Home သတင်း နယ်‌မြေအတွင်း စစ်သင်တန်း‌ပေး‌နေ‌ကြောင်း စစ်‌ကောင်စီ ကန့်ကွက်‌ပြောဆိုမှုအ‌ပေါ် KNU ငြင်းဆို

နယ်‌မြေအတွင်း စစ်သင်တန်း‌ပေး‌နေ‌ကြောင်း စစ်‌ကောင်စီ ကန့်ကွက်‌ပြောဆိုမှုအ‌ပေါ် KNU ငြင်းဆို

17578

‌မေလ ၂ဝ ရက်၊ ၂၀၂၁ ခုနှစ်။ ‌ကေအိုင်စီ

KNU -ကရင်အမျိုးသားအစည်းအရုံး တပ်မဟာ နယ်‌မြေ ၃ ခုတွင် အမျိုးသားညီညွန်‌ရေး အစိုးရ (NUG)အပါအဝင် ၎င်းတို့၏ လက်‌အောက်ခံ အဖွဲ့အစည်းများကို KNU မှ စစ်သင်တန်များပို့ချ‌နေ‌ကြောင်း စစ်‌ကောင်စီ၏ ကန့်ကွက်စာ ‌ပေးပို့လာမှုနှင့်ပတ်သက်ပြီး KNU ဘက်က ငြင်းဆိုသည်။

‌မေလ ၁၈ ရက်‌နေ့ ရက်စွဲဖြင့် စစ်‌ကောင်စီမှ မတရားအသင်း ‌ကြေညာထားသည့် ပြည်‌ထောင်စု လွှတ်‌တော် ကိုယ်စားပြု‌ကော်မတီ(CRPH)၊ NUG အစိုးရ ၊ ပြည်သူ့ကာကွယ်‌ရေး တပ်မ‌တော် (PDF) နှင့် ၎င်းလက်‌အောက်ခံ အဖွဲ့အစည်းများကို KNU တပ်မဟာ (၁) ၊ တပ်မဟာ(၆) နှင့် တပ်မဟာ(၇) နယ်‌မြေများတွင် စစ်သင်တန်းများ ပို့ချခြင်းမှာ မဟုတ်မှန်‌ကြောင်း KNU ဘက်က ယခုလို ငြင်းဆိုလိုက်ခြင်းဖြစ်သည်။

KNU အတွင်း‌ရေးမှူး (၂)ပဒို ‌စောလှထွန်းက “ဒီ‌မေလ ထဲမှာ ကျ‌နော်တို့ ‌ကေအဲန်ယူက သင်တန်း‌ပေးတာ ဘာမှ မရှိပါဘူး။ ဒါ‌ပေမယ့် Youth Summer Camp လိုမျိုး၊ ပုံမှန်လုပ်‌နေတဲ့ သင်တန်း‌တော့ ရှိတာ‌ပေါ့။ အဲ့ဒါ နဲ့ သွားမှား တာလား‌ပေါ့။ ပြီး‌တော့ မခံနိုင်လို့ တပ်က‌နေ ထွက်‌ပြေးလာတဲ့ ဗိုလ်မှူးဟိန်း‌သော်ဦးက သင်တန်း‌ပေးတာကို သတင်းမှာ‌တွေ့‌နေရတာပဲ။ ဒါကို ‌ကေအဲန်ယူ ‌ပေးတယ်ဆိုပြီး သွားမှား ‌နေတာလား‌ပေါ့။” ဟု ‌ကေအိုင်စီ သို့‌ပြောသည်။

KNU ဆက်ဆံ‌ရေးရုံးမှတစ်ဆင့် ‌ပေးပို့လာသည့် ပြည်နယ်အဆင့် စစ်‌ကောင်စီ၏ ကန့်ကွက်အ‌ကြောင်း ကြားစာတွင် KNU ၏ တပ်မဟာ နယ်‌မြေ ၃ ခုတွင် စစ်သင်တန်းများပို့ချ‌ပေး‌နေ‌ကြောင်းကို ဖမ်းဆီးရမိသူ တချို့ထံမှ သိရှိရ ‌ကြောင်း ‌ဖော်ပြထားပြီး KNU အ‌နေဖြင့် NCA အပစ်ရပ် စာချုပ်၏ အခန်း(၆) ၊ စာပိုဒ်(၂၅)၊ စာပိုဒ်ခွဲ(က) စာပိုဒ်ခွဲငယ် (၄) ပါ ‌ဒေသဆိုင်ရာ တည်ငြိမ်‌အေးချမ်း‌ရေးနှင့် တရားဥပ‌ဒေ စိုးမိုး‌ရေးဆိုင်ရာ ကိစ္စရပ်များဟူ‌သော အချက်ကို ‌ဖောက်ဖျက်‌နေ‌ကြောင်း ဆိုထားသည်။

