မေ ၃ဝ ရက်၊ ၂ဝ၂၁ ခုနှစ်၊ ကေအိုင်စီ
ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ် ဘုရားသုံးဆူမြို့ရှိ စာသင်ကျောင်းများရှေ့တွင် ယမန်နေ့ မေလ ၂၉ ရက်နေ့ ညက ဗုံးပေါက်ကွဲမှု ဆက်တိုက်ဖြစ်ပွားခဲ့သည်ဟု မြို့ခံများထံမှ သိရသည်။
မြို့ပေါ်ရှိ အထက်တန်းစာသင်ကျောင်းရှေ့၌ မေလ ၂၉ ရက် ည ၉ နာရီကျော်အချိန်တွင် ဗုံးပေါက်ကွဲမှုကြောင့် မီးလောင်ပျက်စီးမှုအချို့ရှိပြီး ရပ်ကွက် ၁ ရှိ စာသင်ကျောင်းနှင့် ရပ်ကွက် ၃ ရှိ အထက်တန်းကျောင်းခွဲရှေ့ တွင် လည်း ဗုံးပေါက်ကွဲမှု ထပ်မံဖြစ်ပွားခဲ့သည်ဟု မြို့နေလူထုများထံမှ သိရသည်။
“မနေ့ည ၉ နာရီကျော်အချိန် စာသင်ကျောင်းရှေ့တွေမှာ ဗုံးပေါက်မှု ၃ နေရာဖြစ်တယ်။ တစ်လုံးနဲ့တစ်လုံး ပေါက်ကွဲတာ မိနစ်ပိုင်းပဲ အချိန်ခြားတာပေါ့နော်။ အိမ်တွေပါ တုန်လှုပ်သွားတယ်။ ထိုင်းဘက်အထိကြားရတယ်။ ဒီနေ့ မနက်မှာလည်း သေနတ်ပစ်ခတ်မှုရှိတယ်။ သေနတ်သံတွေ ဗုံးသံတွေကြားရတော့ စိုးရိမ်တာပေါ့ဗျာ။ လူထုထိခိုက်နိုင်တဲ့ နေရာတွေ ရှောင်စေချင်တယ်” ဟု အမည်မဖော်လိုသူ ဘုရားသုံးဆူမြို့ခံတစ်ဦးက ယနေ့မေလ ၃ဝ ရက်နေ့တွင် ကေအိုင်စီသို့ပြောသည်။
ပညာရေးဌာန၏ ညွန်ကြားချက်အရ မေလ ၂၄ ရက်မှ ၃၁ ရက်နေ့အထိ ကျောင်းအပ်နှံရေးနေ့ရက်အဖြစ် သတ်မှတ်ထားပြီး လာမည့် ဇွန်လ ၁ ရက်နေ့တွင် ကျောင်းတက်ရောက်ရမည်ဟု သတ်မှတ်ထားသော်လည်း ဘုရားသုံးဆူမြို့တွင် ကျောင်းလာရောက်အပ်နှံမှု အနည်းငယ်သာရှိသည်။ စစ်ကောင်စီမှ ဖွင့်လှစ်မည့်ပညာရေးကို အများစုက လိုလားမှုမရှိသည့်အတွက် လာရောက်အပ်နှံမှု နည်းရခြင်းဖြစ်သည်ဟု ကျောင်းသားမိဘများက ပြောသည်။
ကြာအင်းဆိပ်ကြီးမြို့နယ်တွင် စစ်ကောင်စီမှ ဖွင့်လှစ်မည့်စာသင်ကျောင်းများကို လိုလားမှုမရှိသည့်အတွက် စာသင်ကျောင်းအများစု ဖွင့်လှစ်နိုင်မှုမရှိသည့်အပြင် ပညာရေးဝန်ထမ်းအများစုမှာလည်း စစ်ကျွန်ပညာရေး အလိုမရှိသည့်အတွက် အာဏာဖီဆန်မှု (CDM)လှုပ်ရှား တွင် ပါဝင်ကြပြီး အများစုမှာ အလုပ်မှ ယာယီရပ်ဆိုင်းခံရထားကြောင်း ပညာရေးဝန်ထမ်းများထံမှ သိရသည်။



















