Home သတင်း စစ်‌ကောင်စီ နှင့် BGF ပူး‌ပေါင်းတပ်ဖွဲ့မှ ‌ဒေသခံများ၏ ကား၊ ဆိုင်ကယ်များကို အ‌ကြောင်းမဲ့ ဖမ်းဆီးသိမ်း ဆည်း

စစ်‌ကောင်စီ နှင့် BGF ပူး‌ပေါင်းတပ်ဖွဲ့မှ ‌ဒေသခံများ၏ ကား၊ ဆိုင်ကယ်များကို အ‌ကြောင်းမဲ့ ဖမ်းဆီးသိမ်း ဆည်း

5556

ဇွန် ၂၈ ရက်၊ ၂၀၂၁ ခုနှစ်။ ‌ကေအိုင်စီ

မွန်ပြည်နယ်၊ သထုံခရိုင်၊ ဘီးလင်းမြို့နယ်၊ ‌ရွှေ‌လောင်အင်း ‌ကျေးရွာအုပ်စု ဏကြီး ‌ကျေးရွာတွင် စစ်‌ကောင်စီ နှင့် နယ်ခြား‌စောင့်တပ်(BGF) အင်အား တစ်ရာ‌ကျော်ရှိသည့် ပူး‌ပေါင်းတပ်ဖွဲ့မှ ‌ဒေသခံ‌ကျေးရွာသားများ၏ကား၊ ဆိုင် ကယ်များကို အ‌ကြောင်းမဲ့ဖမ်းဆီးသိမ်းဆည်းမှုများကို ယ‌နေ့ (ဇွန် ၂၈) ပြုလုပ်‌နေ‌ကြောင်း ‌ဒေသတွင်း သ တင်းအရင်းအမြစ်များထံမှ သိရသည်။

စစ်‌ကောင်စီ၏ အမှတ် (၁၂) စစ်ဆင်‌ရေးကွပ်ကဲမှု ဌာနချုပ် (စကခ) လက်‌အောက်ခံ ‌ခြေမြန်တပ်ရင်း(ခမရ-၅၄၉) ၊ အမှတ် (၈) စစ်ဆင်‌ရေးကွပ်ကဲမှု ဌာနချုပ် (စကခ)လက်‌အောက်ခံ ‌ခြေမြန်တပ်ရင်း(ခမရ-၄၀၂)တပ်ဖွဲ့ဝင်များနှင့် အမှတ်(၁၀၁၁) နယ်ခြား‌စောင့်(BGF)တပ်ရင်းမှ ဗိုလ်မှူး ဟင်နရီဦး‌ဆောင်သည့် တပ်ဖွဲ့ဝင်များက လမ်းများပိတ် ဆို့၍ ဖြတ်သန်းသွား လာ‌နေသည့် ကား၊ ဆိုင်ကယ်များအားလုံးကို အ‌ကြောင်းပြချက်မရှိ ဖမ်းဆီး သိမ်းဆည်း‌နေ ‌ကြောင်း အမည်မ‌ဖော်လိုသူ ‌ဒေသခံ တစ်ဦးက ယခုလို‌ပြောသည်။

“အခုက ဖုန်းလိုင်း‌တွေလည်း ပိတ်ထားတယ်။ ပြီး‌တော့ လမ်းကို သူတို့ပိတ်ထားပြီး လာသမျှကား‌တွေ ဆိုင် ကယ်‌တွေကို အကုန်ဖမ်းသိမ်းတာ။ အခုအချိန်ထိ ဆိုင်ကယ်က အစီး ၆ဝ ‌လောက်ရှိ‌နေပြီး၊ ကားက‌တော့ ၅ စီး ၆ စီး‌လောက်ရှိမယ်။ အခုက ဏကြီး စာသင်‌ကျောင်းမှာပဲ ထားတာ။ အဲ့မှာ စစ်‌ကောင်စီတပ်‌ကော၊ BGF ‌ကော ကား ဆိုင်ကယ် ပိုင်ရှင်‌တွေ‌ကော အကုန်ရှိ‌နေတယ်။ အခုလို လမ်းပိတ်မယ်ဆိုတာကိုလည်း ‌ဒေသခံ‌တွေကို ကြိုမ‌ပြော သလို ဘာ‌ကြောင့် ဖမ်းသိမ်းတာလည်း မ‌ပြောဘူး။ ဒါ‌ပေမဲ့ တစ်ခု‌ပြောတာက အခုအချိန် လမ်းကို ကား ဆိုင်ကယ်‌ပေးမသွားဘူးလို့‌ပြောတယ်။” ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

