့တွင် ယခုရက်ပိုင်း မိုးအဆက် မပြတ်ရွာသွန်းကာ သောင်ရင်းမြစ်ရေလျှံတက်မှုကြောင့် အိမ်ခြေ ၃၀၀ဝ ကျော် ရေဘေးဒုက္ခခံရပြီး အကူအညီများ လိုအပ်နေကြောင်း သိရသည်။
ယမန်နေ့ ညပိုင်းကစ၍ သောင်ရင်းမြစ်ရေမှာ စိုးရိမ်အမှတ် ထက်ကျော်လွန်ကာ ရေတက်နှုန်း မြန်ဆန်မှုကြောင့် သောင်ရင်းမြစ်ကမ်း အနီးရှိ လူနေအိမ်များနှင့် အနိမ့်ပိုင်း ရပ်ကွက်များတွင် အချိန်တိုအတွင်း ရေဝင်ရောက်မှုများ ရှိနေ၍ အရေးပေါ် ကယ်ဆယ်ရေး အကူအညီများ လိုအပ်လျက်ရှိခဲ့သည်။
ယနေ့ ဇူလိုင် ၂၇ ရက်နေ့ မွန်းလွဲပိုင်းထိ သောင်ရင်းမြစ်ရေသည် ဆက်လက်တိုးနေဆဲဖြစ်ပြီး ရေဝင် ရောက်မှုကြောင့် မြစ်ကမ်းအနီးရှိ သဲပုံဂိတ်၊ ကျောက်ဖျာဂိတ်၊ သဖန်းပင်ဂိတ်၊ သရက်ပင်ဂိတ်၊ ခွန်ဆာဝင်း၊ မိုးကုတ်ဂိတ်၊ ဇီးတောဂိတ်၊ ဘုရားလေးဂိတ် စသည့်နေရာများနှင့် အနိမ့်ပိုင်း လူနေရပ်ကွက်တစ်ချို့ရှိ လူနေအိမ်ခြေ ၃၀၀ဝ ကျော်ခန့်မှာ ရေဘေးဒုက္ခခံစား နေရသည်။

ထိုသို့ ရေဘေးသင့်ပြည်သူများ နေထိုင်ရန် နီးစပ်ရာ စသင်ကျောင်းများနှင့် ဘုန်းကြီးကျောင်းများတွင် ကယ်ဆယ်ရေးစခန်း ၁ဝ ခုခန့် ယာယီဖွင့်လှစ်ထားရာ ယနေ့ မွန်းလွဲ ၂ နာရီထိ လူဦးရေ ၁၅၀ဝ ကျော် လာရောက်နေထိုင်ပြီး ဟု သိရသည်။
ကိုဗစ်ရောဂါကူးစက်မှုနှုန်း မြင့်မားနေခြင်းကြောင့် ရောဂါကူးစက်မည်စိုး၍ ရေဘေးသင့် ဧရိယာရှိပြည် သူတစ်ချို့မှာ ကယ်ဆယ်ရေးစခန်းများသို့ လာရောက်သူ အလွန်နည်းပါးပြီး နီးစပ်ရာ အသိမိတ်ဆွေများထံ ပြောင်းရွှေ့နေထိုင်မှုများရှိသလို မူလနေရာတွင်ပင် နေထိုင်သူများလည်းရှိသည်ဟု ရေဘေးကယ်ဆယ်ရေး ဆောင်ရွက်နေသူ တစ်ဦးက ပြောသည်။
လက်ရှိအချိန်ထိ ရေဘေးသင့် ဧရိယာရှိ ပြည်သူများမှာ ရွှေ့ပြောင်း သွားလာရန်အတွက် အကူအညီများ လိုအပ်နေပြီး လူမှုအဖွဲ့အစည်းများမှ ကယ်ဆယ်ရေးများ ဆောင်ရွက်ပေး လျက် ရှိနေဆဲဖြစ်ကြောင်း သိရသည်။



















