အခြေခံဥပဒေ – နိုင်ငံရေးပါတီ – ရွေးကောက်ပွဲ ရလဒ်
မောင်ကျော်စွာ
(၂၀၂၁ ခုနှစ်၊ မေ ၂၂ ရက်)
တကယ်တပ်ချင်တဲ့ခေါင်းစဉ်က ‘အခြေခံဥပဒေ- နိုင်ငံပါတီ – ရွေးကောက်ပွဲရလဒ် – တန်းတူရေးနဲ့ ကိုယ်ပိုင် ပြဋ္ဌာန်းခွင့် – ဖက်ဒရယ်ပြည်ထောင်စုနဲ့ စစ်အုပ်စု’ ဆိုပြီးဖြစ်ပါတယ်။ အဲဒီလိုဆိုရင် သိပ်ကို ရှည်လျားသွားမှာ စိုးလို့ပါ။ ဒါကြောင့် ဖြတ်ပြီး အခုလို တပ်လိုက်ရတာပါ။ အတိုဆုံးနဲ့ အရှင်းလင်းဆုံးပြောရရင် ‘ပြည်တွင်းစစ်နဲ့ စစ်အုပ်စုပြဿနာ’ ကို ဖြေရှင်းရေးဖြစ်ပါတယ်။ ‘ပြည်တွင်းစစ်ပြဿနာ’ ဆိုတာ ‘ဒီမိုကရေစီ၊ တန်းတူရေးနဲ့ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ရရှိရေး’ ကို ခြုံငုံဖော်ပြချက်ဖြစ်ပါတယ်။ တန်းတူရေးနဲ့ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ရရှိရေး’ ဆိုတာဟာ ဒီကနေ့ကာလ အသုံးအနှုန်းအရ ဆိုရင်တော့ ‘ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေး’ဖြစ်ပါတယ်။ ဒီမှာလည်း “ဒီမိုကရေစီဖက်ဒရယ်”နဲ့ “ဖက်ဒ ရယ်ဒီမိုကရေစီ” ဆိုပြီး အငြင်းပွားစရာ ရှိပါသေးတယ်။ ဒီနေ့ (CRPH) နဲ့ (NUG) ရဲ့ကြေညာချက်တွေမှာတော့ “ဖက်ဒ ရယ်ဒီမိုကရေစီ”လို့ သုံးစွဲဖော်ပြနေတာကို သတိပြုမိပါတယ်။
‘ဒီမိုကရေစီ၊ တန်းတူရေးနဲ့ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ရရှိရေး’ ဆုံးရှုံးသွားရတာဟာ လွတ်လပ်ရေးသက်တမ်းနဲ့အမျှပဲ မဟုတ်ပါလား။ လွတ်လပ်ရေးနဲ့ မရှေးမနှောင်း ‘ပြည်တွင်းစစ်’ စတင်ပေါက်ကွဲခဲ့တယ်။ ဒီကနေ့အထိ မရပ်စဲနိုင်သေး ဘူး။ ပြည်တွင်းစစ်ဟာ ၁၉၄၈ ခုနှစ်ကနေ ၂၀၂၁ ခုနှစ်အထိ မရပ်မနားဖြစ်ပွားနေတာဆိုတော့ နှစ်ပေါင်း (၇၀)ကျော်ခဲ့ ပြီ။ ‘စစ်အုပ်စု’ ဟာ ပြည်တွင်းစစ်ထဲကနေ အကောင်ပေါက် – အစွယ်ထွက်လာခဲ့တာဖြစ်တယ်။