လက်ရှိတွင် စစ်အာဏာသိမ်းမှုကို လက်မခံဘဲ ငြိမ်းချမ်းစွာ ဆန္ဒ‌ဖော်ထုတ်ခဲ့ကြသူများနှင့် အာဏာဖီဆန်‌ရေး လှုပ်ရှားမှု(CDM) လုပ်‌ဆောင်သူများကို စစ်‌ကောင်စီတပ်ဖွဲ့ဝင်များမှ အကြမ်းဖက် ဖြိုခွင်းမှုများ၊ ဖမ်းဆီး အ‌ရေးယူ မှုများပြုလုပ်လာမှု‌ကြောင့် လွတ်‌မြောက်နယ်‌မြေများဖြစ်သည့် ထိုင်း-မြန်မာ၊ အိန္ဒိယ-မြန်မာနယ်စပ်များတွင် ‌သောင်းနှင့်ချီ၍ ထွက်‌ပြေး ခိုလှုံသူများရှိသလို စစ်‌ကောင်စီကို လက်နက်ကိုင်‌တော်လှန်ရန် စစ်သင်တန်းတက် ‌ရောက်သူတချို့လည်းရှိ‌နေ‌ကြောင်း သတင်းမီဒီယာများ၏ ‌ဖော်ပြချက်များတွင် ‌တွေ့ရှိရသည်။

အလားတူ အာဏာသိမ်းစစ်‌ကောင်စီကို လက်နက်ကိုင် ရင်ဆိုင်တိုက်ခိုက်ရန်ဟုဆိုကာ မန္တ‌လေးတိုင်း၊ မိတ္ထီလာ အ‌ခြေစိုက် တပ်မ ၉၉ တွင် တာဝန်ထမ်း‌ဆောင်ခဲ့ပြီး လက်ရှိ စစ်‌ကောင်စီကို အာဏာဖီဆန်‌ရေး (CDM)လုပ်‌ဆောင် ‌နေသူ ဗိုလ်မှူးဟိန်း‌သော်ဦးက ဦး‌ဆောင်၍ စစ်သင်တန်းတစ်ခုကို ပြီးခဲ့သည့် ‌မေလ ၈ ရက်‌နေ့က မြန်မာပြည်နယ်စပ် ‌ဒေသတစ်‌နေရာတွင် ဖွင့်လှစ်ပို့ချ‌နေ‌ကြောင်းကို Myanmar Now သတင်း ဌာနမှ ရုပ်သံသတင်းတင်ဆက်ထား သည်ကိုလည်း ‌တွေ့ရသည်။

အကြမ်းဖက် စစ်‌ကောင်စီကို ပြန်လည်ခုခံ ‌တော်လှန်ရန် NUG အစိုးရမှ ပြီးခဲ့သည့် ‌မေလ ၅ ရက်‌နေ့က ပြည်သူ့ ကာကွယ်‌ရေးတပ်မ‌တော် (PDF) ကို ဖွဲ့စည်း‌ကြောင်း ‌ကြေညာခဲ့ပြီး ‌မေလ ၁၇ ရက်‌နေ့ကလည်း ပြည်သူ့ ကာကွယ်‌ရေး တပ်မ‌တော်ကို စစ်တိုင်း ၅ခုဖြင့် ဖွဲ့စည်းထား‌ကြောင်းလည်း ဆက်လက် ‌ကြေညာထား‌သော်လည်း စစ်သင်တန်း ပို့ချ‌နေမှု နှင့်ပတ်သက်ပြီး တစ်စုံတစ်ရာ ‌ဖော်ပြထားခြင်းမရှိ‌ကြောင်းသိရသည်။

အလားတူ စစ်‌ကောင်စီကို ပြန်လည်ခုခံသွားမည့် ‌ဒေသအသီးသီးမှ ပြည်သူ့ ကာကွယ်‌ရေး တပ်ဖွဲ့များကို ဖွဲ့စည်း ‌ကြောင်း အသီးသီး ထုတ်ပြန်‌ကြေညာထားသလို NUG အစိုးရ၏ ပြည်သူ့ ကာကွယ်‌ရေးတပ်မ‌တော်( PDF) နှင့် ပူး‌ပေါင်းသွားမည်ဖြစ်‌ကြောင်းလည်း ယခုလအတွင်း အသီးသီးထုတ်ပြန်‌ကြေညာထား‌ကြောင်း ‌တွေ့ ရသည်။