Home သတင်း စစ်‌ကောင်စီတပ်၏ တ‌ကျော့ပြန် ‌ပေါ်တာဆွဲမှု‌ကြောင့် ‌ရွှေကျင်‌ဒေသခံများ စိုးရိမ်‌ကြောက်ရွံ့မှုဖြင့်‌နေထိုင်ရ

စစ်‌ကောင်စီတပ်၏ တ‌ကျော့ပြန် ‌ပေါ်တာဆွဲမှု‌ကြောင့် ‌ရွှေကျင်‌ဒေသခံများ စိုးရိမ်‌ကြောက်ရွံ့မှုဖြင့်‌နေထိုင်ရ

1985

ဇွန် ၂၈ ရက်၊ ၂၀၂၁ ခုနှစ်။ ‌ကေအိုင်စီ

‌ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး ထိန်းချုပ်နယ်‌မြေ ‌ညောင်‌လေးပင်ခရိုင်၊ ‌ဆောထိ(‌ရွှေကျင်)မြို့နယ် (တပ်မဟာ-၃) တွင် ‌ဒေသအတွင်းရှိ စစ်‌ကောင်စီတပ်၏ တ‌ကျော့ပြန် ‌ပေါ်တာဆွဲမှု‌ကြောင့် ‌ဒေသခံလူထုများမှာ စိုးရိမ်‌ကြောက်ရွံ့မှုများဖြင့် ‌နေထိုင်ကြရသည်ဟု သိရသည်။

‌ဒေသအတွင်းရှိ စစ်‌ကောင်စီတပ်ဖြစ်သည့် စစ်ဆင်‌ရေးကွပ်ကဲမှုဌာနချုပ်-စကခ (၁၂) လက်‌အောက်ခံ ‌ခြေမြန် တပ်ရင်း- ခမရ (၅၄၈) နှင့် စကခ(၈) လက်‌အောက်ခံ ‌ခြေမြန်တပ်ရင်း -ခမရ (၄၀၂) တို့သည် ပြီးခဲ့သည့် ဇွန်လ ၂၃ ရက်‌နေ့က ‌ဆောထိမြို့နယ် ဘ‌လောခို‌ကျေးရွာရှိ ရွာသား (၁၃)ဦးကို ‌ပေါ်တာဆွဲရန် လာ‌ရောက်ဖမ်းဆီးမှုများရှိသည့် အတွက် ‌ဒေသခံများထွက်‌ပြေးတိမ်း‌ရှောင်ခဲ့ကြရသည်ဟု အမည်မ‌ဖော်လိုသူ ‌ဒေသခံတစ်ဦးက ‌ပြောသည်။

၎င်းက “ စစ်တပ်က‌ပေါ်တာ လာဖမ်းတာဟုတ်ပါတယ်။ ပြန်‌တော့ပြန်လွှတ်‌ပေးလိုက်ပြီ။ NCA ထိုးပြီးတဲ့ ‌နောက် ပိုင်း စစ်တပ်က ဒီလို‌ပေါ်တာလာဖမ်းတာ တစ်ခါမှမရှိ‌တော့ဘူး။ ရွာထဲကိုဝင်ပြီး ဒီလို‌ပေါ်တာလာဖမ်းတာ‌တွေပြန်လုပ်‌တော့ ‌ဒေသခံ‌တွေက စိုးရိမ်ပြီး ခဏတိမ်း‌ရှောင်လိုက်တာရှိတာ‌ပေါ့။ အခု‌တော့ ရွာထဲကိုအားလုံးပြန်လာပြီ ” ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

တပ်အင်အား (၇၀)‌ကျော်ပါ စစ်‌ကောင်စီတပ်က KNU တပ်မဟာ(၅)သို့ သွား‌ရောက်ရန် ထို‌နေ့တွင် ဘ‌လောခို‌ကျေးရွာသို့ ဝင်လာ၍ ‌ဒေသခံ(၁၃)ဦးကို ‌ပေါ်တာဆွဲ‌ခေါ်သွားပြီး ထိုအထဲတွင် (၃)ဦးမှာ ထွက်‌ပြေးလွှတ်‌မြောက်သွားခဲ့‌ကြောင်း၊ ကျန်ရှိသည့် ရွာသား(၁၀)ဦးကို တပ်မဟာ(၃)နှင့် တပ်မဟာ(၁)ကြား တွင်ရှိသည့် ‌လော‌ပေါ်ထာ‌ကျေးရွာအထိ ‌ခေါ်‌ဆောင်သွားပြီး ဇွန်လ (၂၇)‌နေ့ကျမှ ပြန်လွှတ်‌ပေးခဲ့‌ကြောင်း KNU စည်းရုံး‌ရေးနှင့် သတင်းပြန်ကြား‌ရေးဌာန၏ သူး‌လေသတင်းစဉ် ‌ဖေ့ဘွတ်လူမှုကွန်ရက်စာမျက်နှာ‌ပေါ်တွင် ‌ဖော်ပြထားသည်။

စစ်‌ကောင်စီတပ်က ‌ဒေသအတွင်း ‌ပေါ်တာဆွဲ‌ခေါ်မှုများလုပ်‌ဆောင်သည့်အတွက် ဘ‌လောခို‌ကျေးရွာအုပ်စုအတွင်းရှိ ‌ကျေးရွာ‌ပေါင်း (၁၁)ရွာမှ ‌ဒေသခံတစ်‌ထောင်‌ကျော် ‌ခေတ္တထွက်‌ပြေးတိမ်း‌ရှောင်ခဲ့ရသလို အဆိုပါ ‌ဒေသခံများသည် ယခုအချိန်တွင် ၎င်းတို့‌နေအိမ်သို့ပြန်‌ရောက်‌နေကြပြီးဖြစ်‌သော်လည်း ထပ်မံ‌ပေါ်တာလာဆွဲခံရမည်ကို စိုးရိမ်‌နေကြသည်ဟု သိရှိရသည်။

စစ်အာဏာသိမ်းပြီး‌နောက်ပိုင်း KNU တပ်မဟာ(၃) ‌ဆောထိ(‌ရွှေကျင်) မြို့နယ်တွင် စစ်‌ကောင်စီတပ်ဘက်မှ ဒရုန်းနှင့် စုံစမ်း‌ထောက်လှမ်းမှုများမကြာခဏ လုပ်‌ဆောင်သည့်အပြင် ပြီးခဲ့သည့် မတ်လ(၃၀)ရက်‌နေ့တွင် ‌လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်မှုများ လုပ်‌ဆောင်ခဲ့သည့်အတွက် ‌ထောင်နှင့်ချီ‌သော ‌ဒေသခံများမှာ ‌ဘေးလွတ်ရာသို့ ထွက်‌ပြေးပုန်း‌ရှောင်ခဲ့ရသည်ဟု နယ်‌မြေခံလူမှုအဖွဲ့အစည်းများ၏ ထုတ်ပြန်ချက်များအရ သိရှိရသည်။