တစ်နည်းအားဖြင့် စစ်အုပ်စုအကောင်ပေါက်လာတာဟာ ‘ဒီမိုကရေစီ၊ တန်းတူရေးနဲ့ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် ရရှိ ရေး’ ဆိုတာတွေ လုံးလုံးလျားလျား ဆိတ်သုဉ်းသွားတာကို ဖော်ပြနေတာဖြစ်တယ်။ ဒါကြောင့် ၁၉၆၂ မတ်လကနေ ဒီကနေ့အထိ ကာလဟာ ဒီမိုကရေစီ၊ တန်းတူရေးနဲ့ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်တွေ လုံးလုံးလျားလျား ဆိတ်သုဉ်းသွားတဲ့ ခေတ်ကာလကြီးဖြစ်တယ်။ ဗမာပြည်အဖို့ နှစ်ပေါင်း ၆ဝ အမှောင်ခေတ်ကြီးဖြစ်တယ်။ ဒီအမှောင်ခေတ် ကာလရှည်ကြီး ထဲမှာ ပေါ်ပေါက်လာခဲ့ဖူးသမျှ ‘ အခြေခံဥပဒေ – ဆိုရှယ်လစ် – ဒီမိုကရေစီ – ရွေးကောက်ပွဲရလဒ် – ပြည်ထောင်စု (ဝါ) ဖက်ဒရယ် – နိုင်ငံရေးပါတီ’ စတာတွေဟာ ‘ဆိတ်ခေါင်းချိတ်ပြီး ခွေးသားရောင်း’တဲ့ စစ်အုပ်စုရဲ့ ပုံစံမျိုးစုံနဲ့ လိမ်ညာ လှည့်ဖြားမှုတွေသာဖြစ်တယ်။ ဒီအသုံးအနှုန်းတွေ၊ ဒီစကားလုံးတွေ – ဒီအသုံးအနှုန်း၊ ဒီစကားလုံးတွေနဲ့ ဆက်စပ်နေ တာတွေ မှန်သမျှလည်း စစ်အုပ်စုရဲ့အကျိုးစီးပွား (ဝါ) အာဏာရဲ့အောက်မှာ ‘ပေါ်ဆိုပေါ် – ပျောက်ဆိုပျောက်’ ရတဲ့ စစ် အုပ်စုရဲ့ လက်ခုပ်ထဲက ရေပမာ ဖြစ်နေပါတယ်။
မင်းအောင်လှိုင် – စိုးဝင်း အကြမ်းဖက်မိစာ္ဆစစ်အုပ်စုရဲ့ ‘ဖေဖေါ်ဝါရီ ၁ရက် အာဏာသိမ်းမှု’ က အောက်ပါ အချက် ၆ချက်ကို ဘယ်ခေတ်၊ ဘယ်ကာလထက်မဆို ပိုမိုရှင်းလင်းကြည်လင်စွာ သိရှိနားလည်သဘောပေါက်စေခဲ့ပြီ။
၁။ ‘ဒီမိုကရေစီ၊ တန်းတူရေးနဲ့ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်’ ဆိုတာ စစ်အုပ်စုက ခွင့်ပြုသလောက်ပဲ ရမယ်။
၂။ စစ်အုပ်စုက ခွင့်ပြုသလောက်သာ ‘နိုင်ငံရေးပါတီ’အဖြစ် တည်ရှိနိုင်ပြီး ခွင့်မပြုတော့နဲ့ တခါထဲ ဇီဝိန်ချုပ်စေရမယ်။
၃။ ‘နိုင်ငံရေးပါတီခေါင်းဆောင်၊ တိုင်းရင်းသားခေါင်းဆောင်’ ဆိုတာ စစ်အုပ်စုက အသိအမှတ်ပြု လက်ခံသူတွေသာ ဖြစ်စေရမယ်။
၄။ စစ်အုပ်စုက မလိုလားတဲ့ ‘ရွေးကောက်ပွဲရလဒ်နဲ့ ရွေးကောက်ပွဲကော်မရှင်’ မှန်သမျှ ဖျက်သိမ်းခြင်းခံရမယ်။
၅။ စစ်အုပ်စုက ‘ပြည်တွင်းစစ်’ကို၊ ‘တပ်မတော်’ကို ခါးပိုက်ဆောင်တပ်သဖွယ် ချုပ်ကိုင်နိုင်ရေးနဲ့ စီးပွားရေးလုပ်ငန်း တစ်ရပ်အဖြစ် ရေရှည်ထိန်းသိမ်းမွေးမြူထားတယ်။
