မေလ ၃ဝ ရက်၊ ၂၀၂၁ ခုနှစ်။ ကေအိုင်စီ
KNU-ကရင်အမျိုးသားအစည်းအရုံး မူတြော်(ဖာပွန်)ခရိုင်တွင် ယမန်နေ့ မေလ ၂၉ ရက်နေ့က ကရင်အမျိုး သားလွတ်မြောက်ရေးတပ်မတော် (KNLA) တပ်မဟာ ၅ တပ်ဖွဲ့နှင့် အာဏာသိမ်း စစ်ကောင်စီ တပ်ဖွဲ့ဝင် တို့အကြား ပစ်ခတ်မှု နှစ် ကြိမ်ဖြစ်ပွားခဲ့၍ စစ်ကောင်စီတပ်ဘက်က ၄ ဦးသေဆုံးပြီး မော်တော်ကား ၂ စီး ပျက်စီးသွားခဲ့သည်ဟု KNUက သတင်းထုတ်ပြန်သည်။
ယမန်နေ့ မေလ ၂၉ ရက်နေ့တွင် ဖာပွန်သို့ ရိက္ခာ နှင့် ဆေးဝါးများကို သွားရောက်ပို့ဆောင်ပြီး ပြန်လာသည့် စစ်ကောင်စီ ကား ၁၁ စီးကို ကူးဆိပ် နှင့် မထောကြား၌ နံနက် ၇ နာရီ ၂၅မိနစ်တွင် တစ်ကြိမ်၊ မွန်းလွဲပိုင်းတွင် တစ်ကြိမ် KNLA တပ်ဖွဲ့ နှင့် ပစ်ခတ်မှုဖြစ်ပွားခဲ့ရာတွင် စစ်ကောင်စီဘက်မှ ၄ ဦးသေဆုံးပြီး ထိခိုက်ဒဏ်ရာ ရရှိသူများရှိသလို ကား ၂ စီးသည်လည်း လုံးလုံးပျက်စီးသွားခဲ့ဟု KNU ၏ ပြန်ကြားရေးဌာနက ထုတ်ပြန်ထားသည်။
ထိုပစ်ခတ်မှုများကြောင့် စစ်ကောင်စီဘက်မှ လက်ကြီးနှင့်လက်နက်ငယ်များဖြင့် ပြန်လည်ပစ်ခတ်မှု လုပ်ဆောင်ခဲ့သော်လည်း ၎င်းတို့ဘက်မှ ထိခိုက်ဒဏ်ရာရရှိသူမရှိကြောင်း KNUဘက်က ပြောသည်။

ထို့အပြင် ပြီးခဲ့သည့် မေလ ၂၈ရက်၊ မွန်းလွဲ ၂နာရီအချိန်တွင်လည်း ဖာပွန်မြို့နယ် မဲဝိုင်စခန်းရှိ စစ်ကောင်စီ ခြေလျင်တပ်ရင်း ခလရ -၉၇ က ၎င်းတို့စခန်းရှေ့ ဆိုင်ကယ်ဖြင့် ဖြတ်သွားသော စောညီညီဆိုသည့် ဒေသခံရွာသားတစ်ဦးအား ပစ်ခတ်ခဲ့သဖြင့် အဆိုပါ ရွာသားမှာ လက်နှစ်ဖက်စလုံး ကျည်ထိမှန်၍ လက်ကျိုးဒဏ်ရာရရှိခဲ့သည်ဟု သိရှိရသည်။
မဲဝိုင်စခန်းရှိ စစ်ကောင်စီတပ်ဖွဲ့သည် ပြည်သူလူထုများ၏ စားနပ်ရိက္ခာ နှင့် စည်းစိမ်ဥစ္စာများကို ခိုးယူခြင်း၊ အတင်းအဓမ္မရယူခြင်း နှင့် ကျေးရွာနှင့်လုပ်ငန်းခွင်ထဲသို့ လက်နက်ကြီးများ ပစ်ချခြင်း စသည့် လူ့အခွင့်အရေးချိုးဖောက်မှုများကို အစဉ်တစိုက် ကျူးလွန်ခဲ့သည့်အတွက် ဒေသခံပြည်သူလူထုများမှာ ကောင်းမွန်စွာသွားလာပြီး လုပ်ငန်းကိုင်ငန်းများကိုလုပ်ဆောင်နိုင်ရန် အခက်အခဲ များစွာကို ဖြစ်ပေါ်စေသည်ဟုလည်း KNU ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
KNU ၏ ထုတ်ပြန်ချက်အရ KNLA တပ်မဟာ ၅ နှင့် စစ်ကောင်စီတို့ကြားတွင် မေလအတွင်း တိုက်ပွဲပေါင်း ၁၉၃ ကြိမ်ဖြစ်ပွားခဲ့ရာတွင် စစ်ကောင်စီဘက်မှ ၁၂၈ ဦးသေဆုံးကာ ၁၈ဝ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်။ ၎င်းအပြင် တပ်ရိက္ခာပို့ဆောင်ရာတွင် အသုံးပြုသည့် မြင်း ၁၂ ကောင် သေဆုံးပြီး သယ်ပို့ယာဉ် ၉ စီးလည်းပျက်စီးခဲ့သည်ဟု ဆိုသည်။



