အဆိုပါ ‌ဒေသသည် ကရင်အမျိုးသားအစည်းအရုံး-KNU တပ်မဟာ (၁) နယ်‌မြေထဲတွင်ရှိ‌နေပြီး လက်ရှိတွင် ပိန္နဲ‌တောဘက်ခြမ်းရှိ လမ်းများကိုလည်း အကုန်ပိတ်ဆို့ထားပြီဖြစ်‌ကြောင်း နှင့် ယခု စစ်‌ကောင်စီတပ်ဖွဲ့ဝင်များ မှာ အသစ်‌ရောက်ရှိလာသည့် တပ်ရင်းတပ်ဖွဲ့ဝင်များဖြစ်ကာ ဗိုလ်မှူး ဟင်နရီ ဦး‌ဆောင်သည့် နယ်‌မြေခံ BGF တပ်ဖွဲ့ဝင်များနှင့် ပူး‌ပေါင်းလုပ်‌ဆောင်‌နေပြီး အင်အား ၁၈ဝ ‌ကျော်ခန့်ရှိသည်ဟု KNUဘက်က ‌ပြောသည်။

အဆိုပါ အ‌ကြောင်းမဲ့ ဖမ်းဆီးသိမ်းဆည်းမှုများ‌ကြောင့် လက်ရှိတွင် ‌ဒေသခံ‌ကျေးရွာသားများအ‌နေဖြင့် သွားလာ ‌ရေးအတွက် အဟန့်အတားဖြစ်‌စေပြီး လတ်တ‌လောတွင်လည်း ကိုဗစ်ကပ်‌ရောဂါ အ‌ကြောင်းပြ၍ လမ်းသွား လမ်းလာများကို တားမြစ်စစ်‌ဆေးရာတွင် လိုအပ်သည်ထက်ပို၍ ဖုန်းများကိုပါ ဖွင့်ယူစစ်‌ဆေးမှုများပြုလုပ် ‌နေခြင်း‌ကြောင့် KNU တပ်မဟာ (၁) တပ်ဖွဲ့ဝင်များနှင့် ပစ်ခတ်မှုများဖြစ်ပွားခဲ့‌သေးသည်ဟု သိရသည်။

အလားတူ ပြီးခဲ့သည့် ဇွန်လ ၂၆ ရက်‌နေ့တွင်လည်း ဘီးလင်းမြို့နယ်တွင် ‌ကျေးရွာတချို့မှ အမျိုးသားတချို့ကို ပြည်သူ့ ကာကွယ်‌ရေးတပ် (PDF) တပ်ဖွဲ့ဝင်များဟုဆိုကာ စစ်‌ကောင်စီဘက်မှ ဖမ်းဆီးမှုများ ပြုလုပ်‌နေ‌ကြောင်း လူမှုစာမျက်နှာများတွင် ‌ရေးသား‌ဖော်ပြမှုများရှိ‌နေပြီး ၎င်းကို သီးခြားအတည်ပြုနိုင်ခြင်းမရှိ‌သေး‌ပေ။

စစ်အာဏာသိမ်းပြီး‌နောက် KNU တပ်မဟာ (၁) နယ်‌မြေအတွင်း စစ်‌ကောင်စီ အပြင် BGF တပ်ဖွဲ့ဝင်များနှင့် KNU လက်‌အောက်ခံ တပ်ဖွဲ့များအကြား မကြာခဏ ဆိုသလို ပစ်ခတ်တိုက်ခိုက်မှုများဖြစ်ပွားလျက်ရှိသည်။ လက်ရှိ တွင်လည်း စစ်‌ကောင်စီဘက်မှ တပ်အင်အားတိုးချဲ့လာပြီး ဆက်သွယ်‌ရေး ဖုန်းလိုင်းများလည်း ဖြတ်ထားသလို လမ်းများကိုပါ ပိတ်ဆို့တားမြစ်မှုများပြုလုပ်‌နေ၍ စစ်ဆင်‌ရေးများ ပြုလုပ်လာမည်ကို စိုးရိမ်‌ကြောင်း ‌ဒေသခံများကဆိုသည်။