၆။ ကာလပိုင်းအလိုက် ပေါ်ပေါက်လာတတ်တဲ့ ‘စေ့စပ်ရေးနဲ့ အပစ်အခတ်ရပ်စဲရေး’ ဆိုတာဟာ စစ်အုပ်စုရဲ့ လတ်တ လောနဲ့ ရေရှည်အကျိုးစီးပွား ထိန်းညှိရေးအခြေခံအောက်မှာ ‘တိုင်းရင်းသားလက်နက်ကိုင်အင်အားစုများအနက် တစ်ဖွဲ့ ချင်းစီ ခွဲထုတ်ပြီး ယာယီအားဖြင့် အပေးအယူလုပ်မှုဖြစ်တယ်။ အဲဒီ ‘ယာယီအပေးအယူလုပ်မှု’ဟာ ဘက်နှစ်ဖက်ပါရှိပြီး ပထမဖက်က လက်ငင်းရင်ဆိုင်နေရတဲ့ အကြပ်အတည်းကြီးကနေ စစ်အုပ်စုအတွက် အသက်ရှူပေါက် ရသွားစေဖို့ဆို တဲ့ ရည်ရွယ်ချက်နဲ့ အခြားတစ်ဖက်ကတော့ တိုင်းရင်းသားလက်နက်ကိုင်အင်အားစုများရဲ့ ဘုံစုစည်းထားမှုနဲ့ တိုင်းရင်း သားလက်နက်ကိုင် အဖွဲ့အစည်းတစ်ခုချင်းစီရဲ့ တည်ရှိမှုတွေကို တကွဲတပြားစီဖြစ်သွားအောင် သပ်ရှိုဖြိုခွဲပစ်ဖို့ ထောင် ချောက်ဆင်ထားတဲ့ ပရိယာယ်သတ်ကွင်းလည်း ဖြစ်တယ်။
နိဂုံးကောက်ချက်က လွယ်လွယ်လေးပါ။
(က) စစ်အုပ်စု တည်မြဲနေသမျှ ‘ဒီမိုကရေစီ၊ တန်းတူရေးနဲ့ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်’ ဘယ်တော့မှ မရနိုင်ပါ။
(ခ) စစ်အုပ်စုက ခွင့်ပြုထားတဲ့ ‘အခြေခံဥပဒေနဲ့ ဒီမိုကရေစီဘောင်’ ထဲမှာ စစ်မှန်သောဒီမိုကရေစီ – စစ်မှန်သော တန်းတူရေး – စစ်မှန်သော ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် ဘယ်တော့မှမရနိုင်ပါ။
(ဂ) စစ်အုပ်စု တည်မြဲနေသမျှ ‘ပြည်တွင်းစစ်’ ဘယ်တော့မှ ရပ်စဲနိုင်မည် မဟုတ်ပါ။
(ဃ) စစ်အုပ်စုတည်မြဲနေသမျှ စစ်အုပ်စုဝင်တွေသာ ချမ်းသာမြဲချမ်းသာကြွယ်ဝနေမှာဖြစ်ပြီး တိုင်းပြည်နဲ့လူထုဟာ ဆင်းရဲမွဲတေမြဲ ဆင်းရဲမွဲတေနေပါလိမ့်မယ်။
တစ်ခုတည်းသော လုပ်ငန်းစဉ်က
မင်းအောင်လှိုင် – စိုးဝင်း အကြမ်းဖက် စစ်အုပ်စု အကုန်အစင်တိုက်ဖျက်ရေးအတွက် စစ်အုပ်စုဆန့်ကျင်တဲ့ အင်အားစုမှန်သမျှ သွေးစည်းညီညွတ်ကြပြီး၊ စစ်အုပ်စုကို ပြတ်ပြတ်သားသား ချေမှုန်းပစ်ကြဖို့ပါ။ ဒီလိုမှမဟုတ်ဘဲ တစ်ဖွဲ့နဲ့တစ်ဖွဲ့၊ အင်အားစုတစ်စုနဲ့တစ်စု စကားများရန်ဖြစ်နေကြမယ်ဆိုရင် အားလုံးကို စစ်အုပ်စုက ချေမှုန်းဝါးမျိုသွား ပါလိမ့်မယ်။