ဇွန်လ ၂၂ ရက်၊ ၂၀၂၁ ခုနှစ်။ ကေအိုင်စီ
KNU-ကရင်အမျိုးသားအစည်းအရုံး၊ သထုံခရိုင် (တပ်မဟာ-၁) နယ်မြေတွင် ယမန်နေ့ (ဇွန် ၂၁ရက်) နေ့က ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA)နှင့် စစ်ကောင်စီတပ်တို့အကြား တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီဘက်မှ (၈) ဦးကျဆုံးပြီး (၄) ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု သိရသည်။
KNU တပ်မဟာ (၁) နယ်မြေအတွင်း ဝင်ရောက်လှုပ်ရှားလာသည့် စစ်ကောင်စီတပ်ဖွဲ့နှင့် နယ်မြေခံ KNLA တပ် ရင်း (၁) တို့အကြား ယမန်နေ့ တကောင်ဘိုးရွာ အနီးအနားတွင် ထိပ်တိုက်တွေ့ဆုံရာမှ ထိုသို့ တိုက်ပွဲဖြစ်ပွားခဲ့ခြင်း ဖြစ်သည်ဟု KNU ဗဟိုစည်းရုံးရေးနှင့် သတင်းပြန်ကြားရေးဌာန ဒုတာဝန်ခံ ပဒိုစောကလယ်စေးက ပြောသည်။
၎င်းက ” မနေ့က(ဇွန်၂၁ ရက်) တိုက်ပွဲ ဖြစ်တယ်။ ညက ၈ နာရီလောက်မှာလည်းဖြစ်တယ်။ စစ်ကောင်စီဘက်က ၈ ယောက်ကျတယ်၊ ၄ ယောက်ဒဏ်ရာရတယ်။ သူတို့ ဘက်က လှုပ်ရှားမှုများလာပြီး ပဋိပက္ခဆက်ဖြစ်လာတဲ့ အ တွက်ကြောင့် အခုလိုတိုက်ပွဲဖြစ်တယ်။ ” ဟု ကေအိုင်စီသို့ပြောသည်။
အဆိုပါ တိုက်ပွဲကြောင့် ဒေသခံရွာသားများ၏ ထိခိုက်ဒဏ်ရာရမှုအခြေအနေကို မသိရှိရသေးကြောင်း၊ တိုက်ပွဲ ကြောင့် အနီးအနားရှိ ကျေးရွာများမှ ဒေသခံအချို့မှာ ထွက်ပြေးတိမ်းရှောင်နေကြရပြီး အချို့မှာ ၎င်းတို့၏ နေအိမ်ထဲတွင်ပင် ပုန်းအောင်းနေရကြောင်းလည်း ပဒိုစောကလယ်စေးက ဆက်ပြောသည်။
စစ်အာဏာသိမ်းပြီးနောက်တွင် ဖေဖော်ဝါရီလဆန်းပိုင်းမှစ၍ KNU သထုံခရိုင်(တပ်မဟာ ၁) နယ်မြေအတွင်း စစ်ကောင်စီနှင့်နယ်ခြားစောင့်တပ်တို့ ပူးပေါင်း၍ စစ်ရေးလှုပ်ရှားမှုနှင့် တပ်အင်အားဖြည့်တင်းမှုများ ပိုမိုလုပ်ဆောင်လာသည့်အတွက် နယ်မြေခံ KNLA တပ်ဖွဲ့နှင့် ထိတွေ့ပစ်ခတ်မှုများ မကြာ ခဏဖြစ်ပွားလျက်ရှိသည်ဟု KNU ဘက်က ပြောသည်။



















