Home သတင်း မြဝတီမြို့တွင် ၁ဝ ရက်အတွင်း ကိုဗစ်လူနာသစ် ၁၉၈ ဦးထိရှိပြီး ၂ ဦး ‌သေဆုံးခဲ့

မြဝတီမြို့တွင် ၁ဝ ရက်အတွင်း ကိုဗစ်လူနာသစ် ၁၉၈ ဦးထိရှိပြီး ၂ ဦး ‌သေဆုံးခဲ့

1117

ဇူလိုင် ၂ ရက်၊ ၂၀၂၁ ခုနှစ်။ ‌ကေအိုင်စီ

ကရင်ပြည်နယ် မြဝတီမြို့တွင် ၁ဝ ရက် အတွင်း Covid-19 ပိုး‌တွေ့ လူနာသစ် ၁၉၈ ဦး ထိရှိလာပြီး ၂ ဦး ‌သေဆုံးမှုရှိခဲ့‌ကြောင်း မြဝတီမြို့လူမှုကူညီ‌ရေး အသင်းအဖွဲ့များထံမှ သိရသည်။

ဇွန်လ ၂၁ ရက်မှစ၍ ဇူလိုင် ၁ ရက်‌နေ့ထိ ၁ဝရက်အတွင်း မြဝတီ‌ဆေးရုံ ‌ဆေးစစ်ချက်အရ ကိုဗစ်ပိုး‌တွေ့လူနာသစ် ၁၉၈ ဦးရှိခဲ့ပြီး ၎င်းကိုဗစ်လူနာများထဲမှ အသက် ၆၃ နှစ်အရွယ်အမျိုးသားတစ်ဦးနှင့် အသက် ၅၁ နှစ်အရွယ် အမျိုးသမီးတစ်ဦး‌သေဆုံးမှု ဖြစ်သွားခဲ့ခြင်းဖြစ်သည်။

ကိုဗစ် ပိုး‌တွေ့လူနာများသည် အသက်အငယ်ဆုံး ၂ လသားအရွယ်မှ အသက် ၇ဝ ဝန်းကျင်အထိရှိပြီး လက်ရှိတွင် မြဝတီမြို့တွင်း ရပ်ကွက် ‌နေရာအစုံမှ ‌ရောဂါပိုး‌တွေ့ရှိသကဲ့သို့ မြဝတီမြို့ အထက ၁ ‌ကျောင်း နှင့် အထက ခွဲ (၃) အပါအဝင် မြို့‌ပေါ်စာသင်‌ကျောင်း ၅ ‌ကျောင်းထက်မနည်းမှာ ကိုဗစ်ပိုး‌တွေ့လူနာများနှင့် Contact Persons များ ရှိ‌နေကြသည်။

သို့‌သော် ‌ကျောင်းများကို ပုံမှန်အတိုင်း ဖွင့်ထားခြင်း‌ကြောင့် မြို့‌နေလူထုကြား ‌ဝေဖန်မှုမြင့်တက်လျက်ရှိပြီး ယခုရက်ပိုင်းအတွင်း စာသင်‌ကျောင်းများတွင် ‌ကျောင်းတက်လာသူ ‌ကျောင်းသားဦး‌ရေ ယခင်ကထက် လွန်စွာနည်းပါးလျက်ရှိ‌ကြောင်း ‌တွေ့ရှိရသည်။

“ပညာ‌ရေးက အ‌ရေးကြီးတယ်ဆို‌ပေမယ့် ယခုလို ‌ကျောင်း‌တွေမှာ ကိုဗစ်ပိုး‌တွေ့လာတဲ့ အချိန်မှာ ကိုယ့်ရင်‌သွေးငယ်‌တွေကို အသက်နဲ့ရင်းပြီးပညာမရှာ‌စေချင်ဘူး။ mask တပ်၊ ခပ်ခွာခွာ‌နေထိုင်‌စေခြင်းဖြင့် ‌ကျောင်း‌တွေကို ဖွင့်တယ်လို့ ‌ပြော‌ပေမယ့် ခ‌လေး‌တွေအ‌နေနဲ့ ဒါ‌တွေကို လိုက်နာဖို့ မဖြစ်နိုင်ပါဘူး။ ယခုလို ကိုဗစ်ကူးစက်မှု မြင့်မားလာချိန်မှာ ‌ကျောင်း‌တွေကို ယာယီဖြစ်ဖြစ် ‌ခေတ္တပိတ် ထားပြီး ကျန်းမာ‌ရေးအတွက် ပိုမိုစိတ်ချရတဲ့ အ‌နေအထား‌ရောက် စီစဉ်နိုင်မှသာ ‌ကျောင်း‌တွေကို ပြန်လည်ဖွင့်သင့်တယ် “ဟု ‌ကျောင်းသားမိဘတစ်ဦးက ‌ပြောသည်။

အရပ်ဘက်လူမှုကူညီ‌ရေးအဖွဲ့ ဦး‌ဆောင်သူ တစ်ဦးကလည်း “မြဝတီမြို့ထဲတွင် ပိုးက‌တော်‌တော်‌လေးကို ပျံ့နှံ့‌နေတဲ့ အ‌နေအထားမှာ ရှိ‌နေပါတယ်။ ယခုလို စစ်အာဏာသိမ်းပြီး နိုင်ငံ‌ရေးမငြိမ်မသက်ဖြစ်‌နေတဲ့ ဒီ (၅)လတာ ကာလအတွင်းမှာ ကျန်းမာ‌ရေး‌စောင့်ကြည့် စစ်‌ဆေးမှု‌တွေကို အပြည့်အဝ မပြုလုပ်နိုင်တဲ့အတွက် မသိရတာပါ။ မြို့ထဲမှာ ကျန်းမာ‌ရေး စစ်‌ဆေးမှု မခံယူဘဲ ကြိတ်ကု‌နေကြတဲ့ အနံ့‌ပျောက် ဖျားနာသူ‌တွေ အများကြီး ရှိခဲ့သလို လက်ရှိမှာလည်း ရှိ‌နေဆဲပါ။ ဒါ‌တွေကို ရပ်ကွက်အလိုက် စနစ်တကျ ကာကွယ်ထိန်းချုပ်မှုအစီအစဉ်ဖြင့် ရှာ‌ဖွေ‌ဖော်ထုတ်ပြီး ကျန်းမာ‌ရေး စစ်‌ဆေးမှု‌တွေပြု လုပ်လိုက်မယ်ဆိုရင် ပိုး‌တွေ့တဲ့ လူဦး‌ရေ ဒီထက်ပိုပြီး များလာနိုင်တယ်”ဟု သုံးသပ်‌ပြောဆိုသည်။

ဗီဇမျိုးကွဲ ကူးစက်မှုမြန် ကိုဗစ်တတိယလှိုင်းတွင် မြန်မာတစ်နိုင်ငံလုံး အ‌နေအထားဖြင့် ယခုရက်ပိုင်းအတွင်း ‌နေ့စဉ် လူဦး‌ရေ ၁၅၀ဝ ဝန်းကျင်ခန့် ကူးစက်မှုရှိလာရာမှ ယမန်‌နေ့ ဇူလိုင် ၁ ရက်‌နေ့တွင် ကျန်မာ‌ရေးဗဟိုဌာန၏ ည ၈ နာရီ သတင်းထုတ်ပြန်ချက်အရ တစ်ရက်အတွင်း ကိုဗစ်လူနာသစ် ၂၀၇ဝ ဦးထိ ‌တွေ့ရှိပြီး ကူးစက်မှုနှုန်း ပိုမို များပြားလာ‌ကြောင်း သိရသည်။