ဇွန် ၂၈ ရက်၊ ၂ဝ၂၁ ခုနှစ်၊ ကေအိုင်စီ
အာဏာသိမ်း စစ်ကောင်စီက ခန့်အပ်ထားသည့် မွန်ပြည်နယ်၊ ရေးမြို့နယ် နှင်းစုံရွာ အုပ်ချုပ်ရေးမှူး စောထား ဝယ်(ခ) စောဝင်းစိုးဆိုသူအား ယမန်နေ့(ဇွန် ၂၇ ရက်) ညက သေနတ်ဖြင့် ပစ်သတ်ခြင်းခံခဲ့ရသည်ဟု ဒေသခံများ ထံမှ သိရှိရသည်။
ယမန်နေ့ (ဇွန် ၂၇ ရက်) ည ၈ နာအချိန်တွင် မျက်နှာဖုံးအုပ်ထားသည့် လူနှစ်ဦးက အုပ်ချုပ်ရေးမှူးကို ကားဖြင့် လာရောက်ခေါ်ဆောင်သွားပြီးနောက် ယနေ့ နံနက်တွင် ၎င်းအားကွမ်းသီးတောရွာကြား တံတားဦးအနီး ကားလမ်းမဘေးတွင် ပြန်လည်တွေ့ရှိခဲ့သည်ဟု အမည်မဖော်လိုသူ နှင်းစုံရွာသားတစ်ဦးက ကေအိုင်စီသို့ ပြောသည်။
“ ည ၈ နာရီလောက်မှာ မျက်နှာဖုံးထားတဲ့ လူ နှစ်ယောက်က ကားနဲ့လာခေါ်သွားတယ်။ ဇွန် ၂၈ ရက်နေ့ မနက်မှ ကားလမ်းမဘေးမှာ သေနတ်ဒဏ်ရာနဲ့ သေဆုံးတာကို ပြန်တွေ့ရတယ်။ ရွာမှာ စစ်တပ်တွေရော ၊ ရဲတွေရော လာရောက်စစ်ဆေးမှုတွေလုပ်တော့ ပေါ်တာအဖမ်းခံရမှာစိုးလို့ ရွာသားတွေ တိမ်းရှောင်နေရတာတွေ ရှိတယ်” ဟု အဆိုပါ ရွာသားက ပြောသည်။
ဦးခေါင်းတွင် သေနတ်ဒဏ်ရာဖြင့် သေဆုံးခဲ့သည့် နှင်းစုံရွာ အုပ်ချုပ်ရေးမှူး စောထားဝယ်(ခ)စောဝင်းစိုးသည် စစ်တပ်အာဏာသိမ်းပြီးနောက် ကျေးရွာအုပ်ချုပ်ရေးမှူးအဖြစ် ခန့်အပ်ခံခဲ့ရသူဖြစ်သည်။
၎င်းသေဆုံးမှုဖြစ်စဉ်အပေါ် စစ်ကောင်စီလုံခြုံရေးတပ်များမှ ကျေးရွာအတွင်း လာရောက်စုံစမ်းမှုများ ပြုလုပ်လျက်ရှိပြီး လက်ရှိတွင် အုပ်ချုပ်ရေးမှူး၏ရုပ်အလောင်းအား နယ်မြေခံရဲတပ်ဖွဲ့များက လမိုင်းဆေးရုံးသို့ ယူဆောင်သွားခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။



















