မေလ ၂၉ ရက်၊ ၂၀၂၁ ခုနှစ်။ ကေအိုင်စီ
ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်၊ ကျိုက်ဒုံမြို့နယ်ခွဲရှိ အဇင်းကျေးရွာတွင် အခြေစိုက်သည့် အဇင်းရဲစခန်းမှ ရဲဝန်ထမ်းများသည် ရဲစခန်းတွင် မနေထိုင်ကြတော့ဘဲ မေလ ၂၈ ရက်နေ့က စခန်းစွန့်ခွာခဲ့ကြသည်ဟု ဒေသခံရွာသားများ၏ ပြောပြချက်အရ သိရသည်။
အမည်ဖော်လိုသူ ရွာသားတစ်ဦးက ” ကျိုက်ဒုံဖက်ကို ပြန်သွားတာ။ ၂၇(မေ) ရက်နေ့ကတည်းက မိသားစုတွေနဲ့ အချို့ပြန်သွားတယ်။ မနေ့က ထပ်ပြန်တယ်။ အပြီးပြန်တဲ့ပုံစံမျိုးတော့မတွေ့ရဘူး။ ဘာဖြစ်လဲဆိုတော့ မနေ့ကဆို တစ်ခါ ပြန်လာပြီး ထပ်ပြန်သွားတယ်။ ဒီနေ့လည်း တစ်ခါ ပြန်လာတယ်။ စခန်းထဲက ပစ္စည်းတွေကို ပြန်လာကြည့်တဲ့သဘောများလား မသိဘူး။ “ဟု ကေအိုင်စီသို့ ပြောသည်။
အဆိုပါ အဇင်းနယ်မြေရဲစခန်းတွင် စစ်ကောင်စီ၏ ရဲတပ်ဖွဲ့အင်အား ၁ဝ ဦးခန့်သာရှိပြီး ယခုလို ရဲတပ်ဖွဲ့ဝင်များ ကျိုက်ဒုံသို့ ပြန်သွားသည့်အကြောင်းအရင်းကို သေချာမသိရှိရသော်လည်း လုံခြုံရေးအခြေအနေကြောင့် ဖြစ်နိုင်သည်ဟု ယင်းရွာသားက ဆက်ပြောသည်။
ကေအဲန်ယူ – ကရင်အမျိုးသားအစည်းအရုံး ၏ ဒူးပလာယာခရိုင် နယ်မြေထဲရှိ အဇင်းကျေးရွာတွင် စစ်ကောင်စီတပ်စခန်းတစ်ခုရှိပြီး ကေအဲန်ယူတပ်ဖွဲ့အပါအဝင် နယ်ခြားစောင့်တပ်( BGF)တပ်ဖွဲ့နှင့် ဒီမိုကရေစီအကျိုးပြုကရင့်တပ်မတော်( DKBA) တို့ လှုပ်ရှားလျက်ရှိသည်။



















